(အပိုင်း ၁၊၂ အကျဉ်း....လွန်ခဲ့သော အပိုင်း၁၊၂ တွင် ခရစ်ယာန်များ နားလည်လက်ခံထားသော atonement ဆိုင်ရာ အမြင်များကို နာမည်တပ်၍ ခွဲခြားပြခဲ့ပြီး ပထမ အမြင်ဖြစ်သော ရမ်ဆမ် အမြင် Ransom Theory ကို အပိုင်း၁ တွင်လည်းကောင်း၊ ဒုတိယအမြင်တစ်ခုဖြစ်သော ခမည်းတော်ဘုရားကို ကျေနပ်စေသော အမြင် The Satisfactory Theoryကို အပိုင်း၂ တွင်လည်းကောင်း အကျယ်တစ်ဝန့် ဖော်ပြခဲ့ပါသည်။ ယခု အပိုင်း၃ တွင် နောက်ထပ် အမြင်တစ်ခု ဖြစ်သော The Christus Victor Theory ကို အကျယ် ရှင်းပြမည်ဖြစ်ပါသည်။)
ခရစ်တော်သာလျှင် အောင်မြင်သူ ဟူသော အမြင်
(The Christus Victor Theory)
သခင်ခရစ်တော် တိုင်တော်ပေါ်တွင် အသေခံခြင်းကြောင့် လူသားများ ကယ်တင်ခံရပြီ ဟူသောအမြင်မှာ ခရစ်ယာန်များ ယျေဘူယျ လက်ခံထားသော ခရစ်တော် နှင့်ဆိုင်သော အမြင်ပင်ဖြစ်သည်။ သို့ရာတွင် ဤဖြစ်စဉ် တစ်ခုလုံးတွင် ခရစ်တော်၏ အခန်းကဏ္ဍ ကို နားလည်ပုံ အမြင်များမှာ ကွဲပြားနိုင်ပါသည်။ Ransom Theory ကိုလက်ခံကြသူများ၏ အမြင်မှာ ခရစ်တော်အသေခံခြင်းသည် အပြစ်တရားကြောင့် စာတန်လက်ထဲတွင် ချုပ်နှောင်ခံထားရသော လူသားများအား ရွေးနုတ်ကယ်တင်ရန် ဟူသော အမြင်ဖြစ်ပါသည်။ ခရစ်ယာန်အများစုတွင် တွေ့ရသော အမြင်မျိုးဖြစ်ပါသည်။ Satisfactory Theory ကို လက်ခံကြသူများက ခရစ်တော်အသေခံခြင်းသည် စာတန် ဆီကို အပြစ်ကြွေးဆပ်ပြီး ရွေးနုတ်ကယ်တင်ခြင်း မဟုတ်၊ ခမည်းတော်ဘုရားသခင် ကျေနပ်မှု ရရှိစေရန် သားတော်ဘုရားက ကြားခံပေးခြင်းဖြစ်သည် ဟူသော အမြင်ဖြစ်ပါသည်။
ယခုတင်ပြမည့် အမြင်မှာ ပထမအမြင်နှစ်မျိုး နှင့် မတူပဲ ခရစ်တော် တိုင်တော်ပေါ်တွင် အသေခံခြင်းသည် စာတန်ဟုခေါ်သော ရန်သူတော်ကြီးကို အောင်နိုင်ခြင်းဖြစ်သည်ဟူသော အမြင်ပင် ဖြစ်ပါသည်။ ခရစ်တော်ကို စစ်သေနာပတိ ကဲ့သို့ မြင်သော အမြင်ပင် ဖြစ်ပါသည်။ “တက်ကြခရစ်ယာန် စစ်သည်၊ တိုက်ဖို့ချီသည်နည်း...... ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး” အစရှိသော ကျွန်ုပ်တို့ ဝတ်ပြုချိန်တွင် သီဆိုကြသော အဆိုပါ ဓမ္မသီချင်းမျိုးသည် ဤ Christus Victor Theory အမြင်ကို ကိုယ်စားပြုသော သီချင်းများဖြစ်ပါသည်။
ခရစ်တော်၏ အသွေးတော် တန်ခိုးသည် စာတန်၏ မှောင်မိုက်တန်ခိုးကို အနိုင်ယူနိုင်စွမ်းရှိသည်။ ထို့ကြောင့် ခရစ်တော် တိုင်တော်ပေါ်တွင် အသေခံရခြင်းမှာ စာတန်၏ မကောင်းမှုတန်ခိုးကို အနိုင်ယူခြင်းဖြစ်သည် ဟူသော နားလည်မှုမျိုး ဖြစ်ပါသည်။ ဤအမြင်အတွက်လည်း ကျမ်းသဘော ထောက်ခံမှုများလည်း ရှိပါသည်။ ဧဖက် ၆:၁၂ ကိုကြည့်ပါက ဝိဉာဏ်ရေးရာ တိုက်ပွဲကို တွေ့နိုင်သလို ဗျာဒိတ်ကျမ်း ၁၂:၇-၁၇ ကို ဖတ်ပါက မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့် စစ်ခင်းသည့် အကြောင်းကို တွေ့ရမည်ဖြစ်ပါသည်။ ဤကျမ်းပိုဒ်များသည် ခရစ်တော်အသေခံခြင်းသည် စာတန်ကို အနိုင်ယူခြင်းဟးသော အမြင်၏ အခြေခံဟူ၍လည်း ဆိုနိုင်ပါသည်။
ကနဦးအသင်းတော် ဖခင်များသည်လည်း ဤအမြင်ကို လက်ခံကြသူများ ရှိသော်လည်း Gustaf Aulèn ဟုခေါ်သော ဆွီဒင်လူမျိုး လူသာရင် ဘုဉ်းတော်ကြီးက Christus Victor ဟု အမည်ရသော စာအုပ်ထုတ်ချိန်ရောက်မှသာလျှင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံဆွေးနွေးလာကြခြင်း ဖြစ်ပါသည်။ Justin Martyr ဂျဒ်စတင်မာတာ ဟုခေါ်သော ကနဦးအသင်းတော် ဖခင်ကြီးက ခရစ်တော် တိုင်တော်ပေါ်တွင် အသေခံခြင်းသည် သေခြင်းကိုအောင်နိုင်ရန် အစပြုသောအချိန် ဖြစ်သည် ဟု ဆိုပါသည်။ Irenaeus of Lyon အာရေးနီးယပ်စ် ဟု ခေါ်သော အသင်းတော်ဖခင်ကြီးကလည်း ဖန်ဆင်းခြင်းပြီးသည့်အခါ စာတန်သည် ဘုရားသခင်၏အကြံအစည်ကို နှောက်ယှက်နိုင်ခဲ့သညါ။ လူသားများကို စွဲဆောင်နိုင် ခြင်းအားဖြင့် အောင်မြင်ခဲ့သည်။ သို့ရာတွင် ခရစ်တော် အားဖြင့် ပြန်လည် အနိုင်ယူခဲ့သည် ဟု ဆိုပါသည်။
Gustaf Aulèn (၁၈၇၉-၁၉၇၇) ဟုခေါ်သော ဆွီဒင်လူမျိုး လူသာရင် ဘုဉ်းတော်ကြီးက Christus Victor ဟု အမည်ရသော စာအုပ်တွင် ခရစ်တော် အသေခံခြင်းသည် စာတန်ကိုအနိုင်ယူခြင်းဖြစ်ကြောင်း၊ ကျမ်းသဘောနှင့် ညီကြောင်း ဆိုပါသည်။ ၄င်းက Anselm ၏ Satisfactory Theory နှင့် Peter Abelard ၏ Atonement ဆိုင်ရာ အမြင်များကို ဝေဖန်ပါသည်။ ( Peter Abelard ၏ အပြစ်လွှတ်ခြင်းဆိုင်ရာ Atonement အမြင်ကို လာမည့် အခန်းဆက်များတွင် ဖော်ပြသွားမည်ဖြစ်ပါသည်။) သို့ရာတွင် Gustaf Aulèn ၏ အမြင်သည် Ransom နားလည်မှု၏ အားနည်းချက်များကို ဖာထေးသကဲ့သို့ ဖြစ်ပါသည်။
၄င်းက ခရစ်တော်သည် အောင်နိုင်သူဖြစ်ကြောင်းကို ရမ်ဆမ်အမြင်နှင့် ရောထွေးစေခြင်းဖြင့် ရမ်ဆမ်အမြင်၏ အားနည်းချက်များကို ဖုံးကွယ်စေပါသည်။ ရမ်ဆမ်အမြင်တွင် ခရစ်တော်၏ အသွေးတော်သည် လူသားတို့ကို စာတန်လက်မှ ရွေးနုတ်စေသည့် အဖိုးအခ အဖြစ် မြင်ပါသည်။ ရမ်ဆမ် အမြင်တွင် ခရစ်တော်သည် စာတန်နှင့် အလျော်အစားပြုလုပ်ရသည့် ကြားခံဖြစ်သည်။ ရမ်ဆမ်တွင် စာတန်သည် တရားဝင် အသိအမှတ်ပြုရသည့် ဘုရားသခင်၏ ဆန့်ကျင်ဖက် အရှိတရားဖြစ်ပါသည်။ ထို့ကြောင့် စာတန်လက်ထဲတွင်ရောက်နေသူများကို ဘုရားသခင်က ခရစ်တော်၏ အသွေးတော်ဖြင့်ပြန်ရွေးခြင်းဖြစ်ပါသည်။ ယခု Christus Victor အမြင်တွင် ခရစ်တော်သည် စာတန်ကိုအနိုင်ယူသူဖြစ်ပါသည်။ စာတန်ကို အပေးအယူလုပ်ခြင်းမျိုးမဟုတ်ပေ။ စာတန်ကို အောင်နိုင်ခြင်းဖြစ်သည်ဟူသော အမြင်ဖြစ်ပါသည်။ အသင်းတော်တွင် ကနဦး ရမ်ဆမ်နားလည်မှုကို လက်ခံရာမှ ဤအမြင်ကို ပိုမိုနှစ်ခြိုက်လာကြပါသည်။ အကြောင်းမှာ ရမ်ဆမ်၏ ထောက်ကွက်များကို ဤအမြင်က ကာသတ်နိုင်ခြင်းကြောင့် ဖြစ်ပါသည်။
သို့ရာတွင် ဤAtonement အမြင်သည်လည်း အားနည်းချက် အားသာချက်များ ရှိသော အမြင် ဖြစ်ပါသည်။ ဤအမြင်၏ ပထမအားနည်းချက်မှာ ခရစ်တော်သည်စာတန်ကို အောင်နိုင်သည်ဟု ဆိုသော်လည်း လက်ရှိတွင် မကောင်းမှု စွမ်းအားများ တိုးပွါးနေခြင်းမှာ စိန်ခေါ်ချက်ဖြစ်ပါသည်။ ဒုတိယအားနည်းချက်မှာ ဤatonement အမြင်တွင် ကယ်တင်ခြင်းအတွက် လူသား၏ အခန်းကဏ္ဍမှာ ပျောက်ကွယ်လျက်ရှိပါသည်။ ခရစ်တော်သည် စာတန်ကိုအနိုင်ယူခြင်းဖြင့် လူသားများလွတ်မြောက်ခြင်းတွင် လူသား၏ အခန်းကဏ္ဍမှေးမှိန်သည့် သဘောဖြစ်ပါသည်။ ဘေးနားမှ လေ့လာသူအဖြစ်ရှိနေသည့်သဘောသာဖြစ်ပါသည်။ တတိယအချက်မှာ ဤအမြင်သည် မကောင်းမှုပါလုံးကို စာတန်ထံသို့ အပြစ်ပုံထားခြင်း ဖြစ်ပါသည်။ စတ္တုထအချက်မှာ ဤatonement အမြင်တွင် လူသားများသည် စာတန်ထံတွင် အပြစ်တရားကြောင့် လှောင်ပိတ်မိနေရာမှ ခရစ်တော်စာတန်ကို အောင်နိုင်ခြင်းကြောင့် လွတ်မြောက်ခြင်းရသည်ဟု မြင်ပါသည်။ သို့ရာတွင် ခရစ်တော် စာတန်ကို နိုင်သည်မှာ လူသားအားလုံးအတွက် မဟုတ်ဘဲ ခရစ်ယာန် အတွက်ပဲလား ဟူသော မေးခွန်းမှာလည်း ဤအမြင်၏ အားနည်းချက်ပင်ဖြစ်ပါသည်။
အားသာချက်များလည်း ရှိပါသည်။ ရမ်ဆမ်အမြင်ကဲ့သို့ပင် ဤအမြင်သည် လူသားတို့အတွက် ခရစ်တော် တိုင်တော်ပေါ်တွင်အသေခံသည်၊ ရှင်ပြန်ထမြောက်သည် ဟူသော ယုံကြည်ချက်ကို ပိုမိုခိုင်မာစေပါသည်။ ဒုတိယအချက်မှာ ဤအမြင်သည် နေ့စဉ် ကျွန်ုပ်တို့ မကောင်းမှုများမှင့် ဆိုင်ပြိုင်တိုက်လှန်နေရမည်။ ခရစ်တော်၏ အသွေးတော် တန်ခိုးဖြင့် အောင်နိုင်ခြင်းရမည် ဟူသော ယုံကြည်မှုကို ပိုမိုခိုင်မာစေပါသည်။
ခရစ်ယာန်များအကြားတွင်လည်း ဤအမြင်ကို ဤသို့ နာမည်တပ်၍ စနစ်တကျ သိပြီး လက်ခံသူများ ရှိသကဲ့သို့ မသိပဲနှင့် ဤနားလည်မှုဖြင့် ခရစ်တော်၏ အသေခံခြင်း အပြစ်လွှတ်ကယ်တင်ခြင်းကို လက်ခံကြသူများလည်း ရှိနိုင်ပါသည်။
(အပိုင်း၃ ပြီးပါပြီ။ အပိုင်း၄ တွင် Peter Abelard ၏ Atonement ဆိုင်ရာ သီအိုရီကို ဖော်ပြသွားမည်ဖြစ်ပါသည်။)
Reference:
1. Andrew Sung Park, Triune Atonement (Louisville: Westminster John Knox Press,2009)
2. Allister E McGrath, Christian Theology, 6th ed (Wiley Blackwell,2017)
No comments:
Post a Comment