(Atonement အခန်းဆက် ဆောင်းပါးကို နောက် အပတ်များတွင် ဆက်လက်ရေးသားသွားပါမယ်။ဤဆောင်းပါးကို အရင်ရေးသားချင်စိတ် ပေါ်လာရခြင်းကြောင့် အရင်ရေးလိုက်ရခြင်းဖြစ်ပါတယ်။ အခန်းဆက်ရသလေး ပျက်သွားရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။)
အာဒံ ။ ။ သမိုင်းဝင် ပုဂ္ဂိုလ်? (သို့မဟုတ်) ဒဏ္ဍာရီ ပုဂ္ဂိုလ်? (Adam: Historial Person? or Mythical Person?)
နိဒါန်း
ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ ခရစ်ယာန်ဓမ္မပညာကို အသက်အရွယ် အပိုင်းအခြားအလိုက် အဆင့်ဆင့် ဘဝတောက်လျှောက် သင်ကြားခံယူရန် အခြေအနေမရခဲ့သော၊ အခြေအနေ မပေးခဲ့သော ခရစ်ယာန် စာဖတ်သူများနှင့် ဓမ္မဒဿနိကဗေဒကို စိတ်ဝင်စားသော စာဖတ်သူ မည်သူကိုမဆို ပြောင်းလဲနေသော ကမ္ဘာ့အမြင်တွင် ခရစ်ယာန်ယုံကြည်မှုကို မည်သို့နက်နဲစွာ နားလည်တည်ဆောက်ကြသည်ကို စာရေးသူ သိမှတ် နားလည်သလောက် ဝေမျှလိုခြင်းဖြစ်ပါသည်။ သမရိုးကျလက်ခံသော ခရစ်ယာန်တို့၏ ကမ္ဘာဦးဆိုင်ရာနားလည်မှု ကို မေးခွန်းထုတ်ခြင်းဖြင့် ဤ ဆောင်းပါးသည် ဘုရားသခင် နှင့် သမ္မာကျမ်းစာကို မထီမဲ့မြင်ပြုခြင်းမျိုး မဟုတ်ဘဲ သမ္မာကျမ်းစာကို ပိုမိုနက်ရှိုင်းစွာ လက်ခံကာ ယနေ့ခေတ်တွင် မိမိတို့၏ ဓမ္မဒဿနကို ပြောင်းလဲနေသော သိပ္ပံကမ္ဘာ့အမြင် နှင့်အညီ တည်ဆောက်ရန် ရည်ရွယ်ပါသည်။
သမိုင်းဝင် နှင့် ဒဏ္ဍာရီ
ကျွန်ုပ်တို့၏ စိတ်တွင် အကြောင်းအရာ တစ်ခုကို ပြောဆိုမည် ဆိုပါက အဆိုပါ အကြောင်းအရာသည် အမှန်တကယ် ရှိ၊မရှိ(သို့မဟုတ်) အမှန်တကယ် ဖြစ်ခဲ့ခြင်း မဖြစ်ခဲ့ ခြင်းသည် အကြောင်းအရာတစ်ခုလုံး၏ အရေးပါဆုံး အရာ တန်ဖိုး ဟု သတ်မှတ်တတ်ကြပါသည်။ ထို့ကြောင့် ဤတန်ဖိုးဖြတ်မှုအပေါ် မူတည်၍ အမှန်တကယ် ရှိခဲ့ခြင်း (သမိုင်းဝင် ဖြစ်မှု) သည် ကျွန်ုပ်တို့၏ ယုံကြည်မှု တစ်ခုကို တည်ဆောက်ရာတွင် အခြေခံကျသည်ဟု မြင်လာကြခြင်းဖြစ်ပါသည်။
ဤသို့ဆိုသော် အမှန်တကယ် မတည်ရှိခဲ့သော အကြောင်းအရာများတွင်လည်း တန်ဖိုး မရှိတော့ပြီလား ဟု စဉ်းစားစရာပင် ဖြစ်လာပါသည်။ ဒဏ္ဍာရီ ဟု ဆိုလိုက်တိုင်း အဆိုပါ အကြောင်းအရာသည် ကျွန်ုပ်တို့၏ ဘဝတွင် အမှန်တကယ် တန်ဖိုးမဲ့သွားခြင်းမျိုး မဟုတ်ပေ။ ကျွန်ုပ်တို့၏ ယုံကြည်မှု တည်ဆောက်ရာတွင်လည်း အရေးပါနေဆဲပင် ဖြစ်ပါသည်။ ဒဏ္ဍာရီများထဲမှ အဆိုပါ ဒဏ္ဍာရီကို ဖန်တီးသော လူသားတို့၏ တန်ဖိုးထားမှု၊ နားလည်မှု သိပ္ပံအမြင် များကို နားလည်နိုင်ပါသည်။ ထို့အပြင် အဆိုပါ ဒဏ္ဍာရီများမှ ပေးနေသော သတင်းစကားသည် ယနေ့ ကျွန်ုပ်တို့ သက်ဝင်ယုံကြည်မှုတွင် အရေးပါလျက်ရှိနေတုန်းပင် ဖြစ်ပါသည်။ ဥပမာဆိုရသော် မဟာဇနက မင်းသားအကြောင်းတွင် မဟာဇနက မင်းသားသည် မေခလာ နတ်သမီးနှင့် မတွေ့ခင် အထိ ပင်လယ်ပြင်တွင် လက်ပစ်ကူးနေသည်မှာ ယုတ္တိရှိသည် မရှိသည်ထက် ဤအကြောင်းအရာတွင် မဆုပ်မနစ် ကြိုးစားမှု၏ ရလာဒ် အကြောင်း သိတင်းစကားသည် ယခုအချိန်အထိ ခွန်အားရလျက် ရှိနေတုန်းပင် ဖြစ်ပါသည်။
ထို့ကြောင့် သမိုင်းဝင်ဖြစ်ခြင်း ဒဏ္ဍာရီဖြစ်ခြင်း သည် အတု၊ အစစ်ဖြစ်ခြင်း တန်ဖိုးရှိခြင်း တန်ဖိုးမဲ့ခြင်း ဟု ခွဲခြားရန်အတွက် မဟုတ်ဘဲ သမိုင်းဝင်ဖြစ်ခြင်းမှ သင်ယူစရာများ ရှိသလို ဒဏ္ဍာရီဖြစ်ခြင်းမှလည်း တည်ဆောက်စရာများ များစွာရှိနေသည်ကို သတိမူရန်ဖြစ်ပါသည်။ ထို့အပြင် ယခု တင်ပြမည့် အာဒံသမိုင်းဝင်လူသားဖြစ်ခြင်း သို့မဟုတ် ဒဏ္ဍာရီ လူသားဖြစ်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ကယ်တင်ခြင်း တန်ဖိုးများကို ယုတ်လျော့သွားစေမည် မဟုတ်သည့် အပြင် မိမိတို့၏ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုသည်လည်း ယိုင်နဲ့သွားမည် မဟုတ်ပေ။ ပြောင်းလဲနေသော ကမ္ဘာ့အမြင်တွင် အာဒံကို သမိုင်းဝင်လူသားအဖြစ် လက်ခံခြင်းက ပိုမိုဆီလျော်မည် သို့မဟုတ် အာဒံကို ဒဏ္ဍာရီလူသားအဖြစ် လက်ခံခြင်းက ယနေ့ခေတ်တွင် ဘုရားသခင်အကြောင်းကို ဝေမျှရာတွင် ပိုမို ခရီးရောက်မည် စသည့် လက်ခံမှု အမြင်ဖြင့်သာ အာဒံ သည် ဘယ်သူနည်းဆိုသော ယူဆချက်ကို ချဉ်းကပ်မည်သာ ဖြစ်ပါသည်။
သမ္မာကျမ်းစာ နှင့် ဘုရားသခင်၏ ဖွင့်ပြခြင်း
သမ္မာကျမ်းစာလာ အာဒံ အကြောင်း မတင်ပြမီ သမ္မာကျမ်းစာ အပေါ် ခရစ်ယာန်တို့ လက်ခံသော ယျေဘူယျ အမြင်များကို တင်ပြလိုပါသည်။ သမရိုးကျ နားလည်မှုတွင် သမ္မာကျမ်းစာသည် ဘုရားသခင် မှုတ်သွင်းထားသော (verbal inspiration) အမှားအယွင်း လုံးဝမရှိသော စာလုံး တစ်လုံးစီပင် အမှားအယွင်းမရှိသော တစ်ခုတည်းသော ဘုရားသခင်၏ ဖွင့်ပြခြင်း ဟု နားလည်ပါသည်။ ဤအမြင်တွင် ရပ်တည်နေသူများက အာဒံကို သို့လော ...သို့လော ဟု သုံးသပ်ခြင်းသည် ဘုရားသခင် တိုက်ရိုက် မှုတ်သွင်းထားသော သမ္မာကျမ်းစာလာ အကြောင်းအရာကို ဝေဖန်သုံးသပ်မှု (criticism) ဖြစ်သည့်အတွက် လက်ခံမှု ရှိလိမ့်မည် မဟုတ်ပေ။
ဒုတိယအမြင်မှာ သမ္မာကျမ်းစာသည် ဘုရားသခင် လူသားများအားဖြင့် ဖွင့်ပြထားသော အရာ ဟူသော အမြင်ဖြစ်ပါသည်။ ထို့ကြောင့် ဤအမြင်တွင် အပိုင်း နှစ်ပိုင်း ရှိနေမည် ဖြစ်ပါသည်။ ဘုရားသခင် နှင့် လူသား ဟူ၍ ဖြစ်ပါသည်။ ဘုရားသခင် လူသားများအားဖြင့် ဖွင့်ပြထားသည် ဖြစ်သောကြောင့် သမ္မာကျမ်းစာ၏ ဥဿုံမှန်ကန်မှု ဟု ဆိုရာတွင် ဘုရားသခင် အပိုင်း (Divine Truth) ကို ဆိုလိုခြင်း ဖြစ်ပြီး လူသားအပိုင်းတွင်လည်း အားနည်ချက်များ (Human Error) ရှိနိုင်ပါသည်။ ဤအမြင်တွင် ရပ်တည်နေသူများက အာဒံကို သို့လော ...သို့လော ဟု သုံးသပ်ခြင်းသည် ဘုရားသခင် အပိုင်းကို ဝေဖန်ခြင်း မဟုတ်ဘဲ လူသားတို့ ၏ တင်ပြမှု၊ အရေးအသား၊ ဘက်လိုက်မှု၊ ခေတ်ကာလ အပိုင်းကို သုံးသပ်ခြင်း ဟူ၍ လက်ခံနိုင်ပါသည်။ ဤအမြင်အထိ သမ္မာကျမ်းစာဟု ဆိုရာတွင် ဘုရားသခင်၏ ဖွင့်ပြခြင်း ဟု တိုက်ရိုက်လက်ခံကြခြင်း မျိုးဖြစ်ပါသည်။
တတိယ အမြင်မှာ သမ္မာကျမ်းစာသည် ဘုရားသခင်၏ တိုက်ရိုက်ဖွင့်ပြခြင်း မဟုတ်ပေ။ ဘုရားသခင်၏ ဖွင့်ပြခြင်းကို လူသားတို့ နားလည်သလောက် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ၍ မှတ်တမ်းတင်ထားသည့် အရာဟု လက်ခံကြခြင်းဖြစ်ပါသည်။ လူသားတို့ မှတ်တမ်းတင်ထားသည့် အရာဖြစ်သည့်အတွက် လူသားတို့နားလည်သည့် ပုံစံဖြင့်သာ မှတ်တမ်းတင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်တော်မူသည် ဟူသော ဖွင့်ပြချက်ကို မှတ်တမ်းတင်ရာတွင် ထိုခေတ်အခြေအနေက နားလည်သော နားလည်မှု၊ ထိုခေတ်က လက်ခံသော သိပ္ပံသဘော၊ ထိုခေတ်က တွေးခေါ်သော အတွေးအခေါ်အပေါ် အခြေခံပြီး အများနားလည်လက်ခံနိုင်စေရန် မှတ်တမ်းတင်မည် ဖြစ်ပါသည်။ ဤအမြင်တွင် ရပ်တည်နေသူများက အာဒံကို သို့လော ...သို့လော ဟု သုံးသပ်ခြင်းသည် ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်တော်မူသည် ဟုဆိုသော ဘုရားသခင်၏ ဖွင့်ပြချက်ကို ငြင်းဆန်ခြင်းမျိုး မဟုတ်ဘဲ အဆိုပါဖွင့်ပြချက်ကို ယနေ့ခေတ်တွင် လူအများ ပိုမိုနားလည် လက်ခံနိုင်စေရန် ယနေ့ခေတ်အမြင်ဖြင့် ဆီလျော်ရန် ကြိုးပမ်းနေကြခြင်းမျိုးဖြစ်သည်ဟု လက်ခံနိုင်ပါသည်။
ပြင်သစ်ဆရာဝန်၊ တိုရာကျမ်းစာ နှင့် အရင်းအမြစ်လေးခု
ပြင်သစ်လူမျိုး ဆရာဝန် တစ်ဦးဖြစ်သော Jean Astruc (1684-1766) သည် သမ္မာကျမ်းစာတွင်ပါဝင်သော ပထမကျမ်းငါးကျမ်း ဖြစ်သော ကမ္ဘာဦးကျမ်း ထွက်မြောက်ရာကျမ်း တောလည်ရာကျမ်း ဝတ်ပြုရာကျမ်း နှင့် တရားဟောရာကျမ်း တို့ကို ပထမဆုံး စတင် ဝေဖန်သူအဖြစ် (Founder of Modern Pentateuch Criticism) အသိအမှတ်ပြုခံရပါသည်။ အဆိုပါ ဆရာဝန် မတိုင်ခင်က ဤကျမ်းငါးကျမ်းကို မောရှေရေးသားထားခဲ့သည် ဟုသာ လက်ခံကြပါသည်။ သို့သော်လည်း Dr. Astruc က အဆိုပါကျမ်းများကို သူဖတ်ရှုသည့် အခါ ဘုရားသခင်၏ အမည်ကို နှစ်မျိုးနှစ်စား တွေ့ရကြောင်းဆိုပါသည်။ တစ်ချို့ နေရာများတွင် မူရင်း ဟီဘရူး ဘာသာစကားအရ အီလိုဟင် (God) ဟု ဆိုသကဲ့သို့ တချို့နေရာများတွင် ယာဝေး (Lord) ဟု ရေးသားထားသည်ကို တွေ့ရကြောင်း ဆိုလာပါသည်။ ထို့ကြောင့် အဆိုပါကျမ်းများကို မောရှေက ရေးသားသည်ဟု မဆိုနိုင်ဘဲ အရင်းအမြစ်နှစ်ခုဆီမှ ရေးသားထားသည်များကို ပြန်လည်စုစည်းကာ စီစဉ်ထားခြင်းဖြစ်သည်ဟု ဆိုလာပါသည်။ Dr Astruc ယူဆသည်မှာ အဆိုပါ ကျမ်းငါးကျမ်းသည် အဓိကကျသော အရင်းအမြစ်နှစ်ခု မှ ဆင်းသက်လာပါသည်။ ၎င်းတို့မှာ A source ဟု ၎င်းသတ်မှတ်ထားသော ဘုရားကို အီလိုဟင် ဟု ခေါ်သော အရင်းအမြစ်တစ်ခု နှင့် နောက်တစ်ခုမှာ ဘုရားကို ယာဝေးဟု သမုတ်သော B source အရင်းအမြစ် တစ်ခုဖြစ်ပါသည်။
အေဒီ ၁၈၀၀ အလယ် နှစ်ပိုင်း ကာလကိုရောက်သော အခါတွင်မူ Julius Wellhausen ဟု ခေါ်သော ပညာရှင်မှ အစပြု၍ အခြားသောပညာရှင်များက သမ္မာကျမ်းစာ ပထမငါးကျမ်းသည် ရေးသားသည့်ပုံစံ နှင့် အာရုံ စိုက်မှု မတူကြောင်း တိကျစွာရှင်းပြလာနိုင်ပါတော့သည်။ ထိုမှ တစ်ဆင့် ကျမ်းငါးကျမ်းတွင် အရင်းအမြစ် လေးခုရှိကြောင်း တဖြည်းဖြည်း အခိုင်အမာ ဆိုလာကြပါသည်။ ၎င်းတို့ကို J,E,D,P ဟူ၍ အတိုကောက် ခေါ်ပါသည်။ J ဆိုသည်မှာ ဘုရားကို ယာဝေး YHWH ဟု ခေါ်သည့် အရင်းအမြစ်၏ အတိုကောက် ဖြစ်ပါသည်။ ၎င်းထဲတွင် ပါဝင်သော ကျမ်းစာတို့ကို ဘီစီ ၉၆၀-၉၃၀ အတွင်း ရေးသားသည်ဟု ဆိုနိုင်ပါသည်။ (စကားချပ်။ ။ ဤတွင်မေးစရာရှိသည်မှာ အဘယ်ကြောင့် ယာဝေးသည် အင်္ဂလိပ် တွင် Y နှင့် စသော်လည်း Y source ဟု အတိုကောက် မခေါ်ဘဲ J source ဟု ခေါ်ရသနည်း။ Wellhausen သည် ဂျာမန်လူမျိုးဖြစ်ပါသည်။ ဂျာမန် စကားတွင် J ၏အသံထွက် သည် အင်္ဂလိပ်စကား Y ၏ အသံထွက်နှင့် တူပါသည်။ ထို့ကြောင့် Yaweh ဟူသော အရေးအသားမှာ ဂျာမန်တွင် J ဖြင့်စမည် ဖြစ်ပါသည်။ ထို့ကြောင့် J source ဟု ခေါ်ရခြင်းဖြစ်ပါသည်။) E ဆိုသည်မှာ ဘုရားကို အီလိုဟင် Elohim ဟုခေါ်သော အရင်းအမြစ်၏ အတိုကောက်ဖြစ်ပါသည်။ အဆိုပါ အရင်းအမြစ်တွင်ပါဝင်သော ကျမ်းစာများကို ဘီစီ ၉၀၀-၈၅၀ အတွင်းရေးသည်ဟု ဆိုနိုင်ပါသည်။ D ဆိုသည်မှာ Deiteronomist ၏ အတိုကောက်ဖြစ်ပါသည်။ P ဆိုသည်မှာ Priestly Writer ၏ အတိုကောက်ဖြစ်ပါသည်။ အဆိုပါ P source တွင် ပါသော ကျမ်းစာများသည် ဘီစီ ၅၅၀-၄၅၀အတွင်း ရေးသားခြင်းဖြစ်ပါသည်။
ထို့ကြောင့် အဆိုပါကျမ်းများသည် အရင်းအမြစ်တစ်ခုမက ရှိနေသော ကျမ်းများ စုပေါင်းထားခြင်း ဖြစ်ပါသည်။ ကမ္ဘာဦးကျမ်းတွင် ဖော်ပြထားသည့် အကြောင်းအရာများသည်လည်း တစ်ဦးတည်းမှ အဖြစ်အပျက်များကို အချိန်ရွေ့လျားမှုအတိုင်း ရေးသားထားခြင်းမျိုးမဟုတ်ပေ။
ဖန်ဆင်းခြင်းပုံပြင်များ
ကမ္ဘာဦးကျမ်း အခန်းကြီး ၁-၃ ကို စေ့စေ့စပ်စပ် ဖတ်ရှုပါက ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ပုံသဏ္ဍာန် နှစ်မျိုးဖြင့် နားလည် မှတ်သားထားသည်ကို တွေ့နိုင်ပါသည်။ ကမ္ဘာဦးကျမ်း ၁:၁ မှ ၂:၄ အထိ ပုံစံတစ်မျိုးဖြင့် ဖန်ဆင်းခြင်းကို နားလည်သည်ကို တွေ့နိုင်သကဲ့သို့ ကမ္ဘာဦးကျမ်း ၂:၄ မှ ၂:၂၅ အထိ ပုံစံတစ်မျိုးဖြင့် ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။ ဒုတိယ နားလည်မှု (ကမ္ဘာဦးကျမ်း ၂:၄-၂:၂၅) သည် ၉၀၀ ဘီစီ ပတ်ဝန်းကျင်တွင် ရေးသားသော J account မှ လာသော နားလည်မှု ဖြစ်ပါသည်။ ပထမ နားလည်သော ဖန်ဆင်းခြင်း အကြောင်းအရာ (ကမ္ဘာဦး ၁:၁-၂:၄) သည် ၅၀၀ ဘီစီ ဝန်းကျင်မှ ရေးသားသော P account မှ လာသော နားလည်မှု ဖြစ်ပါသည်။ ထို့ကြောင့် ဒုတိယ ဖန်ဆင်းခြင်း အကြောင်းအရာသည် ပထမထက် ရှေးကျသော နားလည်မှုဖြစ်ပါသည်။
အာဒံ ဟူသော အမည် နှင့် လူသားသည် ပထမ အကြောင်းအရာတွင် တွေ့ရမည် မဟုတ်ဘဲ ဒုတိယအကြောင်းအရာတွင်သာ (ကမ္ဘာ၂:၇) တွေ့နိုင်ပါသည်။ ဒုတိယနားလည်မှုတွင် လူသား အာဒံ ဖန်ဆင်းခြင်း နှင့်အတူ လူသား ကျရှုံးခြင်း သည် တွဲလျက်ပါလာသည်ကို တွေ့ရပါသည်။ Claus Westermann ဟုခေါ်သော ဓမ္မဟောင်းကျမ်းပညာရှင်၏ အဆိုအရ J account မှပြောသော ဖန်ဆင်းခြင်း နားလည်မှုသည် လူသား၏အားနည်းမှု သေမျိုးဖြစ်ကြောင်းကို ထောက်ပြလိုသည့် နားလည်မှု ဖြစ်ကြောင်း ဆိုပါသည်။
ဒုတိယ နားလည်မှု နှင့် မတူဘဲ ပထမနားလည်မှု (P account) သည် ဣသရေလလူမျိုးများ ဘေဘီလုန် နိုင်ငံမှ လွတ်မြောက်လာပြီး နောက်ပိုင်း မှ ရေးသားသော ဖန်ဆင်းခြင်းနားလည်မှုဖြစ်ပါသည်။ ထို့ကြောင့် ဘေဘီလုန် လူမျိုးတို့၏ ဖန်ဆင်းခြင်းနားလည်မှု ပုံပြင်များ၏ လွှမ်းမိုးမှု ရှိနိုင်သည် ဟုဆိုပါသည်။ ဤကမ္ဘာဦးကျမ်း ၁ တွင်ဖော်ပြထားသော ဖန်ဆင်းခြင်းသည် ဒုတိယ နားလည်မှုကဲ့သို့ မြေမှုန့် မှ လူသား အာဒံကို ဖန်ဆင်းသကဲ့သို့ မဟုတ်ဘဲ ဖြစ်စေ ဟူသော နှုတ်မိန့်ဖြင့် ဖန်ဆင်းသည်ကို တွေ့ရပါသည်။
ပထမ နားလည်မှု နှင့် ဒုတိယ နားလည်မှုတွင် ကွဲပြားမှု များစွာရှိကြောင်း တွေ့နိုင်ပါသည်။ ပထမ နားလည်မှုတွင် လူသားသည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် အညီ အတူတူ တစ်ခါတည်း ဖန်ဆင်းသည်ကို တွေ့ရပါသည်။ ဒုတိယ နားလည်မှုတွင် အာဒံကို အရင်ဖန်ဆင်းပြီးမှ ဧဝကို ဖန်ဆင်းသည်ကို တွေ့ရပါသည်။ ပထမ နားလည်မှုတွင် အာဒံ၊ ဧဝဟူ၍ အမည်ပေးခြင်းများလည်း မတွေ့ရပေ။ သို့သော် ဒုတိယ နားလည်မှုတွင် အမည်ပေးရုံသာမက ဧဒင်ဥယျာဉ် ကိစ္စပါ ပါဝင်လာသည်ကို တွေ့ရပါသည်။ ဤသို့ ကွဲပြားမှုများက လူသား အာဒံ ကို အမှန်တကယ် ရှိခဲ့သော သမိုင်းဝင် ပုဂ္ဂိုလ် အဖြစ် နားလည်မှုမှ သွေဖည်စေခဲ့သော အကြောင်းအရာပင် ဖြစ်ပါသည်။
အာဒံ နှင့် ယုတ္တိဗေဒဆိုင်ရာ အခက်အခဲများ
အာဒံဆိုသော ကမ္ဘာဦးလူသားသည် လူသားတစ်ယောက်အဖြစ် အမှန်တကယ်ရှိခဲ့သည်ဟူသော ယူဆမှုသည် ကမ္ဘာဦးကျမ်းတွင် ဖော်ပြထားသော ဖန်ဆင်းခြင်းအကြောင်းအရာများကို နှစ်ခုရှိသည် ဟု နားမလည်ခဲ့ဘဲ တစ်လုံးချင်းစီ အနက်ကောက်ရာမှ ပေါ်ပေါက်လာသော ပြသနာဖြစ်သည်ဟု ဆရာကြီး အက်မန်ဇာဘိခ် က သူ၏ Doctrine of Sin: Original Sin Reinterpreted စာအုပ်ထဲတွင် ဆိုပါသည်။ ၎င်းက အမှန်တရားဆိုသည်မှာ ကိုယ့်သဘော ကိုယ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ခွဲခြား၍မရကာ ယုတ္တိနည်းကျမှု နှင့် ဆီလျော်ရမည် ဟုဆိုပါသည်။ အာဒံ သည် သမိုင်းဝင် လူသား ဖြစ်သည်ဟု ခေါင်းညိတ်လိုက်ပါက ယုတ္တိဗေဒဆိုင်ရာ ပြသနာမေးခွန်းများကို ဖြေရှင်းနိုင်ရန်လည်း လိုအပ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဖန်ဆင်ခြင်းနှစ်ခုလုံး၌ ယုတ္တိနည်းအရ ရှေ့နောက်မညီမှု များစွာ ရှိနေသောကြောင့် ဖြစ်ပါသည်။
P account ကမ္ဘာ ၁ တွင် လူသားကို အတူတူဖန်ဆင်းပြီး J account ကမ္ဘာ ၂ တွင် အာဒံ၏ နံရိုးကို ထုတ်ကာ ဧဝကို ဖန်ဆင်းခဲ့လေသည်။ အဆိုပါ အဖြစ်အပျက် နှစ်ခုသည် စစ်မှန်သော သမိုင်းဝင် အဖြစ်အပျက်တစ်ခုအဖြစ် ပေါင်းစပ်ပါက ယုတ္တိမဲ့လိမ့်မည် ဖြစ်သည်။ ထို့အပြင် ယနေ့ ခန္ဓာဗေဒတွင် ယောကျာ်းသည် မိန်းမထက် နံရိုး အရေအတွက် နည်းခြင်းမျိုးလည်း မရှိပေ။
P account တွင် လူသားသည် ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသဖြင့် အသိ၊ ပညာ၊ ကိုယ်ကျင့်တရား အစရှိသည်တို့သည် ဘုရားသခင် လူသားကို ပေးထားသည်ဟု နားလည်နိုင်ပါသည်။သို့ရာတွင် J account တွင် ဘုရားသခင်သည် လူသားကို ကောင်းမကောင်း အသီးကို မစားခိုင်းပေ။ အသိပညာသစ်ပင် ကို အထိမခံပေ။ အဆိုပါ အဖြစ်အပျက် နှစ်ခုသည် လည်း စစ်မှန်သော သမိုင်းဝင် အဖြစ်အပျက် တစ်ခုအဖြစ် ပေါင်းစပ်ပါက ယုတ္တိမဲ့လိမ့်မည် ဖြစ်သည်။
J account နှင့် P account ပါ လူသား နှစ်ယောက်စလုံးကို ပုံဖော်လာခဲ့သော်လည်း ကမ္ဘာဦးကျမ်း ၂:၂၄-၂၅ တွင် အဘယ်ကြောင့် ယောကျာ်း ကို မိဘကို စွန့်၍ မိန်းမနှင့် စုံဖက်ခိုင်းသနည်း။ မိဘကို စွန့်ခိုင်းခြင်းသည် အာဒံထက် အရင် လူသားရှိနေခြင်းကြောင့် သာ ဖြစ်ပေသည်။အဆိုပါ အဖြစ်အပျက် နှစ်ခုသည် လည်း စစ်မှန်သော သမိုင်းဝင် အဖြစ်အပျက် တစ်ခုအဖြစ် ပေါင်းစပ်ပါက ယုတ္တိမဲ့လိမ့်မည် ဖြစ်သည်။ ထို့အပြင် အာဒံ နှင့် ဧဝ မှရရှိလာသော သားနှစ်ယောက်သည် မည်သို့ အိမ်ထောင်ကျလာသနည်း။ အာဒံ နှင့် ဧဝသည် ကမ္ဘာဦးပထမ စုံတွဲဖြစ်ခဲ့ပါက သားနှစ်ယောက် ယူရန် မိန်းမ မည်သို့ ရောက်လာသနည်း။
ဤသည်မှာ အာဒံသည် သမိုင်းဝင်လူသား ဖြစ်သည်ဆိုပါက ဖြေရှင်းရမည့် ယုတ္တိဗေဒဆိုင်ရာ ပြသနာပင် ဖြစ်ပါသည်။
အာဒံ နှင့် သင်္ကေတသဘော နားလည်မှု
အာဒံသည် သမိုင်းဝင် ပုဂ္ဂိုလ် ဟု လက်ခံပါက ဖြေရှင်းရမည့် အခက်အခဲများကို တင်ပြပြီးဖြစ်ပါသည်။ အာဒံသည် သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်ပါက အဘယ်ကြောင့် ဖန်ဆင်ခြင်းအကြောင်းအရာ နှစ်ခု ဖြစ်နေရသနည်း။ နှစ်ခု ရှိနေသည့်တိုင် အဆိုပါ နှစ်ခုတွင် တူညီသည်များ နည်းနည်းပါးပါး အဘယ်ကြောင့် မရှိရသနည်း။ ယုတ္တိကျမှုမှ အဘယ်ကြောင့် လွတ်ကင်းနေရပါသနည်း။ အဆိုပါ အချက်များဖြင့် အာဒံသည် သမိုင်းဝင် ပုဂ္ဂိုလ် မဟုတ်ကြောင်း ငြင်းဆိုပြီး ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် အာဒံကို အဘယ်သို့ နားလည်သင့် သနည်း။
ဤဆောင်းပါးအစတွင် သမ္မာကျမ်းစာကို လက်ခံပုံအမြင်များကို တင်ပြပြီးဖြစ်ပါသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဖွင့်ပြခြင်းကို လူသားတို့ နားလည်သ၍ မှတ်တမ်းတင်ခြင်း ဟူသော အမြင်ကို လက်ခံပါက အာဒံအဖြစ်အပျက်သည် ဘုရားသခင် လူသားကို ဖန်ဆင်းသည် ဟူသော ဖွင့်ပြခြင်းကို လူသားတို့၏ ခေတ်စနစ်အလိုက် လူသားတို့ နားလည်သ၍ မှတ်တမ်းတင်ထားသည် ဟု နားလည်နိုင်ပါသည်။ နားလည်သလို မှတ်တမ်းတင်ထားသည် ဖြစ်သည့်အတွက် တကယ့် ဘုရားသခင်ဖန်ဆင်းသည့် သမိုင်း အတိုင်း လူသား၏ အစကို မှတ်တမ်းတင်ထားသည် ဟု ဆိုနိုင်မည်မဟုတ်ပေ။ သို့သော်လည်း အဆိုပါ ဒဏ္ဍာရီတွင် တန်ဖိုးမရှိသည်တော့ မဟုတ်ပေ။ ဣသရေလလူမျိုးများ၏ ဘုရားသခင် အပေါ် နားလည်သော နားလည်မှုကို ထင်ဟပ်ပြသနေသည့်အပြင် ဘုရားသခင်သည် လူသားတို့၏ ဖန်ဆင်းရှင်ဖြစ်သည်ဟူသော အဓိက သိတင်းစကားကို ထင်ရှားစွာ တွေ့နိုင်မည်ဖြစ်ပါသည်။
အာဒံသည် အဆိုပါ သိတင်းစကားကို ဖော်ညွှန်းရာ၌ ဝေမျှရာ၌ ဟီဘရူးရေခံမြေခံတွင် လူအများ နားလည် မြင်သာနိုင်ရန် မှတ်တမ်းတင်သူတို့ အသုံးပြုလိုက်သော သင်္ကေတ နားလည်မှု တစ်ခုဖြစ်ပါသည်။ တနည်းဆိုရသော် ဘုရားသခင်သည် လူသားတို့၏ ဖန်ဆင်းရှင်ဖြစ်သည် ဟူသော သိတင်းစကားကို ဝေမျှရာ၌ အာဒံသည် အရေးပါသော ရူပကအလင်္ကာဆောင်သော ဒဏ္ဍာရီလူသား ဖြစ်ပါတော့သည်။
နိဂုံး
အာဒံကို သမိုင်းဝင် ကမ္ဘာဦးလူသားအဖြစ် လုံးကောက် နားလည်လက်ခံပါက သမ္မာကျမ်းစာ တစ်ခုလုံးကိုလည်း လုံးကောက်နားလည်ကာ ဘုရားသခင်၏ ဖြစ်တည်မှုကိုလည်း အကြွင်းမဲ့ မှသည် အကြွင်းရှိ အခြေအနေ ပေး ဘဝအဆင့်သို့ လျော့ကျစေလိမ့်မည် ဟု ဖြစ်တည်မှုဆိုင်ရာ ဓမ္မဒဿနပညာရှင်ဟု ကင်ပွန်းတပ်နိုင်သူ ပေါတီလစ် ကဆိုပါသည်။ စာရေးသူ၏ အမြင်မှာ အာဒံကို သမိုင်းဝင် ပုဂ္ဂိုလ် အဖြစ် လက်ခံပါက ပြောင်းလဲနေသော သိပ္ပံကမ္ဘာ့အမြင်တွင် အာဒံ နှင့် သူ၏ ဘုရားသခင်သည် ဝင်ဆံ့နိုင်ခြင်းရှိမည်မဟုတ်ပေ။ ထို့အပြင် ဘုရားသခင် ၏ အနန္တဖြစ်မှုသည်လည်း မေးခွန်းထုတ်စရာဖြစ်လာမည်ဖြစ်ပါသည်။ အာဒံသည် သင်္ကေတသဘောဆောင်သော ဒဏ္ဍာရီလူသားဖြစ်ပါက ယနေ့ခေတ်တွင် လူသားဖန်ဆင်းခံရခြင်းအကြောင်း ပြောပါက အက်တမ်၊ ကွာခ့်၊ စွမ်းအင်တို့သည်လည်း အာဒံအဖြစ်သို့ ရောက်လာနိုင်မည်ဖြစ်ကာ ဘုရားသခင်၏ ဖန်ဆင်းခြင်းကိုလည်း ဟီဘရူးရေခံမြေခံတွင် နားလည်နိုင်သကဲ့သို့ ယနေ့ သိပ္ပံရေခံမြေခံတွင်လည်း လူသားတို့ နားလည်လာနိုင်မည် ဖြစ်ပါတော့သည်။
Reference
1. Edmund Za Bik. Doctrine of Sin: Original Sin Reinterpreted. Yangon: MIT,2005.
2. Sjored L. Bonting. Creation and Double Chaos: Science and Theology in Discussion. Minneapolis: Fortress Press, 1989.
3. Norman K Gottwald. The Hebrew Bible: A Socio-Literary Introduction. Minneapolis: Fortress Press, 1985.
Wednesday, November 6, 2019
Saturday, November 2, 2019
အပြစ်ဖြေလွှတ်ကယ်တင်ခြင်း (Atonement)
အပိုင်း ၅
(အပိုင်း ၁မှ ၄ အကျဉ်း ....အပိုင်း ၁ တွင် ဤအခန်းဆက် ဆောင်းပါးရှည် တစ်ခုလုံး၏ ရည်ရွယ်ချက်ကို ဖော်ပြခဲ့ပါသည်။ အပြစ်လွှတ်ကယ်တင်ခြင်း ဖြစ်စဉ်တစ်ခုလုံး Atonement ကို မြင်သော အမြင်များကို နာမည်တစ်ခုချင်းဆီ ဖော်ပြခဲ့ပြီး အပိုင်း ၁ တွင် Ransom Theory၊ အပိုင်း ၂ တွင် ဒုတိယ အမြင်တစ်ခုဖြစ်သော Satisfication Theory၊ အပိုင်း၃ တွင် Christus Victor Theory နှင့် ပြီးခဲ့သည့် အပိုင်း (အပိုင်း၄) တွင် Moral Influence Theory ကို အားနည်းချက် အားသာချက်များနှင့် တစ်ကွ ဖော်ပြခဲ့ပါသည်။ ယခု အပိုင်းတွင်လည်း John Calvin ရဲ့ atonement ဆိုင်ရာ ဒဿနကို တင်ပြမည်ဖြစ်ပါသည်။)
ပြစ်မှုဆိုင်ရာ အစားထိုးခြင်း နားလည်မှု (The Penal Substitution Theory)
Anselm ၏ Satisfaction အကြောင်းကို အပိုင်း၂ တွင် ဆွေးနွေးပြီးဖြစ်ပါသည်။ Anselm ၏ အမြင်နှင့် ဆန့်ကျင်စွာပင် ဤအမြင်သည် ခရစ်တော်အသေခံခြင်းကို ဘုရားသခင်ထံ ကိုယ်စားအပြစ်ဒဏ် ခံခြင်းအဖြစ် လက်ခံခြင်းဖြစ်ပါသည်။ ဤအမြင်ကို အစပြုသူမှာ ခရစ်ယာန်သမိုင်းတွင် နာမည်ကျော်ကြားသော John Calvin ပင်ဖြစ်ပါသည်။
ရှေ့နေတစ်ယောက်အဖြစ် ကနဦး အသက်မွေးဝမ်းကြောင်းပြုသော ပြင်သစ်လူမျိုး Calvin ၏ ဒဿနတွင် ခရစ်တော်အသေခံခြင်းနှင့်စပ်ဆိုင်၍ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ အသုံးအနှုန်းများ ပါဝင်နေသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ ၎င်းက ဘုရားသခင်၏ တရားမျှတခြင်းဟု ဆိုရာ၌ လူသားတို့ အမှားအတွက် ပြစ်ဒဏ်ကို ကျေနပ်စွာခံယူခြင်းသည်လည်း ပါဝင်သည်ဟုဆိုပါသည်။ ပြစ်ဒဏ်ပေးခြင်းမပါဘဲ လူသားကို အပြစ်မှလွှတ်ခြင်းသည် သဘာဝမကျဟု ၄င်းကဆိုပါသည်။
Calvin အတွက် သခင်ခရစ်တော် အသေခံခြင်းသည် Satisfaction Theoryကဲ့သို့ ဘုရားသခင် ကျေနပ်စေရန်အတွက် မဟုတ်ဘဲ လူသားတို့ကျခံရမည့် ပြစ်ဒဏ်အတွက် ကိုယ်စားကျခံခြင်းဖြစ်သည်ဟု နားလည်ပါသည်။
သခင်ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် လူသားတို့ကြား ပြန်လည်မသင့်မြတ်ခင်က လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်တော်နှင့် ထိုက်တန်သောသူများဖြစ်ပါသည်။ ထာဝရသေဆုံးခြင်း၌သာ အဆံုးသတ်မည်ဖြစ်ပါသည်။ သို့ရာတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက လူသားတို့ကို အခွင့်အလမ်းတစ်ခုပေးရန် လုပ်ဆောင်လာပါသည်။ အဆိုပါ လုပ်ဆောင်မှုသည်ကား သခင်ခရစ်တော်၏ ကိုယ်စားအသေခံကာ အပြစ်ဒဏ်ခံပေးခြင်းဖြစ်သည် ဟု Calvin က ဆိုပါသည်။
Calvin က ခရစ်တော်အသေခံခြင်းနှင့် စပ်ဆိုင်၍ substitute ဟူသော အသံုးအနှုန်းကို စတင် အသုံးပြုလာပါသည်။ Calvin အတွက် ခရစ်တော် အသေခံခြင်းသည် အစားထိုးခြင်းသာမက အလဲအထပ်သဘောလည်း ပါပါသည်။ ဤatonement အမြင်နှင့် စပ်ဆိုင်၍ Calvin နောက်ထပ် စတင်အသုံးပြုသော ဝေါဟာရမှာ propitiation ဟူသော အသုံးအနှုန်းဖြစ်ပါသည်။ အဓိပ္ပာယ်မှာ အမျက်တော်ငြိမ်းရန်အတွက် ပူဇော်ပသခြင်း ဆိုသည့်သဘောဖြစ်ပါသည်။
ထို့အပြင် Calvin ၏ atonement ဆိုင်ရာ ဒဿနသည် သခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့် ဆက်စပ်လျက်ရှိပါသည်။ ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် အသေခံခြင်းသည် မျှော်လင့်ချက်မဲ့မည်သာဖြစ်ပါသည်။ သခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည် လူသားအတွင်းသို့ ခရစ်တော်၏ ပါဝါများ ရှိလာကာ သေခြင်း မကောင်းမှုကို ရင်ဆိုင်နိုင်မည် ဟု ဆိုပါသည်။ ထို့ကြောင့် ဤ Penal Substitution Theory တွင် Christus Victor Theory ၏ အိုင်ဒီယာ ကိုလည်း တွေ့နိုင်ပါသည်။
ဤ Penal Substitution Theory တွင် လည်း အားနည်းချက် အားသာချက်များရှိပါသည်။ ပထအားသာချက်မှာ ဤအမြင်သည် ကျမ်းသဘော ထောက်ခံမှုရှိခြင်းဖြစ်ပါသည်။ ၂ကော ၅:၂၁၊ ဂလာတိ ၃:၁၃၊ ဟေဗြဲ ၉:၂၂၊ ရောမ ၆:၂၃ တို့ကိုကြည့်ပါက အဆိုပါသဘောမျိုးကို တွေ့ရမည်ဖြစ်ပါသည်။ နောက်ထပ်အားသာချက်တစ်ခုမှာ ဤဒဿနသည် ခရစ်တော်၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ဆက်စပ်နားလည်နိုင်ပါသည်။
သို့ရာတွင် အားနည်းချက်များလည်းရှိပါသည်။ ပထမတစ်ချက်မှာ ကယ်တင်ခြင်းဟူသော ခေါင်းစဉ်အောက်တွင် အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုသကဲ့သို့ပင်ဖြစ်ပါသည်။ အသေသတ်ခြင်း အသေခံခြင်း သေဒဏ်သည် အပြစ်ပေးခြင်း သဘောလားဟူ၍ မေးစရာပင်ဖြစ်ပါသည်။ အဖေက သားကို အပြစ်ပေးရာတွင် သေသည့်အထိ ဆိုသည်မှာ ကလေးသူငယ်အကြမ်းဖက်ခြင်း၌ ထောက်ပြစရာများဖြစ်လာပါသည်။
ဒုတိယအားနည်းချက်မှာ ဤအမြင်တွင် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရှာမတွေ့နိုင်ပေ။ အပြစ်ကြွေးဆပ်ပြီးမှသာ ပြန်လည်သင့်မြတ်သည်ဟူသော အမြင်သည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းအတွက် မေးခွန်းထုတ်စရာပင်ဖြစ်ပါသည်။ တတိယအားနည်းချက်မှာ အစားထိုးခြင်းပြသနာပင်ဖြစ်သည်။ အစားထို၍ရသလား။ မကောင်းမှုကျူးလွန်ပြီးလျှင် အပြစ်မရှိသူကို အစားထိုးခြင်းသည် မှန်ကန်သည့် အပြစ်ဒဏ်ပေးခြင်းကို ဦးတည်နိုင်မည်လားဟူသော မေးခွန်းပင်ဖြစ်ပါသည်။
ဤအမြင်သည် ယခုခေတ် ခရစ်ယာန်များအကြားတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့နိုင်ပါသည်။ အထူးသဖြင့် သမရိုးကျ လက်ခံသော ခရစ်ယာန်များနှင့် ဧဝံဂေလိ ခရစ်ယာန်များအကြားတွင် တွေ့နိုင်သော အပြစ်လွှတ်ခြင်းဆိုင်ရာ ဒဿနိကပင်ဖြစ်ပါသည်။
(အပိုင်း ၅ ပြီးပါပြီ။ အပိုင်း ၆ တွင် ခရစ်ယာန် မနုဿဗေဒပညာရှင် တစ်ဦးဖြစ်သော René Girard ၏ Atonement ဆိုင်ရာ နားလည်မှု ကို ဆက်လက်တင်ပြမည်ဖြစ်ပါသည်။)
Reference
-Allister E McGrath, Christian Theology; An Introduction, 6th ed (Blackwell, 2017)
-Andrew Sung Pak, Triune Atonement (Westminster John Knox Press, 2009)
-Jonathan Hill, The History of Christian Thought (A Lion Book,2003)

Subscribe to:
Posts (Atom)