အပြစ်ဖြေလွှတ်ကယ်တင်ခြင်း (Atonement)
အပိုင်း ၄
(အပိုင်း ၁၊၂၊၃ အကျဉ်း ....အပိုင်း ၁ တွင် ဤအခန်းဆက် ဆောင်းပါးရှည် တစ်ခုလုံး၏ ရည်ရွယ်ချက်ကို ဖော်ပြခဲ့ပါသည်။ အပြစ်လွှတ်ကယ်တင်ခြင်း ဖြစ်စဉ်တစ်ခုလုံး Atonement ကို မြင်သော အမြင်များကို နာမည်တစ်ခုချင်းဆီ ဖော်ပြခဲ့ပြီး အပိုင်း ၁ တွင် Ransom Theory ကို အားနည်းချက် အားသာချက်များနှင့် တစ်ကွ ဖော်ပြခဲ့ပါသည်။ အပိုင်း ၂ တွင် ဒုတိယ အမြင်တစ်ခုဖြစ်သော Satisfication Theory ကိုလည်း အားနည်းချက် အားသာချက် များနှင့် ဖော်ပြခဲ့ပါသည်။ အပိုင်း ၃ တွင်လည်း နောက်ထပ်အမြင် တစ်မျိုးဖြစ်သော Christus Victor Theory ကို ဖော်ပြခဲ့ပါသည်။ ယခုအပိုင်းတွင် နောက်ထပ်အမြင်တစ်ခုဖြစ်သော Peter Arbelard ၏ အပြစ်လွှတ်ခြင်းဆိုင်ရာ Atonementနားလည်မှုကို တင်ပြသွားမည်ဖြစ်ပါသည်။)
စာရိတ္တပိုင်းဆိုင်ရာ နားလည်မှု (Moral Influence Theory)
Ransom Theory, Satisfication Theory နှင့် Christus Victor Theory တို့၏ နားလည်မှု နှင့် မတူဘဲ ဤအမြင်တွင် လူသားတို့၏ အခန်းကဏ္ဍကို တွေ့ရမည်ဖြစ်ပါသည်။ Ransom Theory တွင် ခရစ်တော်ကို အလျော်အစား တစ်ခုအသွင် နားလည်မှုဖြင့် နားလည်ပြီး Satisfication Theory တွင် ခရစ်တော်ကို ခမည်းတော်ကျေနပ်မှုရစေရန် ကြားဝင်ပေးသူအဖြစ် ရှုမြင်ခြင်းဖြစ်ပါသည်။ Christus Victor Theory တွင် ခရစ်တော်ကို စာတန်ကို အနိုင်ယူသူအဖြစ် ဖော်ဆောင်ပါသည်။ အထက်ပါ အမြင်သုံးခု၏ ကယ်တင်ခြင်းဖြစ်စဉ် နားလည်မှုတွင် လူသား၏ အခန်းကဏ္ဍသည် မှေးမှိန်လျက်ရှိသည်ကိုတွေ့ရပါသည်။ သို့ရာတွင် ယခုအမြင်သည် လူသားတို့၏ စာရိတ္တပိုင်းဆိုင်ရာများကို အဓိကဦးတည်ကာ Atonement ကို နားလည်ကြောင်း တွေ့နိုင်ပါသည်။
Clement ကလီးမန့် ဟု ခေါ်သော အသင်းတော်ဖခင်ကြီးက ခရစ်တော်၏အသွေးတော်သည် လူသားတို့ကို ကယ်တင်ရာတွင် နောင်တရခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတွင်ရှိသည် ဟု ၄င်းက ဆိုပါသည်။ ခရစ်တော် လူသားများကို ကယ်တင်သည် ဟု ဆိုရာတွင် မျက်လှည့်ဆန်ဆန် ကယ်တင်ခြင်းမျိုး မဟုတ်ဘဲ ကယ်တင်ခြင်းနှင့် ခွဲခြား၍မရသော နောင်တရခြင်း ကဏ္ဍလည်း ရှိပါသည် ဟု ၄င်းက ဆိုပါသည်။ အဆိုပါ အမြင်သည် ယခု တင်ပြမည့် atonement ဆိုင်ရာနားလည်မှု၏ ရှေ့ပြေးအမြင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
Peter Abelard ပီတာအာ့ဘီလဒ် (၁၀၇၉-၁၁၄၂) သည် Clement ၏ နားလည်မှုကို အခြေခံကာ အလယ်ခေတ်တွင် Atonement ဆိုင်ရာ နားလည်မှုအဖြစ် ပုံဖော်ခဲ့သူဟုဆိုနိုင်ပါသည်။ Abelard က Atonement ဆိုင်ရာ နားလည်မှုကို ပုံဖော်ရာ၌ ၎င်း၏ အပြစ်တရားအပေါ် နားလည်မှုနှင့် အစပြုသည်ကို တွေ့ရပါသည်။ ၎င်းက အပြစ်ဆိုသည်မှာ ဘုရားသခင်ကို မထီမဲ့မြင်ပြုခြင်းနှင့် မကောင်းမှုအတွက် ခေါင်းညိတ် ခြင်းဟု နားလည်ပါသည်။ ထို့ကြောင့် သူသည် original sin ဗီဇအတွင်းကပင် အပြစ်သားဟူသော အမြင်ကို လက်မခံပေ။ ထို့အပြင် သခင်ခရစ်တော်၏ အသေခံခြင်းသည် လူသားတို့၏ ဗီဇအပြစ်အတွက်ဟူသော အမြင်ကို ဆန့်ကျင်သလို အမှန်တကယ်ပြုမူခဲ့သော အပြစ်အတွက် အသေခံသည်ဟူသော အမြင်ကိုလည်း လက်မခံပေ။ သူက ဘုရားသခင်သည် ခရစ်တော်၏ အသွေးသွန်းခြင်း မရှိပါလျက်နှင့်လည်း လူသားတို့၏ အပြစ်များကို ဖြေလွှတ် နိုင်သည်ဟု ဆိုပါသည်။
Abelard က သူ၏ Exposition of the Epistle to the Romans ဟူသော စာအုပ်တွင် သူ၏ Atonement ဆိုင်ရာ အမြင်ကို တင်ပြထားပါသည်။ သမရိုးကျနားလည်သော ခရစ်တော်သေခြင်းနှင့် Atonement ဆိုင်ရာ နားလည်မှုကို မေးခွန်းထုတ်ကာ အရင်က နားလည်ခဲ့သော Ransom အမြင်နှင့် Anselm ၏ Satisfactionအမြင်ကို ဝေဖန်ခဲ့ပါသည်။ Anselm ကဲ့သို့ပင် Ransom Theory က လက်ခံသော စာတန်၏ အခန်းကဏ္ဍကို ဝေဖန်ပါသည်။ Abelard အတွက် ဘုရားသခင်သည် စာတန်ကို ခရစ်တော်အားဖြင့် အလျော်အစားလုပ်ပြီး အပြစ်လွှတ်ခြင်းထက် ဒီအတိုင်းအပြစ်လွှတ်နိုင်သည်ဟု မြင်ပါသည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် တိုင်တော်တွင် အသွေးသွန်း အသေခံသနည်း။ ထို့အတူ Anselm ၏ Satisfactionအမြင်ကိုလည်း ထောက်ပြပါသည်။ အပြစ်မရှိသော ခရစ်တော် အသေခံခြင်းကို ခမည်းတော်က ကျေနပ်နေနိုင်မည်လား ဟူသော ဝေဖန်မှုပင်ဖြစ်ပါသည်။ ခရစ်တော် အသေခံလိုက်လျှင်လည်း အသေမခံကဲ့ကထက် လူသားများ ပိုမို ကောင်းမွန်သွားလား ဟူသော မေးခွန်းမျိုးဖြင့် Ransom Theory နှင့် Satisfaction Theory က လက်ခံသော ခရစ်တော်၏ အသေခံခြင်းကိုမေးခွန်းထုတ်ပါသည်။
Abelard အတွက် ခရစ်တော်အသေခံခြင်းမှာ အပြစ်လွှတ်ခြင်းသဘောထက် သာလွန်သည်ဟုဆိုပါသည်။ ခရစ်တော်တိုင်တော်ပေါ်တွင်သေခံခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဖော်ကျူးသော ပြယုဒ်ဖြစ်ပါသည်။ ထို့အပြင် ခရစ်တော်၏ အလုပ်အားဖြင့် လူသားတို့အပေါ် မည်သို့ အသက်ရှင်သန်ရမည်ကို သွန်သင်သော သွန်သင်ချက်ဖြစ်သည် ဟု ၄င်းက ဆိုပါသည်။ နာကျင်မှုများခံစားနေရသော ခရစ်တော်ထဲတွင် ဘုရားသခင်၏ နက်နဲသော ချစ်ခြင်းမေတ္တာကို တွေ့နိုင်ပါသည်။ ခရစ်တော်သည် လူသားတို့အတွက် ပုံဉပမာ ဖြစ်ပါသည်။ ကားတိုင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဖော်ပြရာ ဖြစ်သည်။ ကားတိုင်ပေါ်မှ ခရစ်တော်အားဖြင့် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာကို ဖော်ပြကာ လူသားများကို မှောင်မိုက်တန်ခိုးမှ ကင်းဝေးစေပါသည်။ ဘုရားသခင်သည် အကြောက်တရားအားဖြင့် လူသားများကို ကယ်တင်ခြင်း မဟုတ်ဘဲ ချစ်ခြင်းမေတ္တာကို ခရစ်တော်၌ ဖော်ပြကာ လွတ်မြောက်ခြင်း ပေးခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ သားသမီးများအဖြစ် ခံစားခွင့်ရလာခြင်း ဖြစ်ပါသည်။
ထို့အပြင် ခရစ်တော်သည် တိုင်တော်ပေါ်တွင် အသေခံဖို့သက်သက် လောကကြီးတွင် အသက်ရှင်သန်လာခြင်းမဟုတ်ပေ။ Abelard က သခင်ခရစ်တော်၏ အလုပ်နှင့် ဘဝကို မီးမောင်းထိုးပြပါသည်။ ခရစ်တော် လောကကြီးတွင် အသက်ရှင်သန်ရခြင်းမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မျှဝေဖော်ပြရန်အတွက်ဖြစ်ပါသည်။ ထို့အပြင် လူသားများကိုလည်း ဘုရားသခင်၏ မေတ္တာဆီသို့ သိမ်းသွင်းရန်အတွက်ပင်ဖြစ်ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ခံစားရသောအခါ ဘုရားသခင်ထံမှ မှောင်မိုက်မှ လွတ်မြောကခြင်းကို ခံစားရကာ ထိုသို့ခံစားရသော သူများသည်လည်း ခရစ်တော်ကဲ့သို့ စိတ်နေစိတ်ထားများ မွေးမြူရန်ဖြစ်ပါသည်။
ကယ်တင်ခြင်းဟုဆိုရာတွင် နည်းဉပဒေသများ မဟုတ်ဘဲ ခရစ်တော်ကဲ့သို့ ချစ်ရန် ဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါ နားလည်မှုဖြင့် ခရစ်တော် တိုင်တော်ပေါ်တွင်အသေခံခြင်းကို နားလည်သောအခါ လူသားတို့၏ အခန်းကဏ္ဍသည် Atonement နားလည်မှုတွင် အရေးပါလာခြင်း ဖြစ်ပါသည်။ အဆိုပါ နားလည်မှုတွင်လည်း အားနည်းချက် အားသာချက်များရှိပါသည်။ အားသာချက် ပထမ အချက်မှာ Moral Influence Theory သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အသားပေးခြင်းဖြစ်ပါသည်။ ဒုတိယ အချက်မှာ ဤနားလည်မှုတွင် အပြစ်လွှတ်ခြင်းဟု ဆိုရာ၌ နောင်တရခြင်းသဘော ပါဝင်ပါသည်။ တတိယ အားသာချက်မှာ ဤနားလည်မှုတွင် ခရစ်တော်ကို စံထားခြင်း၊ ကယ်တင်ခြင်းဖြစ်စဉ်တွင် ခရစ်တော်လမ်းစဉ်ကို လိုက်လျှောက်ခြင်းတို့ ပါဝင်ခြင်းဖြစ်ပါသည်။ စတုတ္ထ အားသာချက်မှာ Satisfactions Theory တွင် ခရစ်တော်၏ အသေခံခြင်းကိုသာ အလေးထားသော်လည်း ယခုအမြင်တွင်မူ ခရစ်တော်၏ လူသားဘဝတစ်ခုလုံးကို အလေးထားခြင်းဖြစ်ပါသည်။
အားနည်းချက်များလည်း ရှိပါသည်။ အဆိုပါ အမြင်အရ သခင်ခရစ်တော်သည် ဘုရားသခင်၏မေတ္တာကို ဖော်ပြရန် အတွက် အားလုံးကိုယ်စား အသတ်ခံရသည့် သဘောဆိုသော်လည်း အသတ်ခံရခြင်းလား အသေခံခြင်းလား ရှင်းလင်းမှုမရှိပေ။ ထို့အပြင် ခရစ်တော် လောကတွင် ရှိနေခြင်း၏ ရည်မှန်းချက်မှာ တိုင်တော်ပေါ်တွင် အသေခံပြီး ဘုရားမေတ္တာကို ဖော်ပြရန်သက်သက်လား။ ထိုသို့ဆိုလျှင် နာဇရတ်ကြေညာစာတမ်း (လုကာ ၄:၁၈-၂၁) အရ ဘုရားသခင်၏ ရည်ရွယ်ချက်ရော မှေးမှိန်သွားပြီလားဟု မေးခွန်းထုတ်စရာပင်။ ဒုတိယ အားနည်းချက်မှာ ဤအမြင်သည် ကယ်တင်ခြင်းဖြစ်စဉ်တွင် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို လျစ်လျူရှုထားသလို ဖြစ်စေပါသည်။
ယနေ့ ခရစ်ယာန်များ ကြားတွင်လည်း အဆိုပါ နားလည်မှုဖြင့် ခရစ်တောိ အသေခံခြင်း အပြစ်လွှတ်ခြင်းများကို နားလည်ကြသူများလည်း ရှိကြပါသည်။
(အပိုင်း ၄ ပြီးပါပြီ။ အပိုင်း ၅ တွင် John Calvin ၏ Atonement ဆိုင်ရာ နားလည်မှု ကို ဆက်လက်တင်ပြမည်ဖြစ်ပါသည်။)
Reference
-Allister E McGrath, Christian Theology; An Introduction, 6th ed (Blackwell, 2017)
-Andrew Sung Pak, Triune Atonement (Westminster John Knox Press, 2009)
-Jonathan Hill, The History of Christian Thought (A Lion Book,2003)
No comments:
Post a Comment