Thursday, June 27, 2019

သိပ္ပံ နှင့် ဓမ္မ​ဒဿနိက (မိတ်ဆက်)


သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် (မိတ်ဆက်)
စောမင်းသိန်း (MDiv’19,MIT)



Photo- Internet



နိဒါန်း
          ကျွန်ုပ်တို့သည် သိပ္ပံနှင့် နည်းပညာ ထွန်းကားသောခေတ်ကာလတွင် အသက်ရှင်သန် နေထိုင်ကြသူများ   ဖြစ်ကြသည်။ ကျွန်ုပ်တို့ ၏ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရာတွင်လည်း သိပ္ပံနှင့် နည်းပညာ၏ လွှမ်းမိုး မှုအောက်တွင် ရုန်းကန်လှုပ်ရှားနေရသဖြင့် တနည်းအားဖြင့် ကျွန်ုပ်တို့ ကို သိပ္ပံနှင့် နည်းပညာရေခံမြေခံတွင် နေထိုင်ကြ သူများဟုဆိုနိုင်ပါသည်။ တစ်ဖက်တွင်လည်း ကျွန်ုပ်တို့ သည် ဘာသာရေးနှင့် သက်ဆိုင်သော လူသားများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာ ရုန်းကန်လှုပ်ရှားမှုများ၌ ဘာသာရေး အဆုံးအမများ၏ မောင်းနှင်မှုသည် အဓိက အခန်း ကဏ္ဍ၌ ပါဝင်လျက်ရှိပါသည်။ ထို့ ကြောင့် ကျွန်ုပ်တို့ သည် သိပ္ပံ နှင့် ကင်းကွာ၍ မရနိုင်သကဲ့သို ဘာသာတရား နှင့် လည်း ကင်းကွာ၍ မရနိုင်ပေ။
            ခရစ်ယာန်များအဖို့ သိပ္ပံရေခံမြေခံတွင် ဘုရားသခင်ကို ပိုမိုနားလည်သိကျွမ်းမှသာလျှင်၊ ဘုရားသခင်နှင့် စကြာင်္ဝဠာအကြား ဆက်နွယ်မှုကို ပိုမိုနားလည်သိကျွမ်းမှသာလျှင် သိပ္ပံခေတ်နှင့် လိုက်လျောညီထွေမှုရှိသော  ဘုရားသခင် ကယ်တင်ခြင်း သိတင်းစကားကို နက်ရှိုင်းစွာ ခံယူလျက်၊ ထိရောက်စွာ ဝေမျှသက်သေခံနိုင်မည်ဖြစ်သည်။ ထို့ ကြောင့် သိပ္ပံရေခံမြေခံ နှင့် ဆီလျော်သော ဓမ္မအတွေးအခေါ်များ ခရစ်ယာန်လူမှုအသိုင်းအ၀န်းတွင် ထွန်းကားလာနိုင်ရန်လည်း လိုအပ်လျက်ရှိပါသည်။
            ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ မြန်မာ့ ခရစ်ယာန်လူမှုအသိုင်းအ၀န်းတွင် သိပ္ပံရေခံမြေခံ နှင့် ဆီလျော်သော ဓမ္မအတွေးအခေါ်များ ပေါ်ထွန်းလာနိုင်ရေးအတွက်၊ ကမ္ဘာ့ သမိုင်း တောက်လျှောက်တွင်  သိပ္ပံ နှင့် ခရစ်ယာန် ဓမ္မဒသနိက အပြန်အလှန်ထိတွေ့ ပုံများကို သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် မိတ်ဆက် စာစုအနေဖြင့် စာဖတ်သူများကို ဝေမျှသွားလိုခြင်း ဖြစ် ပါသည်။ ဤဆောင်းပါးတွင် အပိုင်း () ပိုင်း ပါရှိမည်ဖြစ်ပါသည်။ ပထမ တစ်ပိုင်းအနေဖြင့်  သမိုင်း တလျှောက်  သိပ္ပံ နှင့် ခရစ်ယာန် ဓမ္မဒသနိက အပြန်အလှန်ထိတွေ့ မှု ပုံစံလေးမျိုးကို မိတ်ဆက်တင်ပြဆွေးနွေးသွားမည် ဖြစ်ပါသည်။ ဒုတိယအပိုင်း အနေဖြင့် ထို အပြန်အလှန်ထိတွေ့ မှု ပုံစံလေးမျိုး သည် အဘယ်ကြောင့် သိပ္ပံပညာ တစ်ဟုန်ထိုး တိုးတက်လာသည့်အချိန်တွင်မှ ထွက်ပေါ်လာရသနည်း ဟူသော မေးခွန်းကို ရှင်းလင်းသွားမည်ဖြစ်ပါသည်။
            ဤသို့ သိပ္ပံနှင့်ဓမ္မအတွေးအခေါ် အပြန်အလှန် ဆက်နွယ်မှုများကို သိရှိနားလည်ခြင်းဖြင့် ကျွန်ုပ်တို့ လူမှု ၀န်းကျင်တွင် သိပ္ပံ နှင့် ဓမ္မယုံကြည်မှုကို အပြန်အလှန် ဖြည့်စွက်တည်ဆောက်ရင်း သိပ္ပံခေတ်တွင် ဘုရားသခင်ကို ပိုမို နက်ရှိုင်းစွာ ယုံကြည် နားလည်လာနိုင်မည်လည်း ဖြစ်ပါသည်။

၁။ အပြန်အလှန်ထိတွေ့မှု ပုံစံလေးမျိုး
            ထင်ရှားသော သိပ္ပံ နှင့် ခရစ်ယာန် ဓမ္မဒသနိက ပညာရှင် အီယန်၊ ဂျေ၊ ဘာဘာ ( Ian G. Barbour ) အဆို အရ သိပ္ပံ နှင့် ဓမ္မအတွေးအခေါ်သည် သမိုင်း တောက်လျှောက်တွင် ထိတွေ့မှု ပုံစံ လေးမျိုး  ဖြင့် ထိတွေ့ခဲ့ကြောင်း ဆိုပါသည်။ သိပ္ပံပညာ တစ်ခေတ်ဆန်း ထွန်းကားလာသည့် အေဒီ ၁၆ ရာစု မှစ၍  ထိတွေ့မှု ပုံစံ အမြင် လေးမျိုး ဖြင့် ထိတွေ့ခဲ့ကြောင်း အဆိုပါ ပညာရှင်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ထိတွေ့မှု ပုံစံ အမြင် လေးမျိုးမှာ () ပဋ္ဋိပက္ခအသွင် ထိတွေ့မှု ( Conflict ) () သီးခြားဖြစ်တည်မှုအမြင်ဖြင့် ထိတွေ့မှု ( Independence ) () ဒိုင်ယာလော့အမြင်ဖြင့် ထိတွေ့မှု  ( Dialogue ) နှင့် () နှစ်ဖက်အမြင်များကို စုစည်းပြီး ပိုမိုကောင်းမွန်စေခြင်း အမြင်ဖြင့် ထိတွေ့မှု (Integration) ဟူ၍ ဖြစ်ပါသည်။ အမြင် တစ်ခုချင်းဆီကို ဆက်လက်တင်ပြဆွေးနွေးသွားမည် ဖြစ်ပါသည်။
 
(.) ပဋ္ဋိပက္ခအသွင် ထိတွေ့မှု (Conflict )
        သမိုင်း တောက်လျှောက်တွင် သိပ္ပံ နှင့် ဓမ္မအတွေးအခေါ်သည် ပဋ္ဋိပက္ခအသွင်ဖြင့် ထိတွေ့ခဲ့ကြပါသည်။ ပိုမိုမြင်သာစေရန်  ဥပမာ နှစ်ခုဖြင့် တင်ပြဆွေးနွေး သွားမည် ဖြစ်ပါသည်။ ၄င်းတို့မှာ ဂယ်လီလီယို၏ ခုံရုံး ဥပမာနှင့် ဒါဝင်၏ ဆင့်ကဲဖြစ်စဉ် ဥပမာတို့ ဖြစ်ပါသည်။

ဂယ်လီလီယို ဥပမာ
          အီတလီလူမျိုး ဂယ်လီလီယို ဂယ်လီလီ (Galileo Galilei ) သည် ကမ္ဘာကြီးသည် နေကို ဗဟိုပြု၍  လှည့်ပတ်နေသည် ဟုဆိုသော ကိုပါနီးယန်း သီအိုရီ (Copernian Theory) ကို ထောက်ခံသဖြင့် အေဒီ ၁၆၃၃ တွင်   ခရစ်ယာန်ကျောင်းတော်က ရုံးတင်စစ်ဆေးခြင်း ခံရသူဖြစ်သည်။ ကိုပါနီးယန်း သီအိုရီ ဆိုသည်မှာ ဘုဉ်းတော်ကြီး တစ်ဖြစ်လည်း နက္ခတ်တာရာ ပညာရှင် ပိုလန်လူမျိုး ကိုပါးနီးကပ်စ် ( Nicolas Copernicus) က ၁၅၄၃ ခုနှစ်တွင် ရှာဖွေဖော်ထုတ်ခဲ့သော နေကိုဗဟိုပြု (Heliocentric)  စနစ်တစ်ခုဖြစ်သည်။  ကိုပါနီးယန်းစနစ် ကို မတင်ပြခင်အထိ အီဂျစ်လူမျိုး တိုလမီ ( Ptolamy) ကမ္ဘာကြီးသည် စကြာင်္ဝဠာကြီး၏ ဗဟိုဖြစ်သည် နေသည် ကမ္ဘာကို ဗဟိုပြု၍  လှည့်ပတ်နေသည် ဟူသော အမြင်ကို လက်ကိုင်ထားကြသည်။ ဂယ်လီလီယိုသည် တိုလမစ်စနစ်ကိုဆန့်ကျင်၍  ကိုပါနီးယန်း သီအိုရီိကို ထောက်ခံသဖြင့် ရုံးတော်တွင် စွပ်စွဲချက်များစွာ ရင်ဆိုင်ခဲ့ရပါသည်။ ဂယ်လီလီယိုအတွက် အကြီးမားဆုံးစွပ်စွဲချက်မှာ သမ္မာကျမ်းစာ၏ အခွင့်အာဏာကို ဆန့်ကျင်ဖီလာသည် ဟူသော စွပ်စွဲချက်ဖြစ်သည်။
            သမ္မာကျမ်းစာ၏ တချို့နေရာများတွင် ကမ္ဘာကြီးသည် စင်္ကြာဝဠာကြီး၏ ဗဟိုဖြစ်သည်ဟု ယူဆနိုင်သော အရေးအသားမျိုးကို တွေ့နိုင်ပါသည်။ ဆာလံကျမ်း ၅၀း၁၊ ယောရှု ၁၀း၁၃၊ ဟေရှာယ ၃၈း၈၊ မာလခိ ၄း၂ အစရှိသော ကျမ်းပိုဒ်များ၏ ဆိုလိုရင်းအနက်အဓိပ္ပာယ်ကို  သေချာစွာမသိရှိဘဲ စာလုံးအတိုင်း လုံးကောက် ဖတ်ရှုမည်ဆိုပါက ကမ္ဘာကြီးသည် စင်္ကြာဝဠာကြီး၏ ဗဟိုဖြစ်ကြောင်းယူဆနိုင်စရာပင် ဖြစ်ပါသည်။ ဂယ်လီလီယို၏ ကိုပါနီးယန်း သီအိုရီကို ထောက်ခံမှုသည် သမ္မာကျမ်းစာ၏ အခွင့်အာဏာကို ဆန့်ကျင်ဖီလာစော်ကားသည် ဟူသော စွပ်စွဲချက်အပြင် အသင်းတော်၏ အခွင့်အာဏာကိုပါ ထိပါးသည်ဟု ယူဆသည်အထိ ပြင်းထန်ခဲ့ပါသည်။
             သမ္မာကျမ်းစာကို ဤ၊ သည် မရွေး စာလုံးအတိုင်း လုံးကောက်မဖတ်ဘဲ အမြင်အမျိုးမျိုးဖြင့် ဖတ်ရှုလာခဲ့သည်မှာ ဂယ်လီလီယိုခေတ်မတိုင်ခင် ရာစုနှစ်ပေါင်းများစွာကပင်ဖြစ်သည်။  အေဒီ () ရာစုတွင် အသင်းတော်ဖခင်ကြီး စိန့်သြဂတ်စတင်း မှ သမ္မာကျမ်းစာကို လုံးကောက်မဖတ်သင့်ဘဲ ရူပအလင်္ကာမြောက်စွာ ဖတ်သင့်ကြောင်း ဆိုခဲ့ပါသည်။ ဂယ်လီလီယို၏ ခုံရုံးတွင် ချေပချက်မှာကျွန်ုပ်တို့တွင် သင်ယူစရာ နှစ်ခုရှိပါသည်။ ပထမတစ်ခုမှာ သမ္မာကျမ်းစာမှ  ဖြစ်ပါသည်။ နောက်တစ်ခုမှာ သဘာဝတရားကြီးထံမှဖြစ်ပါသည်။ နှုစ်ခုစလုံးသည် ဘုရားသခင်သနားခြင်း     ဆုကျေးဇူး ကြောင့် ပေးသနားတော်မူသော တန်ဖိုးရှိ အရာများဖြစ်၍ တစ်ခုနှင့် တစ်ခု ပဋ္ဋိပက္ခဖြစ်စရာမလိုပေဟူ၍ဖြစ်ပါသည်။ အချို့သော ဘုဉ်းတော်ကြီးများသည် ဂယ်လီလီယို၏ အမြင်ကို လက်ခံကြသော်လည်း အဆုံးတွင် သမ္မာကျမ်းစာ၏ အခွင့်အာဏာနှင့် အသင်းတော်၏ အခွင့်အာဏာကို လွန်ကျူးစော်ကားသည်ဟု ကျောင်းတော်က ယူဆသဖြင့် အဆုံးစီရင်ခြင်းကို  ခံခဲ့ရပါသည်။

ဒါဝင်၏ ဆင့်ကဲဖြစ်စဉ် ဥပမာ
            သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် အကြား ပဋ္ဋိပက္ခအသွင်ဖြင့်ထိတွေ့မှု ဒုတိယ ဥပမာတစ်ခုမှာ ချားလ်ဒါဝင် (Charles Darwin ) ဆင့်ကဲဖြစ်စဉ် သီအိုရီ ( Theory of Evolution ) ဖြစ်ပါသည်။ အေဒီ ၁၉ ရာစုတွင် အင်္ဂလိပ်လူမျိုး ဒါဝင် က သဘာဝတရားကြီး၏ ရွေးချယ်မှုဖြင့် ဆင့်ကဲဖြစ်စဉ် (Theory of Evolution by Natural Selection) ဖြစ်ပေါ်လာပုံကို သုတေသနပြုလုပ်၍ တင်ပြခဲ့ပါသည်။ အဆိုပါ ဆင့်ကဲဖြစ်စဉ်၏ နောက်ဆက်တွဲ ဂယက်သည် သိပ္ပံပညာရှင်များ နှင့် ဓမ္မအတွေးအခေါ်ပညာရှင်များ အကြား လှုပ်ခတ်သွားခဲ့ပြီး သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် နယ်ပယ် အကြား ပဋ္ဋိပက္ခအသွင် ထိတွေ့မှု ကျယ်လောင်ခဲ့ရပါသည်။   
            ခရစ်ယာန် ဓမ္မဒသနိက နယ်ပယ်ကို အကြောင်းအရာ အချက် () ချက်ဖြင့်  စိန်ခေါ်လိုက်သကဲ့သို့ ရိုက်ခတ်ခဲ့ ပါသည်။ ထို အချက် () ချက်မှာ……
# သမ္မာကျမ်းစာကို ဤ၊ သည် မရွေး စာလုံးအတိုင်း လုံးကောက် ဖတ်ခြင်းကို စိန်ခေါ်ခြင်း (A Challenge to Biblical Literalism)
# လူသားဂုဏ်သိက္ခာကို စိန်ခေါ်ခြင်း (A Challenge to Human Dignity)
# ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာ ဒီဇိုင်းကို စိန်ခေါ်ခြင်း (A Challenge to Design) စသည်တို့ ဖြစ်ပါသည်။


သမ္မာကျမ်းစာကို ဤ၊ သည် မရွေး စာလုံးအတိုင်း လုံးကောက် ဖတ်ခြင်းကို စိန်ခေါ်ခြင်း (A Challenge to Biblical Literalism)
          ဒါဝင်၏ ကမ္ဘာကြီးသည် အချိန်ကာလပေါင်းများစွာ တဖြည်းဖြည်းဆင့်ကဲဖြစ်လာသည် ဟူသော အဆိုသည် သမ္မာကျမ်းစာ၏ ရက်ပေါင်း () ရက်ဖြင့် ကမ္ဘာကြီးသည် ဖြစ်ပေါ်လာသည် ဟူသော တိကျသော လုံးကောက် နားလည်မှုဖြင့် ဖန်ဆင်းခြင်း အကြောင်းအရာကို နားလည်ခြင်းကို တိုက်ရိုက်ထိုးနှက်လာသကဲ့သို့ ဖြစ်လာပါသည်။ ဒါဝင်၏ ခေတ်ကာလတွင် သမ္မာကျမ်းစာကို ဤ၊ သည် မရွေး စာလုံးအတိုင်း လုံးကောက်အဓိပ္ပာယ်ဖွင့် လက်ခံသူများက ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်ကို လုံးဝ (လုံးဝ) လက်မခံကြပေ။ သို့ရာတွင် ထိုခေတ်အချိန်ကာလက သမ္မာကျမ်းစာကို စာပေရေး သားထားသည့်အတိုင်း ဤ၊ သည် မရွေး လုံးကောက် မဖတ်ဘဲ၊ သမ္မာကျမ်းစာတွင် ဖော်ပြထားသော စာပေအရေးအသား နောက်ကွယ်တွင် ရှိနေသည့် သတင်းစကား ( Message ) ကို အလေးထားဖတ်သူ ခရစ်ယာန်များသည် ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်ကို ခါးခါးသီးသီး မငြင်းဆန်ခဲ့ကြပေ။ အခြားတစ်ဖက်တွင်လည်း လွတ်လပ်စွာ စဉ်းစားတွေးခေါ်တတ်သော လစ်ဘရယ် (Liberal) ခရစ်ယာန်များသည် ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်ကို သမိုင်းဆိုင်ရာ သိပ္ပံ တိုးတက်မှု အဖြစ် အပေါင်းလက္ခဏာဆောင် ကြိုဆိုကြပေသည်။ လစ်ဘရယ် ခရစ်ယာန်များသည် ဆင့်ပွားဖြစ်ပေါ်လာမှုကို ဘုရားသခင်၏ ဖန်ဆင်းခြင်း နည်းလမ်းတစ်ရပ် အဖြစ်ရှုမြင်လာကြပေသည်။ သို့ရာတွင် သမ္မာကျမ်းစာကို ဤ၊ သည် မရွေး စာလုံးအတိုင်း လုံးကောက်အဓိပ္ပာယ်ဖွင့် လက်ခံသူများက ဒါဝင်၏ ဆင့်ကဲဖြစ်စဉ် သည် သိပ္ပံ နှင့် ခရစ်ယာန်ယုံကြည်မှု အကြား ပဋ္ဋိပက္ခဖြစ်စေရန် ပေါ်ထွန်းလာသည့် လူသား၏ တီထွင်မှုအဖြစ် ရှုမြင်ကြပါသည်။
 
လူသားဂုဏ်သိက္ခာကို စိန်ခေါ်ခြင်း (A Challenge to Human Dignity )    
          နောက်ထပ်စိန်ခေါ်မှုတစ်ရပ်မှာ လူသား၏ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာပင်ဖြစ်ပါသည်။ အစဉ်အလာ ရှေးရိုးစွဲ ဓမ္မ တွေးခေါ်မှုတွင် လူသားသည် အခြားဖန်ဆင်းခံ သက်ရှိ၊ သက်မဲ့များထက် တစ်မူထူခြား မြင့်မြတ်သည်ဟု နားလည် လက်ခံ ကြပါသည်။ ၀ိဥာဏ်၊ ဆင်ခြင်တုံတရား၊ စာရိတ္တပိုင်းဆိုင်ရာ နားလည်နိုင်စွမ်း အစရှိသည်တို့မှာ လူသားတွင်သာ ရှိသဖြင့် လူသားသည် မိမိ ကိုယ်ကို အမြင့်ဆုံး ဖန်ဆင်းခံ သတ္တ၀ါ အဖြစ် ယူဆခဲ့ကြပါသည်။ သို့ရာတွင် ဆင့်ကဲဖြစ်စဉ် အယူအဆအရ လူသားသည် သဘာဝတရားကြီး၏ အမြင့်ဆုံး အရှင်သခင် မဟုတ်ဘဲ၊ သဘာဝတရားကြီး၏ အစိတ်အပိုင်း တစ်ခုအဖြစ်သာ ဖြစ်ပါသည်။ လူသားနှင့် တိရ စ္ဆာန်တို့၏ တူညီသော စိတ်နေစိတ်ထား၊ အပြုအမူ၊ အနေအထိုင်တို့ကို ဆင့်ကဲဖြစ်စဉ်က ထောက်ပြလာသောအခါ သိပ္ပံပညာ၏ တိုးတက်မှုသည် ဓမ္မဒသနိက နယ်ပယ်တွင် ပဋ္ဋိပက္ခအသွင် ထိတွေ့မှုမျိုး ဖြစ်ပေါ်စေခဲ့ပါသည်။
            ရှေ့တွင်ဖေါ်ပြခဲ့သော ဂယ်လီလီယိုဖြစ်ရပ်နှင့် ကိုပါနီးယန်း သီအိုရီသည် ကမ္ဘာကြီးအား အလယ်ဗဟို မဟုတ်ကြောင်း သက်သေပြခဲ့သည့်အတွက် လူသားတို့၏ မိမိတို့ နေထိုင်ရာ ကမ္ဘာကြီးသည် ဗဟိုချက်ဖြစ်သည် ဟူသော 
ယူဆချက်ကို ရိုက်ချိုးပစ်သကဲ့သို့ပင် ယခု လူသားတို့၏ အမြင့်ဆုံး ဖန်ဆင်းခံ သတ္တ၀ါ အဖြစ် ယူဆမှုကို ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်က စိန်ခေါ်လိုက်ပြန်ပေသည်။

ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာ ဒီဇိုင်းကို စိန်ခေါ်ခြင်း ( A Challenge to Design )
            သမရိုးကျ ခရစ်ယာန် ဓမ္မအတွေးအခေါ်က လက်ခံထားသည်မှာ ဘုရားသခင်သည် စင်္ကြာဝဠာကြီးတစ်ခုလုံးကို လူတို့ကြံစည်၍ မမှီနိုင်သော လက်ရာဒီဇိုင်းဖြင့် အလွန့်အလွန်တိကျစွာ ဖန်တီးထားသည် ဟူ၍ဖြစ်ပါသည်။ သို့ရာတွင် ဆင့်ကဲဖြစ်စဉ် သီအိုရီ အရ အရာအားလုံးသည် တိတိကျကျရှိနေခြင်းမျိုး မဟုတ်ဘဲ သဘာဝတရားကြီးနှင့် လိုက်လျောညီထွေစွာ နေနိုင်သူများကိုသာ သဘာဝတရားကြီးက ရွေးချယ်မည် ( Natural Selection & Survival of the Fittest ) ဟူသော တင်ပြချက်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာအတိအကျ ဒီဇိုင်းကို စိန်ခေါ်သကဲ့သို့ ဖြစ်လာပါသည်။ ဒါဝင်ကိုယ်တိုင်ဘုရားသခင်သည် ဆင့်ကဲဖြစ်စဉ်ကို ဖန်ဆင်းခြင်းလက်ရာ တစ်ရပ်အဖြစ် ဒီဇိုင်းဆွဲ ဖန်တီးခဲ့ပြီး  သမရိုးကျ ခရစ်ယာန် ဓမ္မအတွေးအခေါ်က ပြောသလို အတိအကျဖန်ဆင်းခဲ့ခြင်း မဟုတ်ဟု ယုံကြည်ထား သူဖြစ်ပါသည်။
            စိန်ခေါ်ချက်ကြီး () ရပ်သည် အေဒီ ၁၉ ရာစုတွင် သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် တွေ့ဆုံရာ၌ ပဋ္ဋိပက္ခအသွင် ဖြစ်ပေါ်စေခဲ့သော စိန်ခေါ်ချက်များ ဖြစ်ခဲ့ပါသည်။ အေဒီ ၁၆ ရာစုတွင် ဂယ်လီလီယို၊ အေဒီ ၁၉ ရာစုတွင် ဒါဝင် ဤဥပမာများ သည် သိပ္ပံပညာ တစ်ခေတ်ဆန်း ထွန်းကားလာသည့် သမိုင်းတစ်လျှောကိတွင် သိပ္ပံ နှင့် ဓမ္မအတွေးအခေါ်ဆုံတွေ့မှု` ပဋ္ဋိပက္ခအသွင် ဖြစ်ပေါ်စေခဲ့သော ထင်ရှားသည့် ဥပမာ ဖြစ်ရပ်များ ဖြစ်ပါသည်။
            အဘယ့်ကြောင့် ပဋ္ဋိပက္ခအသွင် ထိတွေ့မှု ဖြစ်ပေါ်ခဲ့ရသနည်း။ နယ်ပယ်နှစ်ခုတွေ့ဆုံရာတွင် မည်သူက ပဋ္ဋိပက္ခ အသွင် ထိတွေ့မှုဖြစ်စေရန် တွန်းပို့ခဲ့သနည်း။ အခြေခံ အကြောင်းအရင်း နှစ်ခုရှိပါသည်။ ၄င်းတို့မှာ () သိပ္ပံနည်းကျ ရုပ်ဝါဒ (Scientific Materialism) နှင့် () သမ္မာကျမ်းစာကို စာပေရေးသားထားသည့်အတိုင်း ဤ၊ သည် မရွေး လုံးကောက်ဖတ်ခြင်း (Biblical Literalism) တို့ဖြစ်ပါသည်။
 
သိပ္ပံနည်းကျ ရုပ်ဝါဒ (Scientific Materialism)
            ရုပ်ဝါဒ၏ အခြေခံသဘောမှာ ရုပ်သည်သာလျှင် အခြေခံကျသော လက်တွေ့ကျသော အရှိတရားဖြစ်သည် ဟူသော ခံယူချက်ပင် ဖြစ်ပါသည်။ အဆိုပါ အရှိတရား ရုပ်သဘောသာလျှငိ ရုပ်အလွန်နယ်ပယ် (Metaphysics) ကို သိရှိနိုင်မည်ဟု ခံယူကြပါသည်။ ထိုခံယူချက်များကို သိပ္ပံနည်းကျ ရုပ်ဝါဒသမားများက ကိုင်စွဲကြပါသည်။ သိပ္ပံနည်းကျ ရုပ်ဝါဒသမားများသည် ရီဒတ်ရှင်နစ်ဆမ် (Reductionism) ဟု ခေါ်သော အရာဝတ္ထု၏ အစိတ်အပိုင်းတစ်ခုကို  ကောင်းစွာသိရှိခြင်းဖြင့် အဆိုပါ အရာဝတ္ထုတစ်ခုလုံး၏ အပြုအမူ အလေ့အကျင့် အရာအားလုံးကို ကောင်းစွာသိရှိနိုင်မည် (သို့မဟုတ်) အရာဝတ္ထုတစ်ခုလုံး၏ အပြုအမူ အလေ့အကျင့် အရာအားလုံးကို ကောင်းစွာသိရှိခြင်းဖြင့် အဆိုပါ အရာဝတ္ထု၏ အစိတ်အပိုင်းတစ်ခုကို ကောင်းစွာသိရှိနိုင်မည် ဟူသော ယူဆချက်ကို လက်ကိုင်ထားကြသူများဖြစ်ပါသည်။
            သိပ္ပံနယ်ပယ်သည် အရှိတရား၊ ဒေတာများ၊ အကြောင်းအရာ အချက်အလက်များကို အခြေခံကာ သုတေသနပြုလုပ်၍၊ ထပ်ခါထပ်ခါ စမ်းသပ်မှုများပြုလုပ်၍ သီအိုရီ အခြေခံတရားများကို ဖော်ထုတ်ရသည့် သဘောသဘာဝ ဖြစ်သည်။ အမှန်တရား အရှိတရား အကြောင်းတရား တစ်ခုကို အတည်ပြုနိုင်ဖို့ရန် ထပ်ခါထပ်ခါ စမ်းသပ်သက်သေပြ၍ ဖော်ထုတ်ရသော နယ်ပယ်တစ်ခုဖြစ်ပါသည်။ ယခင်က မှန်ပါသည် ဟု လက်ခံထားသော အချက် အလက်များသည် ယခု မှန်ပါသည်ဟု ဆိုနိုင်ဖို့ရန်အတွက် ထပ်တိုးလာသော အချက်အလက်များ  အကြောင်းတရားများကို လွှမ်းခြုံနိုင်မှု ရှိမှသာလျှင် မှန်ပါသည်ဟုလက်ခံနိင်ကြသည့် သဘောတရားဖြစ်ပါသည်။ သိပ္ပံနည်းကျ ရုပ်ဝါဒသမားများသည် ဘာသာတရားတစ်ခု၏ ဖြစ်တည်မှုကို လက်မခံနိုင်ကြပေ။ အကြောင်းမှာ ဘာသာတရားနယ်ပယ်သည် သိပ္ပံကဲ့သို့ အချက်အလက်များ၊ ကြောင်းကျိုးဆီလျော်မှုများကို အခြေခံသည် မဟုတ်ဘဲ ယုံကြည်မှုအပေါ်တွင် အခြေခံခြင်းကြောင့် ဖြစ်ပါသည်။ သိပ္ပံနည်းကျ ရုပ်ဝါဒသမားများသည် ရုပ်သည်သာလျှင် အခြေခံကျသော လက်တွေ့ကျသော အရှိတရားဖြစ်သည် ဟူသော သဘောတရားကိုသာ တရားသေစွဲကိုင်ထားပြီး လူသားတို့၏ စိတ်နေစိတ်ထား၊ ရည်ရွယ်ချက်၊ ချစ်ခြင်းမေတ္တာတို့ကို ရုပ်ဝါဒ၏ ဘေးထွက်ပစ္စည်းအဖြစ်သာ တန်ဖိုးထားသောအခါ နယ်ပယ်နှစ်ခုတွေ့ဆုံရာတွင် ပဋ္ဋိပက္ခအသွင် ထိတွေ့မှု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
သမ္မာကျမ်းစာကို စာပေရေးသားထားသည့်အတိုင်း ဤ၊ သည် မရွေး လုံးကောက်ဖတ်ခြင်း (Biblical Literalism)
            သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် အကြား ပဋ္ဋိပက္ခအသွင်ဖြင့်ထိတွေ့မှုဖြစ်ရခြင်း ဒုတိယ အကြောင်းအရင်းမှာ သမ္မာကျမ်းစာကို စာပေရေးသားထားသည့်အတိုင်း ဤ၊ သည် မရွေး လုံးကောက်ဖတ်ခြင်းကြောင့်ဖြစ်ပါသည်။ အေဒီ ၂၀ ရာစု သို့ ရောက်ရှိလာသောအခါ ရောမကက်သလစ် အသင်းတော်နှင့် ပရိုတက်စတင့် အသင်းတော် တော်တော်များများ သည် သမ္မာကျမ်းစာနှင့် ပတ်သက်၍ အမြင်များ တိုးတက်လာကြပါသည်။ သမ္မာကျမ်းစာသည် ဣသရေလ လူမျိုးများ၏ ဘ၀အားဖြင့် လည်းကောင်း၊ ပရောဖက်များတို့၏ အသက်တာလှုပ်ရှားမှုအားဖြင် လည်းကောင်း၊ သခင်ခရစ်တော်၏ မွေးဖွားခြင်း၊ အသက်ရှင်ခြင်း၊ အမှုတော်ဆောင်ခြင်း၊ ကားတိုင်လမ်း နှင့် ရှင်ပြန်ထမြောက်ခြင်း အားဖြင့် လည်းကောင်း ဘုရားသခင်ဖွင့်ပြသောဖွင့်ပြခြင်းများကိုလူသားတို့ကပြန်လည်ရေးသားသက်သေခံထားသောသက်သေခံချက်များဖြစ်သည် ဟု လက်ခံလာကြပါသည်။ သို့ရာတွင် ရှေးရိုးစွဲများ၊ သမရိုးကျ ခရစ်ယာန် ဓမ္မအတွေးအခေါ်ကို လက်ခံထားသော ခရစ်ယာန် များက သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအရာဟု ခံယူကြပြီး ကျမ်းစာပါ စကားလုံးတိုင်းသည် မမှား မယွင်း တိကျသေချာခိုင်မာသည် ဟု လက်ခံကြပါသည်။ ထို့ကြောင့် အဆိုပါ ခရစ်ယာန်များသည် သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါတိုင်း ဖတ်ရှုသည့် ကျမ်းစာ၏ နောက်ခံ သမိုင်း၊ စာရေးသူ သမိုင်း၊ နိုင်ငံရေး စီးပွားရေးနောက်ခံ   ကြေးမုံပြင်တို့ကို ဆင်ခြင်၍ ကျမ်းစာ စာလုံးတစ်လုံးချင်းစီ၏ နောက်ကွယ်တွင်ရှိနေသည့် အဓိက အကြောင်းအရာကို ဆင်ခြင်ချင်းမျိုး မရှိဘဲ ကျမ်းစာပါ စကားလုံးတိုင်း တိတိကျကျဖတ်ရှုသည့်အခါ သမ္မာကျမ်းစာပါ အဖြစ်အပျက်များနှင့် သိပ္ပံပညာ၏ တွေ့ရှိမှုများ ကွဲလွဲသည့် အခါတိုင်းတွင် သိပ္ပံပညာ၏ တွေ့ရှိမှုများကို လက်မခံနိုင်ကြတော့ကာ ရန်သူအဖြစ် ပဋ္ဋိပက္ခအသွင် ဆောင်ကာ ထိတွေ့မှု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
            ဤသို့  ပဋ္ဋိပက္ခအသွင် ဆောင်ကာ ထိတွေ့မှုသည် နယ်ပယ်နှစ်ခုစလုံးနှင့် ဆက်စပ်နေပါသည်။ သိပ္ပံပညာဖက်မှလည်း သိပ္ပံနည်းကျ ရုပ်ဝါဒ မျက်မှန်တပ်ဆင်ပြီး ခရစ်ယာန် ဓမ္မဒသနိက နယ်ပယ်ကို ကြည့်ရှုခြင်း၊ ခရစ်ယာန် ဓမ္မဒသနိက နယ်ပယ်သည်လည်း သမ္မာကျမ်းစာကို စာပေရေးသားထားသည့်အတိုင်း ဤ၊ သည် မရွေး လုံးကောက်ဖတ်ခြင်း ဆိုသော မျက်မှန်ကို တပ်၍ သိပ္ပံနယ်ကို သုံးသပ်ခြင်းတို့ကြောင့် နယ်ပယ်နှစ်ခုတွေ့ဆုံရာတွင် ပဋ္ဋိပက္ခအသွငှ်ု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ အဆိုပါ မျက်မှန်များကို ချွတ်လိုက်သောအခါ သိပ္ပံပညာသည် ခရစ်ယာန် ဓမ္မဒသနိက နယ်ပယ်မှ အမှားများ၊ အယူသည်းမှုများကို ဖယ်ရှားရာတွင် အသုံးဝင်လာနိုင်သကဲ့သို့၊ ခရစ်ယာန် ဓမ္မကြောင်းသည်လည်း သိပ္ပံနယ်ပယ်တွင် ရုပ်ဝါဒကြီးစိုးမှု၊ နောက်ဆုံး (အန္တိမ) ပန်းတိုင် မှားယွင်းမှုများကို ထောက်ပြ လာနိုင်မည် ဖြစ်ပါသည်။ 

(.) သီးခြားဖြစ်တည်မှုအမြင်ဖြင့် ထိတွေ့မှု (Independence)
        ရှေ့တွင် သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် ထိတွေ့ရာ၌ ပဋ္ဋိပက္ခအသွင်ဆောင်ကာ ထိတွေ့မှု ဖြစ်ပေါ်လာရခြင်း ကို အကျယ်တ၀င့် ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ယခု တင်ပြဆွေးနွေးမည့် ထိတွေ့မှုအမြင်၏ အချုပ်မှာ နယ်ပယ်နှစ်ခုသည် ပဋ္ဋိပက္ခအသွင်ဆောင်စရာမလိုပေ။ အကြောင်းမှာ နယ်ပယ်နှစ်ခုသည် ဆက်စပ်နှီးနွယ်စရာ အကြောင်းတရားမရှိဘဲ သီးခြားဖြစ်တည် ရပ်တည်နေသောကြောင့် ဖြစ်ပါသည်။ ဤထိတွေ့မှုအမြင်ကို လက်ခံကြသူများက သိပ္ပံ နှင့် ဓမ္မအတွေးအခေါ်နယ်ပယ် တစ်ခုနှင့် တစ်ခု သည် လာရာအရင်းအမြစ် မတူညီသည့်အပြင်  မေးခွန်းထုတ်ပုံ အဖြေရှာပုံ လည်းတစ်ခုနှင့် တစ်ခု မတူညီကြ ဟု ယူဆသဖြင့် ထိပ်တိုက်တွေ့စရာမရှိဘဲ  သီးခြားဖြစ်တည်နေသည်ဟု အခိုင်အမာဆို ကြခြင်းဖြစ်ပေသည်။
ဆင်းသက်လာရာ အရင်းအမြစ်မတူညီခြင်း (Separate Domains)
            ဧ၀ံဂေလိဟောပြောခြင်း၌  အားသန်သူ ခရစ်ယာန်များနှင့် ရှေးရိုးစွဲ ခရစ်ယာန်များ အဖို့ သမ္မာကျမ်းစာသည် အရေးပါသော အခန်းကဏ္ဍ၌ ရှိနေသော်လည်း သမ္မာကျမ်းစာကို ဖတ်ရှုရာတွင် ဤ၊ သည် မရွေး လုံးကောက်ဖတ်ရန် သင့်/မသင့်၊  သမ္မာကျမ်းစာ၏ ဖန်ဆင်းခြင်းဖြစ်ရပ်များကို သိပ္ပံနယ်ပယ်မှ ထိုးနှက်သည့်အခါ ခုခံကာကွယ်ရန် သင့်/မသင့်၊  စသည်တို့ကို စိတ်ဝင်စားခြင်း မရှိပေ၊ အကြောင်းမှာ ထိုသူတို့ အာရုံစိုက်အရေးထားသည်မှာ ထိုအကြောင်းအရာများ မဟုတ်ဘဲ သခင်ခရစ်တော်၏ လူသားတို့အပြစ်အတွက် အသေခံခြင်း၊ ကယ်တင်ခြင်းနှင့် ဤသည်ကို ယုံကြည်လက်ခံ၍ ခရစ်တော်ကို ကယ်တင်ရှင် အဖြစ် လက်ခံရေးသာ အားစိုက်နေကြပါသည်။ ထိုသူများအဖို့ သိပ္ပံပညာတိုးတက်လာမှုသည် ဧ၀ံဂေလိတရားကို ထောက်ပံ့သည် (သို့မဟုတ်) အဟန့်အတား ဖြစ်စေသည်  စသည်တို့အပေါ် အာရုံထားမှုမရှိဘဲ ဧ၀ံဂေလိတရား၏ လူသားတို့အပေါ် ပြုတော်မူသော လူသစ်ဖြစ်ခြင်း၊ လွတ်မြောက်ခြင်း စသည်တို့ကိုသာ အထူးအာရုံပြု စဉ်းစားကြသည်သာဖြစ်ပေသည်။ ထို့ကြောင့် သိပ္ပံပညာနှင့် ခရစ်ယာန် ဓမ္မဒသနသည် ဆက်စပ်စရာ အကြောင်းမရှိဘဲ သီးခြားဖြစ်တည်နေမည်သာဖြစ်သည်။
            ထင်ရှားသော ဓမ္မဒသနိကဗေဒပညာရှင် ကားလ်ဘတ် နှင့် သူ၏နောက်လိုက်များက ဆိုကြသည်မှာဘုရားသခင်ကို သိရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သခင်ခရစ်တော်၌ ဘုရားသခင်ဖွင့်ပြသော ဖွင့်ပြခြင်းဖြင့် သာလျှင်သိရှိနိုင်မည် ဖြစ်ပြီး ယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်ကို သိရှိနိုင်မည် ဖြစ်သည်ဟုဆိုကြပါသည်။ ထို့အပြင် ဘုရားသခင်သည် မိမိကိုယ်တိုင် သမိုင်းအတွင်း ဖြစ်ရပ်များ၌ ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် လူသားတို့အား ဖွင့်ပြလျက်ရှိကြောင်း ဆိုပါသည်။ လူသားတို့၏ ရှာဖွေတွေ့ရှိမှုအားဖြင့် ဘုရားသခင်ကို သိရှိရခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ဖွင့်ပြမှုဖြင့်သာ သိရှိနိုင်မည်ဖြစ်ကြောင်းဆိုပါသည်၊။ ဤသည်မှာ သိပ္ပံပညာနှင့် ဓမ္မတွေးခေါ်မှုတို့ အကြား အဓိက ကွာခြားသော ခြားနားမှုဖြစ်သည်။ သိပ္ပံသဘောသည် လူသားတို့၏ စူးစမ်းမှု၊ လေ့လာတွေ့ရှိမှု၊ စဉ်းစားဆင်ခြင်မှု တို့အပေါ် အခြေခံ၍ ဓမ္မသဘောသည် ဘုရားသခင်၏ ဖွင့်ပြခြင်းကို အခြေခံသည်ဟု ဤသီးခြားဖြစ်တည်မှုအမြင်ကို လက်ခံကြသူများက ဆိုပါသည်။ ထို့ကြောင့် သိပ္ပံနှင့် ဓမ္မသဘောသည် ဆင်းသက်လာရာ လမ်းကြောင်း မတူညီပေ။ သို့ဖြစ်၍ နယ်ပယ်နှစ်ခုသည်  ရန်ဖက်ပြုရန်မလိုသကဲ့သို့ အပြန်အလှန် နှီးနှောဖလှယ်ရန်လည်း မလိုပေ။ နယ်ပယ်နှစ်ခု တွေ့ဆုံတိုင်းတွင် သီးခြားဖြစ်တည် ရပ်တည်နေမည်သာဖြစ်ပေသည်။
            ဤသီးခြားဖြစ်တည်မှုအမြင်ကို လက်ခံကြသူများ၏ သမ္မာကျမ်းစာအပေါ် လက်ခံယုံကြည်မှုသည် ပဋ္ဋိပက္ခအသွင် ထိတွေ့မှု အမြင်နှင့် ကွာခြားပါသည်။ ပဋ္ဋိပက္ခအသွင်ဖြင့်ထိတွေ့မှုဖြစ်ရခြင်းအကြောင်းရင်းတစ်ခုမှာ သမ္မာကျမ်းစာကို စာပေရေးသားထားသည့်အတိုင်း ဤ၊ သည် မရွေး လုံးကောက်ဖတ်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုခဲ့ပြီး  ဖြစ်သည်။ ယခု သီးခြားဖြစ်တည်မှုအမြင်တွင်မူ သမ္မာကျမ်းစာသည် ဘုရားသခင်၏ တိုက်ရိုက်ဖွင့်ပြခြင်းဟု လက်မခံပေ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဖွင့်ပြခြင်းကို  လူသားတို့က မှတ်တမ်းတင် သက်သေခံထားခြင်းဖြစ်သဖြင့် လူသားတို့၏ နားလည်မှု၊ ပြန်လည်တင်ပြမှု၌ ချို့ယွင်းချက် အားနည်းချက်များ ရှိနိုင်ပါသည်။ ထို့အပြင် ဘုရားသခင်၏ ဖွင့်ပြခြင်းကို  လက်ခံပြီး  ပြန်လည်ရေးသားသူက မိမိတို့ဖတ်ရှုစေလိုသော လူများနားလည်နိုင်စေရန်အတွက် ထိုသူတို့နားလည်စေ နိုင်မည့် အသုံးအနှုန်း၊ ဥပမေ ဥပမာယ များနှင့် ရေးသားကြသည့်အတွက် တင်ပြပုံ တင်ပြနည်း ကွဲပြား နိုင်ပါသည်။ ဘုရားသခင် နှင့် လူသားတို့ကြား၊ ဘုရားသခင်နှင့် စင်္ကြာဝဠာ ကြီး အကြား ဆက်သွယ်မှုသည် သမ္မာကျမ်းစာတွင် လူသားတို့ တင်ပြထားသည့်အတိုင်း တိတိကျကျ ဖြစ်သည်ထက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဖန်ဆင်းခြင်း၊ ကယ်တင်ခြင်း စသည့် အနှစ်သာရတို့သာ အဓိကဖြစ်သည် ဟု  လက်ခံသဖြင့် သိပ္ပံပညာတိုးတက်လာမှုသည် ဘာသာတရားနှင့် ရန်ဖက်ဖြစ်လာစရာ မရှိပေ။ ထို့အပြင် သမ္မာကျမ်းစာပါ စကားလုံးအတိအကျထက် အနှစ်သာရတွင်သာ ဘုရားသခင်၏ လုပ်ဆောင်ပုံ တည်ရှိပုံကို သက်ဝင်ခံစားနိုင်သည် ဟု လက်ခံပါသည်။ ထို့ကြောင့် သိပ္ပံတွေ့ရှိမှုများနှင့် သမ္မာကျမိးစာကို သက်သေပြစရာမလိုပေ။
            လန်ဒန်၈် ဂေးလ်ကီ (Langdon Gilkey) ဟုခေါ်သော သိပ္ပံနှင့် ဓမ္မတွေးခေါ်ပညာရှင် က သိပ္ပံသဘော နှင့် ဓမ္မသဘော သီးခြားစီ ဖြစ်ကြောင်း အချက် () ချက်ဖြင့် ဖော်ပြခဲ့ပါသည်။
() သိပ္ပံသဘောသည် သဘာဝတရားကြီးအတွင်း ဖန်ဆင်းခံရသော ပြုလုပ်ခံများ၏ သဘောသဘာဝ နိယာမများကို ရှင်းပြရန် ကြိုးစားခြင်း ဖြစ်သည်။ ဓမ္မသဘောသည် လောကကြီးအတွင်း အစဉ်တကျဖြစ်မှု၊ အလှတရား နှင့် လူသားတို့၏ အတွင်းနှလုံးသားများအတွက် အဖြေရှာခြင်း ဖြစ်သည်။
() သိပ္ပံသဘောသည် သဘာဝတရားကြီး မည်သို့ (How) ဖြစ်တည်လာသည်ကို စဉ်းစားကြသည်။ ဓမ္မသဘောသည် သဘာဝတရားကြီး အဘယ်ကြောင့် (Why) ဖြစ်တည်လာသည်ကို စဉ်းစားကြသည်။
() သိပ္ပံသဘော၏ အခြေခံ နိယာမ မှာ ရုပ်တိ ရှိမှု နှင့် ထပ်ခါထပ်ခါ စမ်းသပ်၍ ရလာသည့် အတွေ့အကြုံ ဖြစ်သည်။ ဓမ္မသဘော၏ အခြေခံ နိယာမ မှာ ဘုရားသခင် နှင့် ထိုဘုရား၏ ဖွင့်ပြခြင်း ဖြစ်သည်။
() သိပ္ပံသဘောသည် တိကျသော အဖြေကို ဦးတည်ပြီး ဓမ္မသဘောသည် ပုံဥပမာဖြင့်သာ နားလည် မှု၊ ရူပကအလင်္ကာဖြင့် သာ နားလည် နိုင်မှုကို ဦးတည်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ရုပ်သဘော ကန့်သတ်ချက် အလွန်တွင် ရှိနေသောကြောင့် ဖြစ်ပါသည်။
            ထို့ကြောင့်  ဂေးလ်ကီ က သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်း သဘောတရားသည် စာလုံးအဓိပ္ပာယ်တစ်ခုစီထက် ပုံဆောင်မှု ဥပမာ တစ်ခု အနေနှင့် လက်သင့်ခံသင့်ပြီး ဘုရားသခင်သည် ကစဥ့်ကလျားဖြစ်စဉ်မှသည် အစီအစဉ်တကျ ဖန်ဆင်းသည် ဟူသော နားလည်မှုမျိုးဖြင့် သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်းကို လက်ခံရန် ဆိုပါသည်။
            သီးခြားဖြစ်တည်မှုအမြင်ဖြင့် ထိတွေ့မှုတွင် နယ်ပယ်နှစ်ခု၏ ဆင်းသက်လာရာ အရင်းအမြစ်မတူညီခြင်းသည် အဓိက ထောက်ပြစရာ အကြောင်းဖြစ်လာပါသည်။

နယ်ပယ်နှစ်ခု၏ လုပ်ဆောင်ပုံ ကွာခြားခြင်း (Different Function)   
          သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် နယ်ပယ် နှစ်ခု၏ လုပ်ဆောင်ပုံသည် အလွန်ပင် ကွာခြားပါသည်။ သို့အတွက် နယ်ပယ်တစ်ခုစီတွင် သတ်မှတ်ထားသော စံသတ်မှတ်ချက် သဘောထားများနှင့် တစ်ခြားနယ်ပယ်တစ်ခုကို တိုင်းတာ၍မရ နိုင်ပေ။ သိပ္ပံနယ်ပယ်၏ အလေးပေးမှုမှာ ကမ္ဘာလောကကြီးအတွက် ကြိုတင် ဟောကိန်းထုတ်ခြင်း၊ ကျရောက်လာမည့် အန္တရာယ်များအတွက် ကာကွယ်နိုင်ရန် လုပ်ဆောင်ခြင်း၊ ပိုမိုကောင်းမွန်သော သက်တောင့်သက်သာရှိသော လူ့ပတ်ဝန်းကျင်ကို ဖန်တီးခြင်း စသည့် အလေးပေးမှုများအပေါ်၌          တည်ရှိနေပါသည်။ ဖြစ်တန်ရာများကို  တွက်ထုတ်ခြင်း၊ ပိုမိုတည်ကျသော ဖော်မြူလာများ ကို တည်ဆောက်ခြင်း၊ နည်းပညာမြင့် ပစ္စည်းများနှင့် သက်တောင့်သက်သာ ရှိစေခြင်းတို့သည် သိပ္ပံနယ်ပယ်၏ ဘာသာစကားပင် ဖြစ်ပါသည်။
            ဘာသာရေးနယ်ပယ်၏ အလေးပေးမှုမှာ ဘ၀နေနည်းသစ္စာတရား၊ မွန်မြတ်သော စိတ်ထားနှင့် အသက်ရှင်ခြင်း၊ စာရိတ္တနှင့် လောကပါလတရား အစရှိသည်တို့ပင်ဖြစ်ပါသည်။ ၀တ်ပြုကိုးကွယ်ခြင်း၊ ဘာသာရေး ဓလေ့ ပွဲတော် အစရှိသည်တို့မှာ ဘာသာရေးနယ်ပယ်၏ ဘာသာစကား တစ်ခုပင်ဖြစ်ပါသည်။ ဤနယ်ပယ်သည် ခွင့်လွှတ်ခြင်းဖြင့် လွတ်မြောက်ခြင်း တရားကို ဖော်ညွှန်းနေသည့် သစ္စာတရားတစ်ခုပင်ဖြစ်သည်။ မိမိကိုယ်ကိုသာ ဗဟိုပြုသော အတ္တစွဲမှသည် ငြိမ်းချမ်းခြင်း စည်းလုံးမှု နှင့် ဥာဏ်အလင်းရခြင်း ဖြစ်သည်အထိ ဦးတည်နေသော နယ်ပယ်တစ်ခု ဖြစ်ပါသည်။
ဤသို့ နယ်ပယ်နှစ်ခု၏ သဘောသဘာဝ နှင့် လုပ်ဆောင်ပုံ မတူညီမှုက နယ်ပယ်နှစ်ခု ထိတွေ့ရာတွင် တစ်ခုနှင့် တစ်ခု တန်းညှိစရာ မလိုဘဲ သီးခြားဖြစ်တည်မှုအမြင်ဖြင့်သာ ချဉ်းကပ်ရန် တွန်းအားပေးနေသကဲ့သို့ဖြစ်စေပါသည်။ ဤအမြင်သည် ကောင်းမွန်သော ထိတွေ့မှု အရွေ့တစ်ခု ဖြစ်ပါသည်။ နယ်ပယ်နှစ်ခုစီတွင်ရှိသော တန်ဖိုးထားမှုများ၊ ယုံကြည်မှုများ၊ ဂုဏ်သိက္ခာများသည် အခြားနယ်ပယ် တစ်ခုကြောင့် ယုတ်လျော့ သွားမည်မဟုတ်ဘဲ ဆက်လက် ထိန်းသိမ်း ထားနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် နယ်ပယ်နှစ်ခု ထိတွေ့ရာတွင် အစဉ်အမြဲ ရန်ဖက်အသွင်စောင်နေခြင်းမှလည်း ဝေးကွာနိုင်မည်  ဖြစ်ပါသည်။ သို့ရာတွင် သီးခြားဖြစ်တည်မှုအမြင်ဖြင့် ထိတွေ့မှုတွင်လည်း အားနည်းချက်များ ရှိပါသည်။ ရန်ပွဲများနှင့် ဝေးကွာသကဲ့သို့ အပြန်အလှန်တည်ဆောက်ပြီး လောကအလှဆင်ခြင်း၌ လည်း  ဝေးကွာစေနိုင်ပါ သည်။  နှစ်ဖက်အမြင်များကို စုစည်းပြီး ပိုမိုကောင်းမွန်သော နယ်ပယ်တစ်ခုဖြစ်လာရေးသည်လည်း သီးခြားဖြစ်တည်မှု ခေါင်းစဉ်အောက်တွင် မှေးမှိန်သွားနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤအမြင်သည် သိပ္ပံနှင့် ဓမ္မအတွေးအခေါ် နယ်ပယ် နှစ်ခု ထိတွေ့ရာတွင် အကောင်းဖက်သို့ ဦးတည်လာနိုင်သော အရွေ့တစ်ခု၏ အစပင်ဖြစ်သည်။

(.) ဒိုင်ယာလော့အမြင်ဖြင့် ထိတွေ့မှု ( Dialogue )  
            ဒိုင်ယာလော့ဂ်သဘောသည် နယ်ပယ်နှစ်ခုကို အကောင်းဖက်သို့ ပိုမိုဦးတည်လာနိုင်စေပါသည်။ အပြန်အလှန် ဆွေးနွေး ခြင်းဖြင့် နယ်ပယ်တစ်ခု အကြောင်းကို တစ်ခု ပိုမို နားလည် မြင်သာ လာကာ ဤနယ်ပယ်နှစ်ခု အကြား တူညီမှု များကို ရှာဖွေလာနိုင်မည်   ဖြစ်သည်။ သီးခြားဖြစ်တည်မှုအမြင် နှင့် ဒိုင်ယာလော့အမြင် တို့၏ ကွာခြားမှုမှာ သီးခြားဖြစ်တည်မှု အမြင်သည် နယ်ပယ်နှစ်ခု၏ မတူညီမှု ကို အာရုံပြုပြီး ဒိုင်ယာလော့အမြင်သည် ဤနယ်ပယ်နှစ်ခု အကြား တူညီမှု များကို အာရုံပြုခြင်းဖြစ်သည်။
ကြိုတင်မှန်းဆခြင်း နှင့် အကန့်အသတ်ရှိခြင်း (Presupposition & Limitation)
            သမိုင်းပညာရှင်များ အထူးတလည် အံ့သြ ကြသည်မှာ ခေတ်သစ်သိပ္ပံသည် အဘယ်အတွက်ကြောင့် ယဉ်ကျေးမှုမြောက်များစွာ ရှိသည့်အနက် ဂျူး ခရစ်ယာန် ယဉ်ကျေးမှုနှင့် အနောက်တိုင်းယဉ်ကျေးမှု ထွန်းကားသည့် နေရာ တွင်မှ ပေါ်ထွန်းလာရသနည်း။ ဂျူး နှင့် ဂရိတို့၏ ဖန်ဆင်ခြင်းယုံကြည်မှုသည် ခေတ်သစ်သိပ္ပံစင်မြင့်ကို များစွာ ကူညီမှုပေးသည် ဟု အချို့က ယူဆကြပါသည်။ ကျမ်းသဘော နှင့် ဂရိတို့ တူညီစွာ ယုံကြည်ကြသည်မှာ ကမ္ဘာကြီးသည် အစီအစဉ်တကျ တည်ရှိနေခြင်းဖြစ်ပြီး ကမ္ဘာကြီးအကြောင်းကို နားလည်နိုင်သည် ဟူ၍ ဖြစ်ပါသည်။ သို့ရာတွင် ဂရိတို့၏ ယုံကြည်မှာ ကမ္ဘာကြီး အစီအစဉ်တကျဖြစ်မှုသည် လိုအပ်ချက်တစ်ခုဖြစ်ပြီး ကမ္ဘာကြီး၏အစ ပထမအကြောင်းတရားကို ယုတ္တိဗေဒနည်းကျကျ ကောက်ချက်ချနိုင်သည် ဟူ၍ ဖြစ်ပါသည်။ ကျမ်းသဘောတွင်မူ ဘုရားသခင်သည် ကမ္ဘာကြီးကို အဆင်းသဏ္ဍာန်မရှိ လွတ်လပ်လဟာ မှသည် အစီအစဉ်ကျရန် ဖန်ဆင်းပြီး၊ ကမ္ဘာကြီး စကြာင်္ဝဠာကြီးသည် သူ့အလိုအလျောက် ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း ဆိုပါသည် (ကမ္ဘာဦးကျမ်း၁း၁) ကမ္ဘာကြီး၏ အစီအစဉ်တကျဖြစ်မှုကိုလည်း  လေ့လာနိုင်သည်ဟု လက်ခံကြပါသည်။
            ကျမ်းသဘော နှင့် ဂရိယဉ်ကျေးမှု တို့၏ ကမ္ဘာကြီး စကြာင်္ဝဠာကြီးအပေါ်အမြင်သည် ခေတ်သစ်သိပ္ပံ ဥရောပတွင် ထွန်းကားမှု၏ ရှေ့ပြေးအဖြစ် ဒိုင်ယာလော့အမြင်ကို လက်ခံကြသူများကမြင်ကြပေသည်။ ခေတ်သစ်သိပ္ပံပညာရှင်များက ၄င်းတို့သည် ဘုရားသခင်၏ အကြံကို စဉ်းစားနေကြသူများအဖြစ် ကိုယ့်ကိုကိုယ်မြင်ကြပါသည်။ အကြောင်းမှာ ၄င်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း အကြောင်းကို   လေ့လာနေကြသူများအဖြစ် လက်ခံကြသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ဒိုင်ယာလော့အမြင်ကို လက်ခံကြသူများက ဓမ္မဒသနိကနယ်ပယ်တွင် လက်ခံကြသော ဖန်ဆင်းခြင်းဆိုင်ရာ အမြင်သည် ခေတ်သစ်သိပ္ပံ၏ ရှေ့ပြေး၊ ကြိုတင်ခန့်မှန်းသူအဖြစ် လက်ခံကြပါသည်။
            ထို့အပြင် သိပ္ပံသည် ၄င်းတို့အပေါ် မေးမြန်းလာသော မေးခွန်းများအတွက် ဖြေဆိုရန် ကန့်သတ်ချက်များရှိသည် ဟု ဒိုင်ယာလော့အမြင်ကို လက်ခံကြသူများက ဆိုပါသည်။ ထင်ရှားသော သိပ္ပံ နှင့် ဓမ္မဒသနိကဗေဒပညာရှင်၊ စကော့လူမျိုး တောမတ်စ် တောရန့်စ် (Thomas Torrance) က သိပ္ပံသည် ၄င်းတို့ကိုယ်တိုင် မဖြေဆိုနိုင်သော မေးခွန်းများကို ၄င်းတို့ကိုယ်တိုင် မေးခွန်းထုတ်ကြသည်ဟု ဆိုသည်။ ဤသို့ကန့်သတ်ချက်များ ရှိနေသဖြင့် သိပံ္ပ နယ်မှ မေးခွန်းများအတွက် အခြားရှုထောင့်များဖြင့် ဖြေဆိုရန်လည်း လိုအပ်ပေသည်။ ကက်သလစ် ဓမ္မဒသနိကဗေဒပညာရှင် ဒေးဗစ် ထရေစီ (David Tracy) က သိပ္ပံနယ်တွင် ဘာသာရေး၏ အခန်းကဏ္ဍလည်း လိုအပ်ကြောင်း ဆိုပါသည်။ ဒေးဗစ် ထရေစီ၏ အဆိုအရ ဘာသာရေးနှင့်ဆိုင်သော မေးခွန်းများသည် လူ့သားတို့၏ အတွေ့အကြုံအရ သိပ္ပံနယ် အတွင်းသို့ဝင်ရောက်လာပါသည်။ လူသားတို့၏ စိတ်ဖိစီးမှု၊ စိုးရိမ်မှု နှင့် သေခြင်းကို ရင်ဆိုင်နေရမှုများက သိပ္ပံနယ်တွင် ဘာသာရေး၏ အခန်းကဏ္ဍလည်း လိုအပ်ကြောင်း မီးမောင်းထိုးပြနေမှုဟု ဆိုကြပါသည်။ တစ်ဖက်တွင်လည်း သိပ္ပံနယ်တွင် အကန့်အသတ်ရှိသော အခြေအနေများ နှင့် ရင်ဆိုင်နေရပါသည်။ ဥပမာသိပ္ပံပညာရပ်ကို အသုံးချမှုများတွင် လူသားတို့၏ စာရိတ္တပိုင်းဆိုင်ရာ ချို့ယွင်းမှု တို့သည် သိပ္ပံနယ်တွင် ဘာသာရေး၏ အခန်းကဏ္ဍလည်း လိုအပ်ကြောင်းကို ညွှန်းဆိုနေသော အခြေအနေတစ်ခု ဖြစ်ပါသည်။ ဤအခြေအနေများက သိပ္ပံနှင့် ဓမ္မအတွေးအခေါ် နယ်ပယ်တွေ့ဆုံရာတွင် အပြန်အလှန် ဆွေးနွေးရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
မျဉ်းပြိုင် အယူအဆများ (Conceptual Parallels)
            ကမ္ဘာကြီး စကြာင်္ဝဠာကြီးသည် အဘယ်ကြောင့် ဤသို့ ဖြစ်တည်နေသနည်း။ ဤသို့ ဖြေဆိုရန် အကန့်အသတ် ရှိနေသော မေးခွန်းမျိုးကို နယ်ပယ်နှစ်ခုစလုံးက မေးမြန်းကြသလို အကန့်အသတ်ဖြင့် ပြန်လည် ဖြေဆိုကြမှုများလည်း ရှိပါသည်။ သို့ရာတွင် ဤသို့ ဖြေဆိုကြမှုများသည် နယ်ပယ်တစ်ခု၏ အမြင်တစ်ခုတည်းဖြင့် မလုံလောက်ကြောင်း ဆိုလာကြပါသည်။ တချိန်က သိပ္ပံသဘောသည် သဘာဝတရားကြီးအတွင်း ဖန်ဆင်းခံရသော ပြုလုပ်ခံများ၏ သဘောသဘာဝ နိယာမများကို ရှင်းပြရန် ကြိုးစားခြင်း ဖြစ်သည် (objective) ဓမ္မသဘောသည် လောကကြီးအတွင်း အစဉ်တကျဖြစ်မှု၊ အလှတရား နှင့် လူသားတို့၏ အတွင်းနှလုံးသားများကို ဦးတည်ခြင်း ဖြစ်သည် (highly subjective) ဟူသော ခံယူချက်များသည် မေးခွန်းထုတ်စရာဖြစ်လာပါသည်။ သိပ္ပံသဘောသည် (objective) ချည်းသာ သီးသန့် မဟုတ်သကဲ့သို့ ဓမ္မသဘောသည်လည်း  (subjective) ချည်းသာ မဟုတ်ကြောင်းကို သမိုင်းပညာရှင်များ၊ အတွေးအခေါ်ပညာရှင်များနှင့် ဓမ္မပညာရှင်များက ထောက်ပြလာကြပါသည်။ သို့ရာတွင် ယျေဘူယျ ကျောရိုး လေ့လာပုံလေ့လာနည်း၊ တင်ပြပုံ တင်ပြနည်းများသည် ဤနယ်ပယ်နှစ်ခု၏ မျဉ်းပြိုင်ဖြစ်မှု ဆက်လက်ရှိနေသေး
ကြောင်း ဖော်ပြနေကြပါသေးသည်။
          စကြာင်္ဝဠာကြီးသည် အဘယ်ကြောင့် ဤသို့ ဖြစ်တည်နေသနည်း ဟူသော မေးခွန်း၏ အဖြေကို သိပ္ပံနယ်ပယ် တစ်ခုတည်း   ဖြေဆိုရန် လုံလောက်မှုမရှိသကဲ့သို့ ဓမ္မသဘော၏ တစ်ဖက်သတ်အမြင်ဖြင့်လည်း ဖြေဆိုပါကလည်း လုံလောက်ဖွယ် မရှိပေ။ တစ်ဖက်တွင်လည်း ဤနယ်ပယ် နှစ်ခု၏ လေ့လာပုံလေ့လာနည်း၊ တင်ပြပုံ တင်ပြနည်းများသည် ကွဲပြားသည့်အတွက် ဤမေးခွန်း၏ အဖြေကို ပိုမိုနားလည်လာနိုင်ရန် တခြားနယ်ပယ် တစ်ခု၏ ဖြေဆိုပုံ ဖြေဆိုနည်းများကိုလည်း သိရန် လိုအပ်လာပါသည်။ ထိုကြောင့် ဒိုင်ယာလော့ဂ် လုပ်ရန် လိုအပ်သည် ဟု နယ်ပယ်နှစ်ခု ထိတွေ့မှုတွင်             ဤအမြင်ကို လက်ခံကြသူများက ဆိုကြပါသည်။
            အချုပ်အားဖြင့်ဆိုသော် သိပ္ပံနှင့် ဓမ္မသဘောသည် သီးခြားမဟုတ်ဘဲ တူညီသည်များရှိကြပါသည်။ ကျမ်းသဘော နှင့် ဂရိ ဒဏ္ဍာရီ ယဉ်ကျေးမှုဆိုင်ရာ ဖန်ဆင်းခြင်း အမြင်များသည်  ဖန်ဆင်းခြင်းဆိုင်ရာ ခေတ်သစ် သိပ္ပံ အမြင်၏ ရှေ့ပြေးသဘောဖြစ်သည်။ ထို့အပြင် နယ်ပယ်နှစ်ခုတွင် တစ်ခု၏ အခန်းကဏ္ဍသည်လည်း လိုအပ်သည်။ လေ့လာပုံလေ့လာနည်း၊ တင်ပြပုံ တင်ပြနည်းများသည် မျဉ်းပြိုင်သဘောဖြစ်သော်လည်း ပိုမိုပြည့်စုံသော စကြာင်္ဝဠာဆိုင်ရာ အဖြေတစ်ခုအတွက် တခြားနယ်ပယ်တစ်ခု၏ အဖြေကိုလည်း နားထောင်ရန်လိုအပ်ပါသည်။ ဤအချက်များမှာ သိပ္ပံနှင့် ဓမ္မဒသနိကနယ်ပယ် တွေ့ဆုံရာတွင် ဒိုင်ယာလော့ဂ် အမြင်ကို လက်ခံကြသူများ၏ အခြေခံအကြောင်းတရားများ ဖြစ်ပါသည်။
(.) နှစ်ဖက်အမြင်များကို စုစည်းပြီး ပိုမိုကောင်းမွန်စေခြင်း အမြင်ဖြင့် ထိတွေ့မှု (Integration)
            ထိတွေ့မှု ပုံစံလေးမျိုးအနက် နောက်ဆုံးထိတွေ့မှု ပုံစံ မှာ နှစ်ဖက်အမြင်များကို စုစည်းပြီး ပိုမိုကောင်းမွန်စေခြင်း ဖြစ်ပါသည်။ အီယန်၊ ဂျေ၊ ဘာဘာ (Ian G. Barbour) အဆို အရ နယ်ပယ်နှစ်ခု ထိတွေ့ရာတွင် ဤအမြင်ဖြင့် ထိတွေ့ပါက ရလာဒ် မျိုး ထွက်လာနိုင်သည် ဟု ဆိုပါသည်။ ၄င်းတို့မှာ
Ø  ဓမ္မသဘောသည် သိပ္ပံနယ်ပယ်၏ အပြင်ဖက်တွင် ရှိပါသည်။ သို့ရာတွင် သိပ္ပံသည် ဓမ္မသဘော၏ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် များစွာ အထောက်အကူ ပြုသည်။
Ø  ဘုရားသခင် တည်ရှိခြင်းကို သဘာဝတရားကြီး၏ ဒီဇိုင်း က သက်သေပြသကဲ့သို့ သိပ္ပံနယ်ပယ်က  သဘာဝတရားကြီး၏ ဒီဇိုင်းအကြောင်းကို ကျွန်ုပ်တို့အား ပိုမိုသိစေပါသည်။
Ø  သိပ္ပံနှင့် ဓမ္မဒသနိကနယ်ပယ်နှစ်ခုစလုံးအား စနစ်တကျ ဆန်းစစ်ခြင်းဖြင့် နယ်ပယ်နှစ်ခုစလုံးအကျုံးဝင်သော ရုပ်လွန်နယ်ပယ် အကြောင်း၊ ဓမ္မသဘောတစ်ခုကို တည်ဆောက်ကြပါသည်။ ဥပမာသိပ္ပံနှင့် ဓမ္မဒသနိကနယ်ပယ်နှစ်ခု စုပေါင်းဆန်းစစ်၍  ဖြစ်စဉ် ဓမ္မအတွေးအခေါ် (Process Theology) ကို တည်ဆောက်လာနိုင်ပါသည်။
ပထမရလာဒ်
(ဓမ္မသဘောသည် သိပ္ပံနယ်ပယ်၏ အပြင်ဖက်တွင် ရှိပါသည်။ သို့ရာတွင် သိပ္ပံသည် ဓမ္မသဘော၏ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် များစွာ အထောက်အကူ ပြုသည်။)
ဤတွေးခေါ်မှုမျိုးသည် ဓမ္မသဘောနှင့် အစပြုသည်။ သိပ္ပံသဘောနှင့် အစမပြုပေ။ ဓမ္မအတွေးအခေါ် တစ်ခုတည်ဆောက်ရာတွင် လူသားတို့၏ ဘုရားသခင် နှင့်ဆိုင်သော အတွေ့အကြုံ၊ ဘုရားသခင်၏ သမိုင်းအတွင်း ဖွင့်ပြမှု တို့ဖြင့် အစပြုပါသည်။ သို့ရာတွင် ထိုတည်ဆောက်ခဲ့သော ဓမ္မအတွေးအခေါ်သည် ပြောင်းလဲလာသော   ရေခံမြေခံနှင့် ကိုက်ညီမှုရှိစေရန် ပြုပြင်ပြောင်းလဲမှု လုပ်ရန် လိုအပ်ပါသည်။ ခံယူပြီးသား ဓမ္မသဘော၊ တည်ဆောက်ပြီးသား ဓမ္မအတွေးအခေါ်ကို သိပ္ပံခေတ်နှင့် လျော်ညီစေရန် ပြုပြင်မှုလုပ်ရန် လိုအပ်ပါသည်။ ဥပမာဆိုရသော် ဘုရားသခင်သည် အရာအားလုံးကို ခွဲခန့်သတ်မှတ်ထားသည် ဟူသော  ဓမ္မသဘော၊ ဓမ္မအတွေးအခေါ်သည် ကျွန်ုပ်တို့၏ ဓမ္မအတွေ့အကြုံ၊ သမိုင်းတွင်း ဘုရားသခင်ဖွင့်ပြတော်မူခြင်းကို ကျွန်ုပ်တို့၏ နားလည်မှုဖြင့် တည်ဆောက်ထားသော အတွေးအခေါ်ဖြစ်ပါသည်။ ဓမ္မသဘော၊ ဓမ္မအတွေးအခေါ်သည် တည်ဆောက်ခဲ့သော ခေတ်ကာလာအခြေအနေနှင့် ကိုက်ညီမှုရှိ၍သာ ထွန်းကားလာခြင်းဖြစ်သည်။ သို့ရာတွင် ကွမ်တမ်ရူပဗေဒ သဘောတရားနှင့် အရာအားလုံးသည် တိတိကျကျ မရှိပေဟု (Quantum Physics & Principle of Uncertainity) လက်ခံလာသော ယခုသိပ္ပံခေတ်တွင် အရင်ကတည်ဆောက်ခဲ့သော           ဘုရားသခင်သည် အရာအားလုံးကို ခွဲခန့်သတ်မှတ်ထားသည် ဟူသော  ဓမ္မအတွေးအခေါ်ကို အသစ်သောနားလည်မှုဖြင့် နားလည်ရန်လိုအပ်လာ ပါသည်။ ထို့အပြင် လက်ရှိ စီးပွားရေး နိုင်ငံရေး အခြေအနေများကလည်း သိပ္ပံ၏ ကွမ်တမ်သဘောကို ထောက်ခံသည့် အခြေအနေတွင်ရှိနေပေသည်။ အကယ်၍ ဘုရားသခင်သည် အရာအားလုံးကို ခွဲခန့်သတ်မှတ်ထားသည် ဆိုပါက မြန်မာပြည်ကြီး စစ်အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ရုန်းကန်နေရခြင်းသည် ဘုရားသခင်၏ သဘောတော်လား ဟူ၍ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ ထို့ကြောင့် တစ်ခေတ်တစ်ခါက လူသားတို့၏ ဘုရားသခင် နှင့်ဆိုင်သော အတွေ့အကြုံ၊ ဘုရားသခင်၏ သမိုင်းအတွင်း ဖွင့်ပြမှုကို နားလည်မှု တို့အပေါ် အခြေခံ၍ တည်ဆောက်ခဲ့သော ဓမ္မသဘောသည် သိပ္ပံနယ်ပယ်၏ အပြင်ဖက်တွင် ရှိသော်လည်း ယခု ပြောင်းလဲလာသော ခေတ်အခြေအနေတွင် ဤဓမ္မသဘောကို အသစ်သောနားလည်မှုဖြင့် နားလည်နိုင်ရန်အတွက် သိပ္ပံနယ်ပယ်သည် လောင်စာအဖြစ် တွန်းအားပေးလျက်ရှိကြောင်း ဤရလာဒ်ကို လက်ခံကြသူများက ဆိုပါသည်။


ဒုတိယရလာဒ်
(ဘုရားသခင် တည်ရှိခြင်းကို သဘာဝတရားကြီး၏ ဒီဇိုင်း က သက်သေပြသကဲ့သို့ သိပ္ပံနယ်ပယ်က  သဘာဝတရားကြီး၏ ဒီဇိုင်းအကြောင်းကို ကျွန်ုပ်တို့အား ပိုမိုသိစေပါသည်။)
            ကက်သလစ်ခရစ်ယာန်ယုံကြည်မှု၏ ဖခင်ကြီးတစ်ဦးဖြစ်သော တောမတ်စ် အကွေးနပ်စ် (Thomas Aquinas) က ဘုရားသခင်၏ စိတ်နေသဘောတော် ကို ကျမ်းစာအားဖြင့် သိနိုင်သကဲ့သို့ ဘုရားသခင်တည်ရှိနေခြင်း အကြောင်းတရားကိုလည်း လူသားတို့၏ ဆင်ခြင်တုံတရားဖြင့် သိနိုင်သည်ဟု ဆိုပါသည်။ ဆက်လက်၍ အကွေးနပ်စ်က အရာအားလုံး၌ အကြောင်းတရားရှိရမည်။ ထိုအကြောင်းတရားကြောင့်သာ အကျိုးတရားဖြစ်လာသည် ဟုဆိုပါသည်။ ပထမအကြောင်းတရားမှာ ဘုရားသခင် ဖြစ်သည် ဟု သူက ဆိုပါသည်။ ဒုတိယအကြောင်းတရားမှာ သဘာဝတရား၏ အကျိုးအကြောင်း ဆက်နွယ်မှု (Natural Causal Chain)  ဖြစ်သည် ဟုဆိုပါသည်။ ဘုရားသခင်သည် အကျိုးအကြောင်း ဆက်နွယ်မှု သဘာဝတရားကြီး အားဖြင့် အရာအားလုံးကို ထိန်းချုပ်ထားသည်ဟု ဆိုပါသည်။
            ကမ္ဘာဆွဲငင်အားအကြောင်း ဖော်ပြခဲ့သော သိပ္ပံပညာရှင် အိုက်စက် နယူတန် (Issac Newton) က ဤမျှလောက် အနုစိတ်လှပသေချာတိကျသော ကမ္ဘာကြီး၏ လက်ရာပိုင်ရှင်သည် ဘုရားသခင်သာဖြစ်ကြောင်းဆိုပါသည်။ ၁၈ ရာစုသို့ ရောက်ရှိလာသောအခါ ၀ီလီယံ ပယ်လေ (William Paley) ဟုခေါ်သော ဘုဉ်တော်ကြီးက စကြာင်္ဝဠာကြီးသည် နာရီတစ်လုံး နှင့်တူသည်ဟု ဆိုပြီး နာရီကို ပြုလုပ်သူမှာ ဘုရားသခင်ဖြစ်သည်ဟု ဆိုပါသည်။ ဤသည်မှာ ဘုရားသခင်၏ စကြာင်္ဝဠာကြီးကို ဖန်တီးမှုအပေါ် စက်ပေါင်းများစွာနှင့် တိကျစွာ လည်ပတ်လျက်ရှိသော နာရီတစ်လုံးကို ပြုလုပ်ဖန်တီးသူအဖြစ် တင်စားခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ လက်ရာမြောက်စွာ ဖန်တီးထားသော ဒီဇိုင်းကို ညွှန်းဆိုနေကြခြင်း ဖြစ်ပါသည်။
            သိပ္ပံပညာ၏ အသစ်သော တွေ့ရှိချက်များသည် ဘုရားသခင်၏ ဒီဇိုင်းအကြောင်းကို ပိုမို နားလည်လာခြင်း သာဖြစ်သည်။ ထို့ကြောင့် သိပ္ပံ၏ တိုးတက်မှုသည် ဘုရားသခင်၏ တည်ရှိခြင်းအကြောင်းကို သွယ်ဝိုက်သောနည်းဖြင့် သက်သေခံနေခြင်းသာဖြစ်ပါသည်။ သိပ္ပံနှင့် ဓမ္မဒသနိက နယ်ပယ် တွေ့ဆုံရာတွင် နောက်ဆုံးထိတွေ့မှု အမြင်ပုံစံမှာ နှစ်ဖက်အမြင်များကို စုစည်းပြီး ပိုမိုကောင်းမွန်စေသော ထိတွေ့မှုမျိုးဖြစ်ပါသည်။ ဤထိတွေ့မှု၏ ဒုတိယ ရလာဒ်မှာ သိပ္ပံပညာသည် ဘုရားသခင်တည်ရှိကြောင်းကို သက်သေပြခြင်းဖြစ်သည် ဟူ၍ မြင်သောအမြင်ဖြစ်ပါသည်။

တတိယရလာဒ်  
(သိပ္ပံနှင့်ဓမ္မဒသနိကနယ်ပယ်နှစ်ခုစလုံးအား စနစ်တကျ ဆန်းစစ်ခြင်းဖြင့် နယ်ပယ်နှစ်ခုစလုံးအကျုံးဝင်သော ရုပ်လွန်နယ်ပယ် အကြောင်း၊ ဓမ္မသဘောတစ်ခုကို တည်ဆောက်ကြပါသည်။)
            သိပ္ပံနှင့် ဓမ္မဒသနိက နယ်ပယ် တွေ့ဆုံရာ၌ နှစ်ဖက်အမြင်များကို စုစည်းပြီး ပိုမိုကောင်းမွန်စေခြင်းအမြင်ဖြင့် ကြည့်ရှုလျှင် ရလာဒ် ၃ခု ထွက်လာနိုင်ပါသည်။ ဤရလာဒ် ခုအနက် နောက်ဆုံးရလာဒ်မှာ ပထမ ၂ခုထက် ပိုမိုကောင်းမွန်သော တစ်ခုဖြစ်ပါသည်။ စနစ်တကျ သိပ္ပံနှင့် ဓမ္မဒသနိက ကို ရောထွေးစစ်ထုတ်လိုက်ခြင်းအားဖြင့် အားလုံးအကျုံးဝင်သော ရုပ်လွန်နယ်ပယ် တစ်ခု၊ သိပ္ပံနည်းကျ ဓမ္မဒသနိကတစ်ခုကို ဖော်ထုတ်လိုက်နိုင်မည်ဖြစ်ပါသည်။ ထင်သာမြင်သာရှိသော ဥပမာတစ်ခုမှာ ဖြစ်စဉ် ဓမ္မအတွေးအခေါ် ဖြစ်ပါသည်။ (စာဖတ်သူများ ရှုပ်ထွေးမှုမရှိစေရန် ဤရလာဒ်အကြောင်းကို နောက်ဆောင်းပါးများတွင် အကျယ်တ၀င့် ရှင်းလင်းသွားမည်ဖြစ်ပါသည်။) အစဉ်အမြဲ ပြောင်းလဲနေသော သိပ္ပံ ရေခံ  မြေခံတွင် သိပ္ပံနှင့် ဓမ္မသဘော အားလုံးအကျုံးဝင်သော၊ လက်သင့်ခံနိုင်သော ဓမ္မအတွေးအခေါ်အားဖြင့် ဘုရားသခင်အကြောင်းကို ပိုမိုနားလည်လာနိုင်မည်ဖြစ်ပါသည်။
၂။ ထိတွေ့မှု ပုံစံများသည် အဘယ်ကြောင့် သိပ္ပံပညာ တစ်ဟုန်ထိုး တိုးတက်လာသည့်အချိန်တွင်မှ ထွက်ပေါ်လာရသနည်း။
            သိပ္ပံနှင့် ဓမ္မဒသနိက နယ်ပယ်နှစ်ခု တွေ့ဆုံရာ သမိုင်းတစ်လျှောက်တွင် ထိတွေ့မှု ပုံစံ လေးမျိုး  ဖြင့် ထိတွေ့
ခဲ့ကြောင်း အကျယ်တ၀င့် ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည် ) ပဋ္ဋိပက္ခအသွင် ထိတွေ့မှု (Conflict) () သီးခြားဖြစ်တည်မှုအမြင်ဖြင့် ထိတွေ့မှု (Independence) () ဒိုင်ယာလော့အမြင်ဖြင့် ထိတွေ့မှု  (Dialogue) နှင့် () နှစ်ဖက်အမြင်များကို စုစည်းပြီး ပိုမိုကောင်းမွန်စေခြင်း အမြင်ဖြင့် ထိတွေ့မှု (Integration) စသည့် ထိတွေ့မှု ပုံစံ များဖြင့် နယ်ပယ်နှစ်ခု တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါသည်။ ထိတွေ့မှု ပုံစံများသည် အဘယ်ကြောင့် သိပ္ပံပညာ တစ်ဟုန်ထိုး တိုးတက်လာသည့် ခေတ်ကာလတွင်မှ ထွက်ပေါ်လာရသနည်း။
            ပထမ အကြောင်းတရားမှာ ပညာရပ်ဆိုင်ရာ တိုးတက်မှုကြောင့် ဖြစ်ပါသည်။  သိပ္ပံပညာ၊ ဆေးပညာ၊ ဥပဒေပညာ၊ ဒသနိကပညာ၊ ဓမ္မဒသနိကပညာ အစရှိသည်တို့သည် ကျမ်းစာခေတ်ကာလ နှင့် ဂရိ ခေတ်ကာလ များတွင် သီခြားပညာရပ်များအဖြစ် ရပ်တည်ခဲ့ကြခြင်းမျိုး မရှိပေ။ အလယ်ခေတ်ရောက်မှသာ သီးခြားပညာရပ်များအဖြစ် တိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။ သီးခြားရပ်တည်ခဲ့ကြခြင်းမျိုးမရှိသည့်အတွက် ဘာသာရေးခေါင်းဆောင်သည် အတွေးအခေါ် ပညာရှုင် ဖြစ်နိုင်သည်။ တချိန်တည်းတွင် အတွေးအခေါ် ပညာရှင်သည်ပင် သိပ္ပံပညာရှင် ဖြစ်နိုင်ပါသည်။ သီးခြား ပညာရပ်မျိုးအနေဖြင့် ရပ်တည်ခြင်းမျိုး မရှိသည့်အတွက် ပညာရှင် သီးခြားမျိုး မရှိသည့် အပြင် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး သိပ္ပံပညာရပ်များ သည် ရောထွေးလျက်ရှိပါသည်။ ဥပမာဆိုရသော် ဆိုခရေးတီး သည် ယင်းခေတ်၏ အတွေး အခေါ်ပညာရှင်ဖြစ်သလို၊ ယင်းခေတ်၏ နိုင်ငံရေး သိပ္ပံပညာရှင်လည်း  ဖြစ်ပါသည်။  ထို့အပြင် ယင်းခေတ်၏ သိပ္ပံပညာရှင်ဟူ၍လည်း သတ်မှတ်နိုင်သလို ကိုယ်ကျင့်တရားပညာရှင် ဟုလည်း သတ်မှတ်နိုင်ပါသည်။ သီးခြားရပ်တည်ခဲ့ကြခြင်းမျိုးမရှိသည့်အတွက် ပညာရပ် တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့နိုင်စရာလည်း မရှိပေ။
            ဒုတိယ အကြောင်းတရားမှာ လူသားတို့၏ စကြာင်္ဝဠာသိပ္ပံနှင့် ပတ်သက်၍ နားလည်မှု လုံးလုံးလျားလျား ပြောင်းလဲသွားသောကြောင့်ဖြစ်ပါသည်။ သမ္မာကျမ်းစာခေတ်နှင့် ဂရိခေတ်တွင် ကမ္ဘာကို နားလည်မှုသည် အပြားပုံစံ နားလည်၍ အလွှာအားဖြင့် ()လွှာရှိသည်ဟု ခံယူပါသည်။ ကောင်းကင် အလွှာ၊ မြေကြီး အလွှာနှင့် မြေအောက် အလွှာ ဟူ၍သာ နားလည်ကြပါသည်။ ၄င်းတို့၏ သိပ္ပံအပေါ် နားလည်မှုကို အခြခံ၍ ၄င်းတို့၏ ဘုရားသခင်အပေါ် ယုံကြည်မှုကို  ဖော်ပြကြပါသည်။ ကောင်းကင်အလွှာသည် လူသားတို့၏ အပေါ်တွင် တည်ရှိနေသည်ဟု နားလည်သဖြင့် လူသားတို့ထက်မြင့်မြတ်သော ၄င်းတို့ ယုံကြည်သည့် ဘုရားသခင် နေသည့် အလွှာ ဟု ဖော်ပြကြပါသည်။ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့၏အဖဟု ဆုတောင်းရာတွင်  ဘုရားသခင်ကိုညွှန်းဆိုမှုသည် ထိုခေတ်ကာလတွင် ၄င်းတို့နားလည်သော သိပ္ပံကို အခြေခံ၍ ဘုရားသခင်သည် ၄င်းတို့ထက်  မြင့်မြတ် ကြောင်း၊ ဘုရားသခင်သည် ၄င်းတို့ကို အပေါ်စီးကနေကြည့်၍ အရာအားလုံးကို သိကြောင်း စသည့် ဓမ္မသဘောကို ဖော်ပြကြခြင်း မျိုးဖြစ်ပါသည်။ ခေတ်သစ် သိပ္ပံအရ ယခင်ခေတ်လူတို့ဆိုကြသည့် ကောင်းကင်ဘုံ   သည် အာကာသ ဟင်းလင်းပြင်သာ ဖြစ်ပါသည်။ သမ္မာကျမ်းစာခေတ်နှင့် ဂရိခေတ်တွင် နားလည်သော သိပ္ပံအပေါ် အခြေခံ၍ ထိုခေတ်ကလူတို့သည် မိမိတို့၏ ဘုရားသခင်နှင့် ဆိုင်သည့် ယုံကြည်မှု။ ဓမ္မသဘောကို ဖော်ပြကြသည့်အတွက် ထိုခေတ်ကာလတွင် ထွန်းကားသော သိပ္ပံပညာနှင့် တကူးတက ထိတွေ့စရာ ပဋ္ဋိပက္ခ ဖြစ်စရာ အကြောင်းမရှိပေ။ သို့ရာတွင် သိပ္ပံနားလည်မှု ပြောင်းလဲလာသောအခါ ယခင် ကျမ်းစာခေတ်နှင့် ဂရိခေတ်သိပ္ပံနားလည်မှုအပေါ်အခြေခံ၍ မိမိတို့နားလည်သော ဓမ္မသဘောကို ဖွင့်ပြမှုသည် ယခု သိပ္ပံနားလည်မှုနှင့် မအပ်စပ်သကဲ့သို့ ဖြစ်လာခြင်းကြောင့် တကူးတက ထိတွေ့မှု ဖြစ်လာရခြင်း ဖြစ်ပါသည်။ ဤအကြောင်းအရင်းများကြောင့် သိပ္ပံပညာ တဟုန်ထိုး တိုးတက်ပြောင်းလဲလာသည့် အချိန်တွင်မှ ဤသို့ထိတွေ့မှုများ  ဖြစ်လာရခြင်းဖြစ်ပါသည်။
            အစတွင် ပဋိပက္ခ အသွင် ထိတွေ့ရာမှ ဖြည်းဖြည်းချင်း တစ်ဆင့်ပြီး တစ်ဆင့် ထိတွေ့လာခြင်းမျိုး ဖြစ်ပါသည်။ မြန်မာပြည်သား ကျွန်ုပ်တို့၏ သိပ္ပံနှင့် ဓမ္မသဘောအပေါ်နားလည်မှုသည် မည်သည့် ထိတွေ့မှု အမြင်တွင် ရှိနေကြသနည်း။


နိဂုံး
            အချုပ်အားဖြင့်ဆိုသော်  မပြောင်းမလဲ တည်ရှိနေသော ဘုရားသခင်၏ ဂရုဏာတော်၊ သနားခြင်း မေတ္တာတရား အစရှိသည့် ဓမ္မသဘောများကို သိပ္ပံခေတ်တွင်နေထိုင်သောလူသားများနားလည်နိုင်ရန်အတွက်  ပြောင်းလဲနေသော သိပ္ပံသဘောတရားများအပေါ် အခြေခံ၍ ဖော်ထုတ်ရန် လိုအပ်လျက်ရှိပါသည်။ ဟီဘရူးလူမျိုးများသည် ၄င်းတို့ခေတ်တွင် လက်ခံသည့် သိပ္ပံပညာကို အခြေခံ၍ ဘုရားသခင်၏ ဖန်ဆင်းခြင်းအကြောင်းကို သမ္မာကျမ်းစာတွင် သက်သေခံသကဲ့သို့ ကျွန်ုပ်တို့သည်လည်း မျက်မှောက်ခေတ် သိပ္ပံပညာကို အခြေခံ၍ ဓမ္မသဘောများကို ခော်ထုတ်သက်သေခံရန် လိုအပ်လျက်ရှိပေသည်။ ထို့အပြင် မြန်မာ့ ခရစ်ယာန်လူမှု အသိုင်းအ၀န်းတွင်လည်း သိပ္ပံရေခံမြေခံ နှင့် ဆီလျော်သော ဓမ္မအတွေးအခေါ်များ ပေါ်ထွန်းလာနိုင်ရေးသည်လည်း မြန်မာ့ ဓမ္မဒသနိကလောကအတွက် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။
ဤခေတ်ကာလ၏ တောင်းဆိုမှုများကို လိုက်လျောနိုင်ရန်အတွက် ကျွန်ုပ်တို့ခရစ်ယာန်များသည် သိပ္ပံနှင့် ဓမ္မအတွေးအခေါ် ထိတွေ့မှုပုံစံများကို သိရှိနားလည်နိုင်ရန် လိုအပ်သကဲ့သို့ အဘယ်ကြောင့် ဤသို့ထိတွေ့ရသနည်းကိုလည်း သိရှိရန် လိုအပ်ပါသည်။ သို့မှသာ မိမိ၏ ဤနယ်ပယ် နှစ်ရပ်အပေါ် အမြင်သည်လည်း မည်သည် ထိတွေ့မှု အမြင်တွင်ရှိနေသည်ကို ဆန်းစစ်နိုင်မည် ဖြစ်သကဲ့သို့၊ သိပ္ပံနှင့်ဓမ္မအတွေးအခေါ် အပြန်အလှန် ဆက်နွယ်မှုများကို သိရှိနားလည်ခြင်းဖြင့် ကျွန်ုပ်တို့ လူမှု ၀န်းကျင်တွင် သိပ္ပံ နှင့် ဓမ္မယုံကြည်မှုကို အပြန်အလှန် ဖြည့်စွက်တည်ဆောက်ရင်း သိပ္ပံခေတ်တွင် ဘုရားသခင်ကို ပိုမို နက်ရှိုင်းစွာ ယုံကြည် နားလည်လာနိုင်မည်လည်း ဖြစ်ကာ ဘုရားသခင်၏ ဧ၀ံဂေလိတရားကိုလည်း ပိုမိုကျယ်ပြန့်စွာ သက်သေခံ ဝေမျှနိုင်မည် ဖြစ်ပါတော့သည်။
……………………………………………………….

ကျမ်းကိုး
Ian G. Barbour, When Science Meets Religion. New York: Herper One, 2000.
Dr. Saw Hlaing Bwa. Lectures on Science and Theology Class. Yangon: MIT.




No comments:

Post a Comment