ရှင်ပြန်ထမြောက်ခြင်းကို ခြေရာကောက်ခြင်း
(အခန်းဆက် ဆောင်းပါးရှည် စ-ဆုံး)
၁။ နိဒါန်း
ခရစ်ယာန် ယုံကြည်မှုတွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် အလွန်ပင် အရေးပါ ပါသည်။ ခရစ်ယာန်တို့၏ အခြေခံကျသော၊ ထူးခြားသော ယုံကြည်မှု တစ်ခုဖြစ်ပါသည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကိုလက်ခံ ယုံကြည်သောကြောင့်သာ ဂျူးဘာသာ ယုံကြည်မှု နှင့် ကွဲပြားကာ ခရစ်ယာန်ဟူ၍ ဖြစ်လာရခြင်း ဖြစ်သည်ဟု ယျေဘူယျ ဆိုနိုင်ပါသည်။
ဤဆောင်းပါးတွင်
ရှင်ပြန်ထမြောက်ခြင်း ဟူသော ယုံကြည်မှုသည် မည်သို့ အစပြုခဲ့ပြီး ဣသရေလလူမျိုး နှင့် ရောမတို့၏ ရေခံမြေခံတွင် မည်သို့ နားလည်ခဲ့သည်၊ ကနဦးအသင်းတော် နှင့် ဥာဏ်အလင်းပွင့်သောခေတ်တွင်မည်သို့နားလည်ခဲ့သည်ကို ခြေရာကောက်မည်ဖြစ်ပါသည်။ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ နားလည်မှုသည် သမိုင်းတစ်လျှောက် မည်သို့ ဖွံ့ဖြိုးလာသည်ကို စာဖတ်သူများ သိရှိစေရန် ရည်ရွယ်ပါသည်။ ဤဆောင်းပါးရှည်တွင်အပိုင်းသုံးပိုင်း ပါရှိမည် ဖြစ်ပါသည်။ ပထမ အပိုင်းတွင်း ဓမ္မဟောင်းကာလ နှင့် ဓမ္မသစ်ကာလမတိုင်မီအထိနားလည်သော ရှင်ပြန်ထမြောက်ခြင်းကို တင်ပြမည်ဖြစ်ပြီး ဒုတိယအပိုင်းတွင် ဓမ္မသစ်ရေခံမြေခံမှ နားလည်သောခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို တင်ပြမည် ဖြစ်ပါသည်။ နောက်ဆုံးတွင် ကနဦးအသင်းတော်၊ အော်သိုဒေါစ့် အသင်းတော်နှင့် ဥာဏ်အလင်းပွင့်သောခေတ်မှ နားလည်သော ရှင်ပြန်ထမြောက်ခြင်း ဓမ္မအတွေးအခေါ်ကိုတင်ပြမည်ဖြစ်ပါသည်။
၂။ ရှင်ပြန်ထမြောက်ခြင်း ဓမ္မအတွေးအခေါ်၏ အရေးပါမှု
ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ဓမ္မတွေးခေါ်မှုတွင် အချက်သုံးချက်အားဖြင့် အရေးပါသည် ဟုယျေဘူယျ ဆိုနိုင်ပါသည်။ ပထမ အချက်မှာ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားဖြစ်ခြင်းကို အာမခံခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် သားတော်ဘုရား၏ အလုပ်ကို ခမည်းတော်ဘုရားက လက်ခံခြင်း ဖြစ်ပါသည်။ဒုတိယ အချက်မှာ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် သုံးပါးတစ်ဆူ ဆက်နွယ်မှုကို ထင်သာစေခြင်းဖြစ်ပါသည်။ ခရစ်တော် ရှင်ပြန်ထမြောက်ပြီး နောက်ပိုင်း သန့်ရှင်းသော ဝိဉာဏ်တော်၏ အခန်းကဏ္ဍ လောကထဲတွင်ပိုမိုမြင့်မားလာသည်ကို ကြည့်ခြင်းဖြင့် သုံပါးတစ်ဆူ အလုပ်သည် ဆက်နွယ်လျက်ရှိသည်ကို နားလည်နိုင်ပါသည်။
နောက်ဆုံး အချက်မှာ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည် ရှေးဖြစ်ဟောများ ကို ပြည့်စုံစေခြင်းဖြစ်ပါသည်။ ပရောဖက်များ ကြိုတင်နိမိတ်ဖတ် ဟောပြောခဲ့ခြင်းကို ပြည့်စုံစေခြင်းဖြစ်ပါသည်။ ဓမ္မတွေးခေါ်မှုအရရှင်ပြန်ထမြောက်ခြင်းသည် အဆိုပါ အချက်များကြောင့် မရှိမဖြစ်အရေးပါသည်ဟု ဆိုရခြင်းဖြစ်ပါသည်။
ဤကဲ့သို့အရေးပါလှသော ရှင်ပြန်ထမြောက်ခြင်း ယုံကြည်မှုသည် ခရစ်ယာန် ယုံကြည်မှုအတွင်းသို့ မည်သို့ဝင်ရောက်လာခဲ့သနည်း။ ခရစ်ယာန် ဘာသာ၏ ရှေးမြစ်ဖျားခံရာ ဣသရေလ လူတို့၏ ယုံကြည်မှုတွင်လည်း ၎င်းကို မည်သို့ နားလည်ခဲ့သည်ကို သေချာသိရှိရန် လိုအပ်ပါသည်။ သို့မှသာ ခရစ်ယာန်တို့ အနေဖြင့် မိမိတို့ ဘာကိုယုံသည်ကို ဂဃနန သိရှိမည် ဖြစ်ပါသည်။
၃။ ဓမ္မဟောင်းကာလ နှင့် ရှင်ပြန်ထမြောက်ခြင်း
၃.၁။ ဣသရေလ ဘာသာရေး ရေခံမြေခံ နှင့် ရှင်ပြန်ထမြောက်ခြင်း ယုံကြည်မှု
ဣသရေလ ရေခံမြေခံ ကိုးကွယ်မှု ထဲသို့ ရှင်ပြန် ထမြောက်ခြင်း အယူအဆ ဝင်ရောက်လာသည်မှာ အလွန်ပင် နောက်ကျပါသည်။ အဘယ်ကြောင့် နောက်ကျရသနည်း ဟူသော အကြောင်းအရင်းကို ရှာသော် အကြောင်းသုံးခု ရှိသည်ကို တွေ့နိုင်ပါသည်။
ဣသရေလ လူမျိုးတို့၏ ကနဦး ယုံကြည်မှုတွင် ရှင်ပြန်ထမြောက်ခြင်း အယူအဆမျိုးကို မတွေ့ရပေ။ အဘယ်ကြောင့် ဆိုသော် ရှင်ပြန်ထမြောက်ခြင်း အတွေးအခေါ်သည် ၎င်းတို့၏ ရေခံမြေခံအတွင်းမှ ပေါက်ပွါးလာသော ယုံကြည်မှု တစ်ခုမဟုတ်ပေ။ အဆိုပါ ယုံကြည်မှုသည် အီဂျစ်တို့၏ ရေခံမြေခံအတွင်းမှ ပေါက်ပွါးလာသောယုံကြည်မှု ဖြစ်ပါသည်။ အီဂျစ်လူမျိုးတို့၏ ဒဏ္ဍာရီကိုးကွယ်မှုများတွင် ရှင်ပြန်ထမြောက်ခြင်း နားလည်မှုကို တွေ့နိုင်ပါသည်။ အီဂျစ်နတ်ဘုရား Osiris အူစီရစ်စ် သည် တမလွန်တွင် ရှင်ခြင်း နှင့် ဆိုင်သော နတ်ဘုရား ဖြစ်ပါသည်။အီဂျစ် ဒဏ္ဍာရီများအရ အူစီရစ် နတ်ဘုရားသည် အသတ်ခံရပြီး ပြန်လည်ရှင်ပြန်လာသော ဘုရားဖြစ်ကာ အီဂျစ်တို့၏ သေလွန်ပြီးနောက် တမလွန် နှင့် ဆိုင်သော နတ်ဘုရား ဖြစ်လာပါသည်။ အဆိုပါ သေလွန်သော တမလွန်ဘဝလက်ခံယုံကြည်မှုသည်
ဣသရေလ လူမျိုးတို့အတွက် အဆိုပါ သေလွန်သော် တမလွန်ရှင်ပြန်ထမြောက်ခြင်းသည် ရေခြားမြေခြားမှအယူအဆ ဖြစ်သောကြောင့် မိမိတို့၏ ယုံကြည်မှုစနစ်အတွင်း သို့ မထည့်သွင်းရခြင်း ဖြစ်ပါသည်။ ထို့ကြောင့်ဂျူးရေခံမြေခံအတွင်းသို့ ရှင်ပြန်ထမြောက်ခြင်း အယူအဆ ဝင်ရောက်လာသည်မှာ အလွန်ပင် နောက်ကျရခြင်းဖြစ်ပါသည်။ ဤသည်မှာ ပထမ အကြောင်းတရား ဖြစ်ပါသည်။
ဒုတိယ အချက်မှာ ဣသရေလလူမျိုးတို့၏ ဘုရားသခင်အပေါ် ယုံကြည်သော ယုံကြည်မှု ကြောင့် ဖြစ်ပါသည်။ ၎င်းတို့ လက်ခံထားသည်မှာ ဘုရားသခင်သည် အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး တန်ခိုးအာဏာအကြွင်းမဲ့ ရှိသောကြောင့် ဘုရားသခင်၏ တန်ခိုးအာဏာသည် သေခြင်းအပေါ် ကိုပါ လွှမ်းမိုးနိုင်ပါသည်။ သေဆုံးပြီး နောင်တမလွန် ဟူသော အယူအဆသည် ဂျူးတို့အတွက် သီးသန့် စဉ်းစား ယုံကြည်ရန် မလိုအပ်ဘဲဘုရားသခင်၏ တန်ခိုးအာဏာ ဟူသော ခေါင်းစဉ်အောက်တွင် အကျုံးဝင်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် သေလွန်ပြီးရှင်ပြန်ထမြောက်ခြင်းဟူသော ယုံကြည်မှုသည် ဣသရေလဘာသာရေး ရေခံမြေခံအတွင်းသို့ နောက်ကျမှ ဝင်ရောက်လာသော အကြောင်းတရား တစ်ခု ဖြစ်ပါသည်။
နောက်ဆုံးအကြောင်းတရားမှာ ၎င်းတို့၏ လူသားအပေါ် နားလည်မှု ဖြစ်ပါသည်။ က္ကသရေလ လူမျိုးတို့၏လူသားအပေါ် နားလည်မှု သည် ဂရိတို့၏ နားလည်မှု နှင့် လွန်စွာကွဲပြားပါသည်။ လူသား ဟု ဆိုရာတွင် ဂရိတို့သည်ခန္ဓာ နှင့် ဝိဥာဏ် ဟူ၍ နှစ်မျိုးခွဲခြား နားလည်ပါသည်။ ဝိဥာဏ်သည် ခန္ဓာအတွင်း၌ ကိန်းအောင်းနေပြီး ခန္ဓာသေလွန်ပြီးခါမှ ဝိဥာဏ်သည် ခန္ဓာအတွင်းမှ လွတ်မြောက်မည် ဖြစ်ပါသည်။ ဣသရေလ လူမျိုးတို့၏ နားလည်မှုသည် ထိုကဲ့သို့ မဟုတ်ဘဲ ခန္ဓာ၊ ဝိဥာဏ်ဟူ၍ ခွဲခြားနားလည်မှု မရှိပေ။ လူသား ကို နားလည်ရာတွင် ဥဿုံနားလည်မှု အမြင်ဖြင့်နားလည်ပြီး ခန္ဓာ၊စိတ်၊ဝိဥာဏ် အားလုံး ပါဝင်မှသာ လူသား ဟု နားလည်သော နားလည်မှုဖြစ်ပါသည်။ အဆိုပါ နားလည်မှု ဖြင့် နားလည်သော အခါ သေလွန်သောအခါ မပျက်စီးသော ဝိဥာဏ်ရှင်ပြန်ထမြောက်ခြင်းဟု ဆိုရာတွင် ဣသရေလလူမျိုးတို့၏ နားလည်မှု နှင့် ဖြောင်ဖြောင်ကြီး ဆန့်ကျင်နေလေသည်။အဆိုပါ အကြောင်းတရား သုံးခုကြောင့် ဣသရေလလူမျိုးတို့၏ ဘာသာရေး ရေခံမြေခံအတွင်းသို့ ရှင်ပြန်ထမြောက်ခြင်း အယူအဆသည် နောက်မှသာ ဝင်ရောက်နေရာယူလာခြင်း ဖြစ်ပါသည်။
၃.၂။ သေလွန်ပြီး နောက်ဘဝ နှင့် ဣသရေလ နိုင်ငံရေး
သေလွန်ပြီး နောက်ဘဝသည် ဣသရေလ လူမျိုးတို့၏ အာရုံစူးစိုက်မှု တစ်ခု မဟုတ်ပေ။ ဣသရေလလူမျိုးတို့ အဖို့ သေလွန်သောသူသည် ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ Sheol ဆိုသော အရပ်သို့ ရောက်ရှိမည်ဖြစ်ကြောင်းကို လက်ခံယုံကြည်သူများ ဖြစ်ပါသည်။ ထို့အပြင် ဣသရေလ လူတို့အဖို့သေဆုံးပြီးနောက်ပိုင်းမိသားစု အခမ်းအနားနှင့်သိက္ခာရှိစွာ သဂြိုလ်ခြင်းသည် သေဆုံးပြီးနောက်ပိုင်း အသက်ရှင်ခြင်း ကိစ္စထက် ပိုမိုအလေးထားသော အကြောင်းအရာဖြစ်ပါသည်။ မိသားစုအတွင်း အသက်သေဆုံးပြီး မြှုပ်နှံခြင်းမခံရမှုသည်အဆိုပါမိသားစုအတွက် ကြီးမားသော ကျိန်စာခံရခြင်းအဖြစ် ယူဆကြပါသည်။ မိသားစု အခမ်းအနားနှင့် မြှုပ်နှံသဂြိုလ်ခြင်းသည် မိသားစုအတွင်း သေဆုံးသူနှင့် မမေ့နိုင်စရာ အဖြစ်အပျက်များကို ပြန်လည်အမှတ်ရခြင်းနှင့်သေဆုံးသူအတွက် နောက်ဆုံးအကြိမ် အကောင်းဆုံးပြုလုပ်ပေးခြင်းဟု ဣသရေလတို့ နားလည်ပါသည်။ ထို့ကြောင့် ဣသရေလတို့၏ သေလွန်ပြီးအခြေအနေ နားလည်မှုသည် မိသားစု မျိုးနွယ် မျိုးရိုး ဂုဏ်သိက္ခာများနှင့်ဆက်စပ်လျက်ရှိသော နားလည်မှု ဖြစ်ပြီး၊ သေလွန်ပြီး ရှင်ပြန်ထမြောက်ခြင်း သည် ၎င်းတို့၏ အာရုံစိုက်မှု တစ်ခုမဟုတ်ခဲ့ပေ။
သို့သော် ဣသရေလ လူထုအတွင်းသို့ ရှင်ပြန်ထမြောက်ခြင်း နားလည်မှုဝင်ရောက်လာသည်မှာ မက္ကာဘီးယန်း အရေးအခင်းကာလတွင် အစပြုသည်ဟု ဆိုနိုင်ပါသည်။ တိတိကျကျဆိုရလျှင် အန်တိယိုကပ် ဘုရင်Antiochus IV လက်ထက် ဘီစီ ၁၆၇ တွင် ဣသရေလ သန့်ရှင်းသူများနှင့် သူရဲကောင်းများကို ဘုရင်မှ နှိပ်ကွပ်ညှင်းပမ်း သတ်ဖြတ်ရာမှ အစပြုခဲ့ပါသည်။
ဤနေရာတွင် မက္ကာဘီးယန်း အရေးအခင်းနှင့် ရေခံမြေခံကို နားလည်ရန်လိုအပ်ပါသည်။ ဘီစီ ၂ရာစုကာလများတွင် ဣသရေလ မြို့ပြတိုင်းပြည်နှစ်ခုဖြစ်သော ဂျေရုစလင် နှင့် ယုဒပြည်တို့သည် အင်အားကြီးသော အင်ပါယာ နှစ်ခုဖြစ်သည့် အီဂျစ်အင်ပါယာနှင့် ဆီးရီယားအင်ပါယာနှစ်ခုအကြားတွင် ကျရောက်နေပါသည်။ အီဂျစ်ကိုတိုလမီ ဘုရင်များ အုပ်ချုပ်ပြီး ဆီးရီးယားကို ဆီလီယူစစ် Seleucids ဘုရင်များအုပ်ချုပ်နေပါသည်။ ဆီလီယူစစ်ဘုရင်များတွင် အန်တီယိုကပ်Antiochus IV ဘုရင်သည်လည်း အပါအဝင်ပင်ဖြစ်ပါသည်။ ထိုခေတ်ကာလသည်ဆီးရီးယားအင်ပါယာတွင် ဂရိအတွေးအခေါ်များ ထွန်းကားသည့်ကာလဖြစ်ပါသည်။ ဘီစီ ၁၆၈တွင် Antichous IVဘုရင်သည် ဂျေရူစလင်ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဣသရေလလူတို့၏ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု အစရှိသည်တို့နေရာတွင် ဂရိအတွေးအခေါ် ယဉ်ကျေးမှု ယုံကြည်မှုတို့ကို အစားထိုးရန် ကြိုးပမ်းလာခဲ့ပါသည်။ ဂရိ ဇူးစ် နတ်ဘုရားကိုသာ ကိုးကွယ်စေခြင်း အစရှိသည်တို့ကို အတင်းအဓမ္မပြုလုပ်လာပြီး ငြင်းဆန်သူများကိုလည်းသတ်ဖြတ်မှုများ ပြုလုပ်လာပါသည်။ အဆိုပါ လုပ်ရပ်များကို မခံမရပ်နိုင်သော ဂျူး ယစ်ပုရောဟိတ် မက်တာသီးယစ် Mattathias ၏ သားများဖြစ်သူ Maccabeus များက တော်လှန်ရေး အစပြုခြင်းဖြင့် မက္ကာဘီးယန်းတော်လှန်ရေးဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
သမ္မာကျမ်းစာတွင် ဤအကြောင်းအရာများကို လုံးစေပတ်စေ့ မဖော်ပြသော်လည်း ကျမ်းပယ်များနှင့် ဂျူးစာပေများတွင် တွေ့နိုင်ပါသည်။ ထိုကဲ့သို့ ညှင်းပမ်းနှိပ်စက်မှုများ ခံရသောအခါ မိမိယုံကြည်မှုကိုမစွန့်လွှတ်ဘဲကြံ့ကြံ့ခံသူများသည် ယခုအသက်သေဆုံးသွားသော်လည်း တစ်နေ့တွင်ပြန်လည်ရှင်ပြန်မည်ဟူသော ယုံကြည်မှုသည် ဝင်ရောက်လာကာ ဣသရေလလူထု၏ နိုင်ငံရေး စုစည်းမှုအတွက် အရေးပါသော ယုံကြည်မှု ဖြစ်လာခဲ့ပါသည်။ ဒံယေလ အနာဂတ္တိကျမ်း အခန်းကြီး ၁၂ တွင်သာ ရှင်ပြန်ထမြောက်ခြင်းနှင့် ဆိုင်သော အရေးအသားကိုတွေ့နိုင်ပါသည်။
၃.၃။ ရှင်ပြန်ထမြောက်ခြင်း နှင့် ကျမ်းပယ်များ
ဓမ္မဟောင်း နှင့် ဓမ္မသစ် ကျမ်းစာများတွင် မှတ်တမ်းတင်ခြင်းမခံရသော ကာလတစ်ခုရှိခဲ့ပါသည်။ အဆိုပါကာလကို ကြားကာလ Inter- Testamental ဟု ဆိုပါသည်။ အဆိုပါကာလတွင် ဣသရေလလူတို့၏ ဒုက္ခ သုက္ခ နှင့်ဘုရားသခင်အကြား ဆက်နွယ်မှုများကို ကျမ်းပယ်များတွင် လေ့လာနိုင်ပါသည်။ အတိအကျ ဆိုရာသော် အေပိုခရပ်ဖာ ဟုခေါ်သော စာပေများ၊ ကွမ်ရမ် ဟု ခေါ်သော စာပေများနှင့် တဲလ်မွတ် ဟုခေါ်သော ကျမ်းစာများတွင် တွေ့နိုင်ပါသည်။ အဆိုပါကာလတွင် ဣသရေလလူထုကြားတွင် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ယုံကြည်မှု တဟုန်ထိုးကြီးထွားလာသည်ဟု ဆိုနိုင်ပါသည်။
မက္ကာဘီးယန်း ဒုတိယ စာစောင် အခန်းကြီး ၇ တွင် ဖော်ပြထားသော ပုံပြင်တစ်ခုတွင် ရှင်ပြန်ထမြောက်ခြင်းယုံကြည်မှုကိုတွေ့နိုင်ပါသည်။ အမျိုးသမီး တစ်ယောက်၏ သား ခုနစ်ယောက်သည် ညှင်းပမ်းခံရပြီး သေဆုံးသွားသောအခါ အဆိုပါ အမျိုးသမီးက ဘုရားသခင်ထံတွင် သူမ သားများ၏ အသက် နှင့် ဘဝ ရှင်ပြန်ထမြောက်မည့်အကြောင်း ဆုတောင်းခြင်းဖြစ်ပါသည်။ ဣသရေလလူထု၏ ခန္ဓာရှင်ပြန်ထမြောက်ခြင်း ယုံကြည်မှု ပင် ဖြစ်ပါသည်။
မက္ကာဘီးယန်းစာစောင် နှင့်ကွဲလွဲစွာ နားလည်သော ရှင်ပြန်ထမြောက်ခြင်း နားလည်မှုကို Sirach စိရာ စာစောင်တွင်လည်း တွေ့နိုင်ပါသည်။ Sirachစာစောင်တွင် ခန္ဓာသေလွန်သော်လည်း နာမည်နှင့် လုပ်ရပ်သည် အမြဲရှင်သန်နေမည် ဟူသော နားလည်မှုကို အခန်းကြီး ၄၄ အခန်းငယ် ၁၄ တွင် “Their bodies are buried in peace, but their name lives on generation after generation” ဤကဲ့သို့ ရေးသားထားသည်ကို တွေ့နိုင်ပါသည်။
ထိုကြားကာလတွင် ဂရိတို့၏ အတွေးအခေါ်သည်လည်း ဣသရေလလူထုအကြားတွင် ပျံ့နှံ့ဝင်ရောက်လျက်ရှိပြီးဖြစ်သည်။ ထို့ကြောင့် တချို့သော ကျမ်းပယ်စာစောင်များတွင် ဂရိအတွေးအခေါ်တစ်ခုဖြစ်သော ‘ခန္ဓာသည် မတည်မြဲ ဝိဥာဏ်သည်သာ ထာဝရ အသက်ရှင်မည်’ ဟူသော နားလည်မှုကို တွေ့နိုင်ပါသည်။ Wisdom of Solomon စာစောင် အခန်းကြီး ၁ အခန်းငယ် ၁၂မှ ၁၅ အထိဖတ်ပါက အဆိုပါနားလည်မှုကို တွေ့နိုင်ပါသည်။ အဆိုပါ ရှင်ပြန်ခြင်းနားလည်မှုသည် မက္ကာဘီးယန်း နားလည်မှုနှင့် ကွဲပြားလျက်ရှိပါသည်။
ထို့အပြင် ရှင်ပြန်ထမြောက်ခြင်းကို ဆုလာဘ်တစ်ခု အဖြစ်နားလည်ကြသူများလည်း ရှိပါသည်။ တိုရာ ကျမ်းငါးကျမ်း (ကမ္ဘာဦး၊ ထွက်မြောက်ရာ၊ တောလည်ရာ၊ ဝတ်ပြုရာ၊ တရားဟောရာကျမ်း) တွင်ပါဝင်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး မှန်ကန်ဖြောင့်မတ်စွာ အသက်ရှင်သန်ပါက သေလွန်သောအခါ ဆုလာဘ်အဖြစ်ပြန်လည်ရှင်ပြန်မည်ဟူသော နားလည်မှုဖြစ်ပါသည်။ အက်စ်ထရပ် ဒုတိယစာစောင် 2 Esdras 7:89တွင် “During their time that they lived in it, they laboriously served the Most High, and withstood danger every hour so that they might keep the law of the Lawgiver perfectly.”ဤကဲ့သို့ ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။
အချုပ်အားဖြင့် ဆိုသော် ရှင်ပြန်ထမြောက်ခြင်း ယုံကြည်မှုသည် ဣသရေလလူထု၏ မူရင်းယုံကြည်မှုတစ်ခုမဟုတ်ပေ။ အီဂျစ်ဒဏ္ဍာရီများမှ အစပြုခဲ့ပြီး ဣသရေလအတွေးအခေါ် ယုံကြည်မှု အတွင်းသို့ နောက်ကျမှဝင်ရောက်လာသော ယုံကြည်မှုဖြစ်ပါသည်။ အဘယ်ကြောင့် နောက်ကျခဲ့ရသနည်း ကိုလည်း ရှင်းလင်းခဲ့ပြီးဖြစ်ပါသည်။ ရှင်ပြန်ထမြောက်ခြင်း အတွေးအခေါ်သည် နိုင်ငံခြားဖြစ်ဖြစ်သည်။ ထို့အပြင် ဣသရေလတို့ နားလည်ခဲ့သော ဘုရားသခင်၏ တန်ခိုးသည် သေခြင်းနယ်နိမိတ်အထိပေါက်ရောက်သောကြောင့် တကူးတက အနိုင်ယူရန် မလိုပေ။ ဣသရေလတို့၏ လူသားအပေါ်နားလည်ရာတွင် ခန္ဓာ၊စိတ်၊ဝိဥာဏ် ခွဲခြားနားလည်မှု မရှိသောကြောင့် ခန္ဓာသေသော်လည်း ဝိဥာဏ်ထမြောက်မည် ဟူသော နားလည်မှုသည် ဣသရေလတို့၏ ယုံကြည်မှုအတွင်းသို့ ဝင်ရောက်လာရန် နောက်ကျနေရခြင်း ဖြစ်နိုင်ပါသည်။
ဣသရေလလူထုအတွင်းသို့ ရှင်ပြန်ထမြောက်ခြင်း အတွေးအခေါ်ဝင်ရောက်လာရသည်မှာ ဣသရေလလူ့အဖွဲ့အစည်းတွင် နိုင်ငံရေး၊ စီးပွါးရေး လူမှုရေး ဖိနှိပ်မှုများ ကြုံဆုံလာရချိန်တွင်ဖြစ်ပါသည်။ နိုင်ငံရေး စည်းလုံးမှု တစ်ခုအဖြစ်ပုံဖော်နိုင်စေရန် ဖိနှိပ်မှုများကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်စေရန် အစပြုရာမှ သူရဲကောင်းများသည် တစ်ချိန်တွင် ရှင်ပြန်ထမြောက်မည်ဟူသော ယုံကြည်မှုအဖြစ် ဣသရေလ ဘာသာရေးယုံကြည်မှု ဖြစ်လာရခြင်းဖြစ်ပါသည်။
သို့သော် တူညီသော ရှင်ပြန်ထမြောက်ခြင်း ဘာသာရေး ယုံကြည်မှု တစ်ခုအဖြစ် ရှိမနေဘဲ အမျိုးမျိုးကွဲပြားခဲ့ပါသည်။ မက္ကာဘီးယန်းတော်လှန်ရေးတွင် ရှင်ပြန်ထမြောက်ခြင်းကို ခန္ဓာရှင်ပြန်ထမြောက်ခြင်း အဖြစ်နားလည်ပါသည်။ တချို့တို့သည် ရှင်ပြန်ထမြောက်ခြင်းကို နားလည်ရာတွင် နာမည်နှင့် စိတ်ဓာတ် ကျန်ရစ်နေခြင်းဟုနားလည်ပါသည်။ ဂရိအတွေးအခေါ် လွှမ်းမိုးသဖြင့် ဝိဥာဏ် ထာဝရတည်ရှိခြင်း ပုံစံဖြင့် နားလည်သူများလည်း ရှိသကဲ့သို့ တိုရာကို လိုက်နာသူများအတွက် ရှင်ပြန်ထမြောက်ခြင်းသည် ဆုလာဘ်တစ်ခုအဖြစ် ဣသရေလရေခံမြေခံတွင် နားလည်ကြသူများလည်း ရှိကြပါသည်။
၄။ ဓမ္မသစ်မှ နားလည်သော ရှင်ပြန်ထမြောက်ခြင်း
ဓမ္မဟောင်းကာလ တွင် နားလည်သော ရှင်ပြန်ထမြောက်ခြင်း အမြင် နှင့် ဓမ္မသစ်ကျမ်းများတွင် ဖော်ပြထားသော သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း နားလည်မှုသည် ကွဲပြားမှုရှိပါသည်။ ဓမ္မသစ်ကာလတွင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို သမိုင်းဖြစ်စဉ်တစ်ခု အဖြစ် နားလည်ကြသကဲ့သို့ နောက်ဆုံးသောကာလဆိုင်ရာ မျှော်လင့်ချက်အဖြစ်လည်း နားလည်ကြပါသည်။
ခရစ်ဝင်ကျမ်းတွင်ဖော်ပြထားချက်များကို လေ့လာကြည့်ပါက ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကိုအခြေအနေပြသက်သေများဖြင့် (circumstantial evidences)ဖော်ပြခဲ့သည်ကို တွေ့နိုင်ပါသည်။ ဟင်းလင်းဖြစ်နေသော ဂူသချိုင်း၊ ထမြာက်သွားသော ဂူထဲမှ အခြေအနေများသည် အခြေအနေပြသက်သေများသာ ဖြစ်ပါသည်။ခရစ်ဝင်ကျမ်းများနှင့်မတူဘဲ ရှင်ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကို တစ်မျိုး နားလည် ဖော်ပြခဲ့ပါသည်။
၄.၁။ ရှင်ပေါလု နားလည်သော ရှင်ပြန်ထမြောက်ခြင်း
၁ ကော ၁၅:၃-၈ သည် ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်၍ အစောဆုံးရေးသားခဲ့သော ယုံကြည်ရသောရှင်ပေါလု၏ အမြင်ဖြစ်ပါသည်။ ဤကျမ်းပိုဒ်တွင် ရှင်ပေါလု ၏ ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော အမြင် ကိုသာမက ကနဦး ခရစ်ယာန်အသိုင်းအဝိုင်းအတွင်းမှ အခြေအနေများကိုပါ တွေ့နိုင်ပါသည်။
ကနဦးခရစ်ယာန် အသိုင်းအဝိုင်းတွင် ပါတီ နှစ်ပါတီ အုပ်စု နှစ်စု ရှိပါသည်။ ရှင်ပေတရု နောက်လိုက်များ နှင့်ရှင်ယာကုပ် နောက်လိုက်များဟူ၍ သမုတ်နိုင်ပါသည်။ Ulrich Wilckens ဟုခေါ်သော ဂျာမန်ပညာရှင်က အဆိုပါကျမ်းပိုဒ်တွင် ရှင်ပေါလု၏ အရေးအသားကို ကြည့်ခြင်းအားဖြင့် ရှင်ပေါလု သည် ရှင်ပြန်ထမြောက်ခြင်းအမြင်ကိုဖော်ပြသည့် အချိန်တွင် ကနဦးခရစ်ယာန်တို့၏ ဦးဆောင်မှု အခန်းကဏ္ဍသည် ရှင်ပေတရု ဆီမှသည် ရှင်ယာကုပ်ဆီသို့ ကူးပြောင်းခဲ့ပြီး ဖြစ်သည့် အခြေအနေဟု ၎င်းက သုံးသပ်ပါသည်။
ရှင်ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကို ဖော်ပြရာ၌ ခရစ်ဝင်ကျမ်းများကဲ့သို့ အခြေအနေပြသက်သေများဖြင့် ဖော်ပြခဲ့သည် မဟုတ်ဘဲ မျက်မြင်သက်သေ (eye witness) များဖြင့်ဖော်ပြခဲ့ပါသည်။ ၁ကော ၁၅:၃-၈ တွင်မျက်မြင်သက်သေများကို ထည့်သွင်းဖော်ပြခြင်းဖြင့် ရှင်ပေါလုသည် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို ပို၍ခိုင်မာစွာသက်သေပြနိုင်ရန် ရည်ရွယ်သည်ဟု ဆိုနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း သူအပါအဝင်မျက်မြင်သက်သေ တမန်တော်များသည် တကယ့်အဖြစ်အပျက်များ၊ ဧဝံဂေလိတရားကို သက်သေခံနေခြင်းဖြစ်သည်ဟု ညွှန်းဆိုလိုခြင်းလည်း ဖြစ်နိုင်ပါသည်။
၁ကော ၁၅:၃-၈တွင် ရေးသားထားသော ရှင်ပေါလု၏ အရေးအသားကို ကြည့်ခြင်းအားဖြင့် ရှင်ပေါလု၏ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အမြင်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါသည်။ ခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီဟုဆိုရာတွင် he was raised ဟု passive voice ဖြင့် ရေးသားခဲ့သည်ကိုကြည့်ခြင်းဖြင့် ဤဇာတ်လမ်း တစ်ခုလုံးတွင်ပြုလုပ်သူ subject မှာ ဘုရားသခင် ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ခရစ်တော်ကိုယ်တော်တိုင် သူ့ဘာသာသူ ထမြောက်လာခြင်းမဟုတ်ဘဲ ဘုရားသခင်မှ ထမြောက်စေခြင်းကြောင့် ဖြစ်သည် ဟု နားလည်နိုင်ပါသည်။ ဤသည်မှာ ဓမ္မဟောင်းကာလမှ ခံယူသော ဘုရားသခင်နှင့်ဆိုင်သော အမြင် နှင့် ကွက်တိကျ ဘောင်ဝင်လျက်ရှိသည်ကို တွေ့ရပါသည်။ ဓမ္မဟောင်းတွင် ဘုရားသခင်သည်သာ ဖန်ဆင်းရှင် သေခြင်းမှ ရွေးနုတ်သော အရှင် ဟု နားလည်ပါသည်။
၁ကော ၁၅း၄-၅ တွင် ရှင်ပေါလု ဖော်ပြထားသော “သဂြိုလ်ပြီး (buried) ရှင်ပြန်ထမြောက်ပြီး မှ ကေဖသည် မြင်ရ (appeared) သည်” ဟူသော စာကြောင်းကို ကြည့်ခြင်းဖြင့် ရှင်ပေါလုသည် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ရပ်မှန် အဖြစ် ဣသရေလတို့ နားလည်သော နားလည်မှုတွင်းမှ ညွှန်းဆိုနေသည်ကို တွေ့နိုင်ပါသည်။ἐτάφη etaphē(was buried) ဟု ဖော်ပြလိုက်ခြင်းဖြင့် ခရစ်တော် အမှန်တကယ်သေဆုံးကြောင်းပေါ်လွင်စေခဲ့ပါသည်။ ထို့နောက် appeared to ဟု သုံးလိုက်ခြင်းဖြင့် အမှန်တကယ် ရှင်ပြန်ထမြောက်သည်ဟု ဖော်ပြခြင်းဖြစ်သည်။ ဤသည်မှာ ဣသရေလ တို့၏ နားလည်မှုတစ်ခုဖြစ်သော ခန္ဓာရှင်ပြန်ထမြောက်ခြင်း နားလည်မှုအတွင်းမှ ခရစ်တော်၏ ရှင်ပြန်ထမြောက်မှုကို ဖော်ပြနေခြင်းဖြစ်ပါသည်။
ဓမ္မသစ်ကျမ်းရေးသူများ အထဲတွင် မိမိသည် ရှင်ပြန်ထမြောက်ခြင်း၏ မျက်မြင်သက်သေ ဖြစ်ပါသည် ဟုမိမိကိုယ်ကို ဝန်ခံသူမှာ ရှင်ပေါလုတစ်ဦးသာရှိပါသည်။ ၁ ကော ၁၅:၈ တွင် “ငါပင် မြင်ရ၏” (he appeared to me) ဟု ဝန်ခံထားပါသည်။ appeared ဟူသောနေရာတွင် ὤφθη (ōphthē) ဟု passive voice ပုံစံ (he was seen) ဟု ရေးသားထားပါသည်။ ထိုကဲ့သို့ အသုံးအနှုန်းမျိုးကို တကယ်မြင်တွေ့ရသည့် အခြေအနေတွင်သာ သုံးပါသည်။
အချုပ်အားဖြင့်ဆိုသော် ရှင်ပေါလု နားလည်သော ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ဓမ္မဟောင်းတွင် ဣသရေလတို့နားလည်သော ရှင်ပြန်ထမြောက်ခြင်းဘောင်အတွင်းမှ နားလည်ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ခရစ်တော်ကို ရှင်ပြန်ထမြောက်စေသူမှာ ဘုရားသခင်ဖြစ်ပြီး ခရစ်တော်၏ ခန္ဓာရှင်ပြန်ထမြောက်ခြင်းသည် အစစ်အမှန်ဖြစ်ကြောင်း၊ သူကိုယ်တိုင် မျက်မြင် ဖြစ်ကြောင်း မျက်မြင်သက်သေနည်းဖြင့် နားလည်ခဲ့ ဖော်ပြခဲ့ပါသည်။
၄.၂။ ခရစ်ဝင်ကျမ်းများမှ ဖော်ပြသော ရှင်ပြန်ထမြောက်ခြင်း
ခရစ်ဝင်ကျမ်းများတွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို အခြေအနေပြ သက်သေများဖြင့် ဖော်ပြခဲ့သည်ဟု ဤဆောင်းပါးတွင် ဆိုခဲ့ပြီးဖြစ်ပါသည်။ အခြေအနေပြ သက်သေဟု ဆိုရာတွင် ရှင်းလင်းမနေဘဲရှုပ်ထွေးမှုများစွာရှိနေသည်ကို တွေ့ရပါသည်။
ခရစ်ဝင်ကျမ်းများတွင် ရှင်ပြန်ထမြောက်ခြင်း နှင့် တွဲလျက် ကိုယ်ထင်ပြခြင်းများကို ဖော်ပြထားသည်များကိုလည်း တွေ့ရပါသည်။ ထို့ကြောင့် ထိုအဖြစ်အပျက် နှစ်ခု ကို ယှဉ်တွဲ လေ့လာလျက် ရှင်ပြန်ထမြောက်ခြင်းကိုနားလည်ရန် လိုအပ်သကဲ့သို့ အဖြစ်အပျက်တစ်ခုချင်းစီ၏ နောက်ကွယ်မှ သိတင်းစကားကိုလည်း သိရန်လိုအပ်ပါသည်။
၄.၂.၁။ ရှင်ပြန်ထမြောက်ခြင်း နှင့် ကိုယ်ထင်ပြခြင်း
ရှင်မာကု ကျမ်းစာတွင် ရှင်ပြန်ထမြောက်ခြင်းကို ဟင်းလင်းဖြစ်နေသော ဂူ ဇာတ်လမ်း နှင့်သာ ညွှန်းဆိုထားပြီး (မာကု ၁၆:၁-၈) အဆိုပါ ဇာတ်လမ်းသည် ခရစ်တော် တပည့်တော်များကို ကိုယ်ထင်ပြခြင်းများနှင့် ဆက်စပ်မှုမရှိကြောင်း တွေ့နိုင်ပါသည်။ (မြန်မာဘာသာပြန် ယုဒဿန်မူကျမ်းစာတွင် မာကု၁၆:၈(က) သာပါပြီး ၁၆:၈ (ခ)(ဂ) တို့ကို ဖြုတ်ကာ၊ မာကု ၁၆:၈ နှင့် ၁၆:၉သည် တစ်ဆက်တည်း ဖြစ်သကဲ့သို့ဘာသာပြန်ဆိုထားခြင်းကြောင့် ဂူဇာတ်လမ်း နှင့် ကိုယ်ထင်ပြခြင်း ဇာတ်လမ်းတို့သည် တစ်ဆက်တည်းရှိသယောင် ဖြစ်နေရခြင်းဖြစ်ပါသည်။လက်လှမ်းမီနိုင်သော New Revised Standard Version ကို ပြန်လည်ကြည့်ရှုပါက မာကု ၁၆:၈ (ခ) (ဂ) တို့ကို တွေ့နိင်ပါသည်။) အခြားသော ခရစ်ဝင်ကျမ်းများတွင်မူ ဟင်းလင်းဖြစ်နေသော ဂူ ဇာတ်လမ်း နှင့် ကိုယ်ထင်ပြခြင်းဇာတ်လမ်းများသည် ဇာတ်လမ်း တစ်ခုတည်းအဖြစ် ဆက်စပ်လျက်ရှိနေသည်ကို တွေ့ရပါသည်။
မာကုတွင် ဖော်ပြထားသော ဟင်းလင်းပြင် ဂူကိစ္စ နှင့် ကိုယ်ထင်ပြမှု ဇာတ်လမ်းများ ဆက်စပ်မှု မရှိခြင်း ကိုကြည့်ခြင်းအားဖြင့် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်း ဟင်းလင်းပြင် ဂူ ဇာတ်လမ်းနောက်ကွယ်ကပေးနေသော သိတင်း စကားနှင့် ကိုယ်ထင်ပြခြင်းဇာတ်လမ်း နောက်ကွယ်က ပေးနေသော သိတင်းစကားသည် တူညီမှုမရှိနိုင်ဟုJohn E Alsup ဟု ခေါ်သော ဓမ္မသစ်ကျမ်း ပညာရှင်က ယူဆပါသည်။ ခရစ်တော် တပည့်တော်တို့ကို ကိုယ်ထင်ပြခြင်း၊ မာဂဒလမာရိကို ကိုယ်ထင်ပြခြင်း၊ ဂါလိလဲတွင် ကိုယ်ထင်ပြခြင်း၊ ဧမောက်ရွာတွင် ကိုယ်ထင်ပြခြင်း အစရှိသည်တို့ကို ခရစ်ဝင်ကျမ်းရေးသားသူတို့ ထည့်သွင်းထားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို ထပ်မံ အတည်ပြုလိုခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ထို့အပြင် အခြားသော ရည်ရွယ်ချက််များလည်း ရှိပါသေးသည်။ ပထမတစ်ခုမှာ ခရစ်တော်သည် တပည့်တော်တို့ကို မစ်ရှင် စေလွှတ်ကြောင်း ပြသလိုသောရည်ရွယ်ချက်ဖြင့် ကိုယ်ထင်ပြခြင်းဇာတ်လမ်းကို ဆက်ရခြင်း ဖြစ်ပါသည်။ (မဿဲ ၂၈:၁၆-၂၀၊ လုကာ ၂၄:၃၆-၄၉၊ ယောဟန် ၂၀:၁၉-၂၃) ဒုတိယ ရည်ရွယ်ချက်မှာ တပည့်တော်တို့၏ အသိအမှတ်ပြုခြင်းကို ဖော်ပြလို၍ ဖြစ်နိုင်ပါသည်။ ရှင်ပြန်ထမြောက်အပြီး ပုံသဏ္ဍာန် နှင့် အသက်ရှိစဉ်ကနေခဲ့သော ပုံသဏ္ဍာန် နှစ်ခု ရောယှက်ပြမှသာ တပည့်တော်တို့ မှတ်မိနိုင်သည်ကို ဖော်ပြထားခြင်းဖြင့် ရှင်ပြထမြောက်အပြီး တပည့်တော်တို့၏ အတွင်းစိတ် အခြေအနေ၊ သံသယဖြစ်ခြင်း စသည်တို့ကိုပြသနေခြင်း ဖြစ်ပါသည်။
ထိုသို့သော ရည်ရွယ်ချက်များကြောင့် ခရစ်တော် ကိုယ်ထင်ပြခြင်း ဇာတ်လမ်းများကို ခရစ်ဝင်ကျမ်းရေးသားသူတို့အထူးသဖြင့် မာဿဲ၊ လုကာ၊ ယောဟန် ရေးသားသူတို့ ဖော်ပြရခြင်း ဖြစ်နိုင်ပါသည်။
၄.၂.၂။ သုံးရက်မြောက်နေ့
လွယ်ကူရိုးရှင်းစွာ မှတ်ယူပါက ခရစ်တော်သည် အသတ်ခံရပြီးနောက် သုံးရက်မြောက်တွင် ရှင်ပြန်ထမြောက်သည် ဖြစ်ပါသည်။ သုံးရက်မြောက်နေ့ “On the third day“ ၊ သုံးရက်ပြီးနောက် “After three days“ ဟု ဆိုသော်လည်း အချိန်တွက်ချက်မှု နှင့် ပြန်လည်ချိန်ဆသော် သုံးရက်မြောက်နေ့ ဆိုသည်မှာ တိကျသော အချိန်ကိုဆိုလိုခြင်း မဟုတ်ဘဲ နောက်ကွယ်မှ ပေးနေသော သိတင်းစကားရှိကြောင်း တွေ့နိုင်ပါသည်။
မဟာသောကြာကြီးနေ့ နေ့လည်ခင်းတွင် အသတ်ခံရပြီး တနင်္ဂနွေ မနက်စောစောတွင် ဂူထဲတွင် မရှိတော့သည်ဟု ဆိုခြင်းကြောင့် ခရစ်တော် ဂူထဲတွင် ရှိနေသည်မှာ သုံးရက်အချိန် မဟုတ်ဘဲ တစ်ရက်ခွဲသော အချိန်သာ ဖြစ်ပါသည်။ ထိုကြောင့် သုံးရက်ပြီးနောက် ရှင်ပြန်ထမြောက်သည်၊ သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်သည် ဟု ဆိုခြင်းမှာ အချိန် ညွှန်းဆိုမှုဟု မဆိုနိုင်ပေ။
ဘုရားသခင်၏ ဂရုဏာတော်၊ သနားခြင်းကို ဖော်ပြလိုခြင်းကြောင့်သာ ဣသရေလထုံးစံတွင် ရင်းနှီးမှု ရှိပြီးသား၊ နားလည်မှုရှိပြီးသား ပုံစံဖြင့် တင်ပြရခြင်းဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်းများကို ပြန်လည် ကြည့်ရှုပါကဘုရားသခင်၏ သနားခြင်းဂရုဏာ၊ ကယ်တင်ခြင်း သည် သုံးရက်မြောက်နေ့တွင် ပေါ်ထွန်းလာကြောင်းထပ်ခါထပ်ခါ ဖော်ပြသည်ကို တွေ့ရပါမည် ဖြစ်ပါသည်။( ထွက်မြောက်ရာ ၁၉:၁၆၊ ကမ္ဘာဦး ၂၂:၄၊ ဟောရှေ ၆:၂) ထို့ကြောင့် ရှင်ပြန်ထမြောက်ခြင်းနားလည်မှုတွင် သုံးရပ်မြောက်နေ့၌ ရှင်ပြန်ထမြောက်သည် ဟုဆိုရာ၌တိကျသော အချိန်၏ သဘောကို ညွှန်းဆိုနေခြင်း မဟုတ်ဘဲ ဘုရားသခင်ဆီမှ လာသော ကျေးဇူးတော်၊ သနားခြင်းဂရုဏာ၊ ကယ်တင်ခြင်းသဘောကို ညွှန်းဆိုနေခြင်းဖြစ်ပါသည်။
၄.၂.၃။ ယေရုရှလင်လော၊ ဂါလိလဲပြည်လော။
ရှင်ပြန်ထမြောက် အပြီးတွင် သခင်ခရစ်တော်သည် တပည့်တော်တို့ကို ကိုယ်ထင်ပြသည် ဆိုသည်မှာ ခရစ်ဝင်ကျမ်းများတွင် သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ တွေ့ရသော အခြေအနေပြ သက်သေဖြစ်ပါသည်။ သို့ရာတွင် ရှင်းလင်းမနေပေ။ သခင်ခရစ်တော် တပည့်တော်တို့ကို မည်သည့်နေရာတွင် ကိုယ်ထင်ပြခဲ့သနည်း။ ရှင်မဿဲ နှင့် ရှင်မာကုတို့သည် ဂါလိလဲပြည်ကို ညွှန်းဆိုခဲ့ကြသော်လည်း (မဿဲ ၂၈:၁၆-၁၇၊ မာကု၁၆:၇) လုကာကျမ်းရေးသူသည် ယေရုရှလင်မြို့ သို့ ညွှန်းဆိုခဲ့ပါသည်။(တမန်တော် ၁:၄။ စကားချပ်... ဤတွင်မေးစရာရှိလာသည်မှာ အဘယ်ကြောင့် လုကာဟုဆိုပြီး တမန်တော်ကျမ်းကို ရည်ညွှန်းအဖြစ်ထည့်ပေးသနည်းဟူ၍ဖြစ်ပါသည်။ လုကာ နှင့် တမန်တော်သည် အတွဲ နှစ်တွဲပါသော စာအုပ် ဖြစ်ပြီး နှစ်တွဲပေါင်းမှ တစ်အုပ်ဖြစ်ကာကျမ်းရေးသူတူသောကြောင့် ဖြစ်ပါသည်။)
အဘယ်ကြောင့် ဤသို ယေရုရှလင် နှင့် ဂါလိလဲ ဟူ၍ နေရာကွဲနေရသနည်း။ ဤပြသနာကို နည်းနှစ်နည်းဖြင့် အဖြေရှာနိုင်မည်ဖြစ်ပါသည်။ ပထမနည်းမှာ နေရာနှစ်ခုကို ပေါင်းစပ် အဖြေရှာမည် ဖြစ်ကာ ဒုတိယနည်းမှာသီးခြားအဖြေထုတ်မည့်နည်း ဖြစ်ပါသည်။
ဂျာမန်ပညာရှင်များဖြစ်သည့် Hans von Campenhausen နှင့် Hans Grass တို့က ပထမနည်းဖြင့် အဆိုပါပြသနာကို ဖြေရှင်းခဲ့ပါသည်။ Campenhausen ၏ သုံးသပ်ချက်မှာ တပည့်တော်များသည် အမျိုးသမီးများ သင်္ချိုင်းသို့သွားချိန်တွင် ယေရုရှလင်မြို့တွင် ရှိနေပြီး ဟင်းလင်ဖြစ်နေသောဂူအကြောင်းကို သိပြီးသောအခါမှ ဂါလိလဲသို့သွားရန်ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်ကို ချသူမှာ ပေတရု ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်တော်ကိုယ်ထင်ပြသည့်နေရာကို ညွှန်းဆိုရာ၌ နှစ်နေရာစလုံးဖြစ်နိုင်သည် ဟု ဆိုခြင်းဖြစ်ပါသည်။ အဆိုပါသုံးသပ်ချက်နှင့် ဆန့်ကျင်၍ ပထမနည်းအတိုင်း သုံးသပ်ကြသူများလည်းရှိပါသည်။ အဆိုပါ အနုမာနအယူအဆမှာ တပည့်တော်တို့သည် အလောင်းကိုခိုးယူကြောင်း စွပ်စွဲခံရသောအခါ ကြောက်လန့်၍ ဂါလိလဲပြည်သို့ ထွက်ပြေးသည်ဟူ၍ ဖြစ်ပါသည်။
ဒုတိယနည်း သီးခြားခွဲထုတ်သည့် နည်းဖြင့် ဤပဟေဠိကို အဖြေညှိကြသူများက ယေရုရှလင်၌ကိုယ်ထင်ပြသည်ဟု ဆိုခြင်းမှာ ဟင်းလင်းဖြစ်နေသော ဂူကိုသာဆိုလိုခြင်းဖြစ်ပြီး ဂါလိလဲပြည်၌သာ တပည့်တော်များနှင့် ပေါင်းစုံခြင်းဟု ဆိုကြပါသည်။ ထို့အပြင် ယေရုရှလင်သည်သာ ကိုယ်ထင်ပြသည့်နေရာဟု ဆိုကြသူများက ဂါလိလဲ ဟု ညွှန်းဆိုရာတွင် တောင်ပိုင်းမှ ဂါလိလဲပြည် မဟုတ်ဘဲ ယေရုရှလင်မြို့ ဧရိယာအတွင်းမှ ဗေသနိမြို့( the area of Jerusalem- Galilah Yerushalayim) ကို ဆိုလိုခြင်းဖြစ်သည်ဟု ဆိုကြပါသည်။
၄.၂.၄။ ဟင်းလင်းဖြစ်သောဂူ
ဟင်းလင်းဖြစ်သောဂူ ဇာတ်လမ်းကို ခရစ်ဝင်ကျမ်းအားလုံးတွင် တွေ့ရပါသည်။ ရှင်ပြန်ထမြောက်ခြင်းကိုညွှန်းဆိုရာ အခြေအနေပြသက်သေတွင် ဟင်းလင်းဖြစ်သော ဂူ ဇာတ်လမ်းသည် အခိုင်မာဆုံးသက်သေဟု ယူဆနိုင်ပါသည်။ လက်တွေ့တွင်မူ အဆိုပါ ဇာတ်လမ်းတွင်ပင် ဒဏ္ဍာရီ ဟု ယူဆနိုင်ဖွယ်ရာကောင်းသော အချက်များကိုတွေ့နိုင်ပါသည်။ R H Fuller ဟု ခေါ်သော ပညာရှင်က ဟင်းလင်းဖြစ်သော ဂူ ဇာတ်လမ်းသည် ဂျူးတို့၏ သဂြိုလ်ခြင်း ထုံးစံကို လျစ်လျူရှုထားသည် ဟု ဆိုပါသည်။
Rudolf Bultmann ဟုခေါ်သော ဓမ္မသစ်ကျမ်း ပညာရှင်က ဟင်းလင်းဖြစ်သော ဂူ ဇာတ်လမ်းသည် "apologetic legend" ဟု ဆိုပါသည်။ ထိုသို့စွပ်စွဲရခြင်းမှာ ရှေးကျသော ရှင်ပေါလု၏ စာစောင်တွင်ပင် ဂူ ကိစ္စ စိုးစဉ်းမျှ ဖွင့်ဟထားခြင်းမရှိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဟင်းလင်းဖြစ်နေသော ဂူ ကိစ္စမှာ ရှင်ပြန်ထမြောက်ခြင်းသိတင်စကားအတွက် အခိုင်မာဆုံးသက်သေဟုယူဆနိုင်သော်လည်း လက်တွေ့တွင် အဓိကသက်သေဖြစ်မလာရခြင်း အကြောင်းတရား နောက်တစ်ခုမှာ ဂူကို တွေ့သူမှာ အမျိုးသမီးများ ဖြစ်နေပါသည်။ ထိုခေတ်အခါက အမျိုးသမီး များကို ဂျူးထုံးစံတွင် လက်ခံနိုင်ဖွယ်ရှိသောသက်သေအဖြစ်မယူဆပေ။ ထို့ကြောင့် ဟင်းလင်းပြင် ဂူ ဇာတ်လမ်းသည် ခရစ်တော်ရှင်ပြန်ထမြောက်ရာတွင်အများလက်ခံခဲ့သည့် သက်သေဖြစ်မလာခဲ့ပေ။
အချုပ်အားဖြင့် ဆိုသော် ခရစ်ဝင်ကျမ်းများတွင် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို ဖော်ပြရာ၌ ရှင်ပေါလု၏ မျက်မြင်သက်သေ နည်းလမ်းနှင့် မတူဘဲ အခြေအနေပြသက်သေ နည်းလမ်းဖြင့် ၎င်းတို့၏ ယုံကြည်မှုကိုဖော်ပြခဲ့ကြပါသည်။ ထိုသို့ဖော်ပြရာတွင် ကိုယ်ထင်ပြခြင်း ဇာတ်လမ်း နှင့် ဟင်းလင်းဖြစ်သော ဂူ ဇာတ်လမ်း ဟူ၍သက်သေ လမ်းကြောင်း နှစ်ခု ရှိခဲ့ပါသည်။ ကိုယ်ထင်ပြခြင်းဇာတ်လမ်း၌ ခရစ်တော်၏ ဖွင့်ပြခြင်း သဘော ပါရှိခဲ့ပြီး တပည့်တော်တို့အပေါ်ထားသောရူပါရုံများနှင့် လွှမ်းခြုံလျက်ရှိပါသည်။
ထို့အပြင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ဖော်ပြရာတွင် ခရစ်ဝင်ကျမ်းရေးသူတို့သည် ဂျူးတို့၏ဘာသာရေးထုံးစံဘောင်အတွင်းမှလည်း ဖော်ပြခဲ့ပါသည်။ သုံးရက်မြောက်နေ့ ဆိုသော ဓမ္မသဘောသည်တိကျသော အချိန်ကို ညွှန်းဆိုခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ကယ်တင်ခြင်းဂရုဏာကို ဂျူးထုံးတမ်းအစဉ်အလာအတွင်းမှ ညွှန်းဆိုခြင်းဖြစ်သည်ကို တွေ့နိုင်ပါသည်။
သို့ရာတွင် ကိုယ်ထင်ပြရာနေရာဟုဆိုရာတွင် မရေရာမှုများစွာရှိခဲ့ပါသည်။ တိကျစွာ ညွှန်ပြနိုင်ခြင်းမရှိခဲ့ပေ။
နောက်ထပ်သက်သေလမ်းကြောင်းတစ်ခုဖြစ်သော ဟင်းလင်းပြင် ဂူ ကိစ္စသည် ကျမ်းများအားလုံးတွင်ပါဝင်သောကြောင့် ခိုင်မာသည်ဟု ယူဆခဲ့သော်လည်း သက်သေလမ်းကြောင်းနှစ်ခုအနက် အားနည်းသောလမ်းကြောင်းဖြစ်ခဲ့ပါသည်။ မိမိတို့ယုံကြည်မှုကို ခုခံကာကွယ်သည့် သဘောဖြင့် တင်ပြလိုက်သည့် အခြေအနေပြသက်သေ ဟု ယူဆနိုင်စရာပင် ဖြစ်ပါတော့သည်။
၅။ အသင်းတော် နှင့် ရှင်ပြန်ထမြောက်ခြင်း
ဤအပိုင်းတွင် ကနဦးအသင်းတော်၊ အရှေ့ပိုင်း ဩသိုဒေါ့စ်အသင်းတော်နှင့် ၂၀ရာစုတွင် ခေတ်စားခဲ့သောကြောင်းကျိုးဆက်စပ်မှု reason အပေါ်အခြေခံ၍ နားလည်သော ရှင်ပြန်ထမြောက်ခြင်း အမြင်များကို တင်ပြသွားမည်ဖြစ်ပါသည်။
၅.၁။ ကနဦးအသင်းတော်မှ နားလည်သော ရှင်ပြန်ထမြောက်ခြင်း
ဓမ္မသစ်ကာလကို ကျော်လွန်ပြီး ကနဦး အသင်းတော်ခေတ်ရောက်လာသောအခါ ရှင်ပြန်ထမြောက်ခြင်းနားလည်မှုသည် ခရစ်ယာန် ယုံကြည်မှုနှင့် ကျင့်သုံးမှုတွင် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသေးလား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါသည်။
သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို အံ့ဩောဖွယ် နမိတ်လက္ခဏာ အဖြစ် လက်ခံခဲ့ပြီး၊ များသောအားဖြင့် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းထက် ခရစ်ယာန်တို့၏ သေလွန်ပြီးလျှင် ရှင်ပြန်ခြင်း ယုံကြည်မှုကို ပိုမိုဇောင်းပေးခဲ့သည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် အသင်းတော်ဖခင်ကြီး ကလီးမန့် ရေးသားခဲ့သော စာစောင်တွင် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဤသို့ဖော်ပြခဲ့ပါသည်။ “Jesus resurrection is a proof or principle for the resurrection of the dead, not its reason.“ ဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် ကနဦး အသင်းတော်ခေတ်ကာလတွင် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို အာရုံစိုက်သည်ထက် ခရစ်ယာန်များသေလွန်ပြီးနောက် ရှင်ပြန်ထမြောက်မည်ဟူသော ယုံကြည်ချက်ကို ပိုမိုအလေးပေးခဲ့သည်ကို တွေ့နိုင်ပါသည်။
ထို့အပြင် ကနဦးအသင်းတော်ကာလတွင် ရှင်ပြန်ထမြောက်ခြင်း အကြောင်းအရာ မှေးမှိန်နေရခြင်းမှာခရစ်တော်နှင့် ပတ်သက်လာလျှင် အခြားသော ငြင်းခုန်မှုများက ပိုမိုရေပန်းစားနေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဥပမာဆိုရသော် -ခရစ်တော်သည် ဘုရားလား၊ လူလား? ဟူသော ငြင်းခုန်မှုမျိုး၊ အကယ်၍ ဘုရားဟုဆိုခဲ့သော် ဣသရေလလူတို့ လက်ခံသော ယာဝေး ဘုရားနှင့် မည်သို့ပတ်သက်မှုမျိုး ရှိသနည်း.... စသည့် မေးခွန်းများကြောင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းအရာသည် မှေးမှိန်နေရသည်ဟု သုံးသပ်နိုင်ပါသည်။
ထိုခေတ်က ကယ်တင်ခြင်းဆိုင်ရာနားလည်မှုကြောင့်လည်း ရှင်ပြန်ထမြောက်ခြင်းသည် အရေးကြီးသောအခန်းကဏ္ဍတွင်ရှိမနေရခြင်းလည်း ဖြစ်ပါသည်။ ကနဦးအသင်းတော်ကာလတွင် ကယ်တင်ခြင်းဟုဆိုရာတွင်juridical satisfaction theory ဟု လူသိများသော အယူအဆ အားကောင်းပါသည်။ ခရစ်တော်၏ အသက်စွန့်ပေးဆပ်မှုကြောင့် အားလုံးအပြစ်မှ လွတ်မြောက်ပြီဟူသော ကယ်တင်ခြင်းနားလည်မှုဖြစ်ပါသည်။ အဆိုပါနားလည်မှုတွင် ခရစ်တော် အသေခံခြင်းသည် အခရာကျပြီး ရှင်ပြန်ထမြောက်ခြင်းသည် အာရုံစိုက်စရာလိုသောအကြောင်းတရား တစ်ခုမဟုတ်ခဲ့ပေ။
အချုပ်အားဖြင့်ဆိုသော် ကနဦးအသင်းတော်ကာလတွင် ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည် အရေးပါသော အကြောင်းအရာ မဟုတ်ခဲ့ပေ။ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို နိမိတ်လက္ခဏာ ဟုသာ နားလည်ပြီးခရစ်တော် ရှင်ပြန်ထမြောက်ခြင်းထက် သေလွန်ပြီးရှင်ပြန်မည်ဟူသော ခရစ်ယာန်ယုံကြည်မှုကို ဦးစားပေးတည်ဆောက်ခဲ့ပါသည်။ ထို့အပြင် ခရစ်တော် ရှင်ပြန်သည် မရှင်ပြန်သည်ထက် ခရစ်တော်သည် ဘုရားလား လူလား ဟူသော မေးခွန်းက ကနဦးအသင်းတော်ကာလတွင် လွှမ်းမိုးခဲ့ပါသည်။ ကယ်တင်ခြင်းနားလည်မှုတွင်လည်းခရစ်တော်အသေခံခြင်းသည်သာ အခရာကျခဲ့ပါသည်။
၅.၂။ အရှေ့ပိုင်း အသင်းတော် (အော်သိုဒေါ့စ်အသင်းတော်) မှ နားလည်သော ရှင်ပြန်ထမြောက်ခြင်း
ကနဦးအသင်းတော် နှင့်မတူဘဲ အော်သိုဒေါ့စ် အသင်းတော်တွင် ရှင်ပြန်ထမြောက်ခြင်းသည် အရေးပါသောအခန်းကဏ္ဍတွင်ရှိသည်ကို တွေ့နိုင်ပါသည်။ ၎င်းတို့က ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကယ်တင်ခြင်း၏ အထွဋ်အထိပ်ဖြစ်သည် ဟု နားလည်ခဲ့ပါသည်။ ခရစ်တော်သည် သေခြင်းနိုင်ငံတော်ကို အောင်နိုင်ခဲ့သောအောင်နိုင်သူအဖြစ် ဖွဲ့ဆိုထားသည်ကို ၎င်းတို့၏ ဓမ္မသီချင်းစာအုပ်များတွင် တွေ့နိုင်ပါသည်။
ထို့အပြင် အရှေ့ပိုင်းအသင်းတော်မှ ယုံကြည်သည်မှာ ခရစ်တော်သည် ငရဲကိုလူသားဝိဥာဏ်အဖြစ်သာမကဘုရားအနေဖြင့်ပါ အောင်နိုင်ခဲ့သည်ဟူ၍ဖြစ်ပါသည်။ ခရစ်တော်၏ ခန္ဓာသည် ဝိဥာဏခန္ဓာအဖြစ် ပြောင်းလဲသွားပြီး သုံးပါးတစ်ဆူ ဘုရားအဖြစ် ပူးပေါင်းနိုင်ခဲ့သည်ဟု လက်ခံပါသည်။ ထို့ကြောင် ခရစ်တော်၏ ဝိဉာဏကိုယ်သည် ဘုရားဖြစ်ခြင်း၏ အရင်းအမြစ်ဖြစ်ပြီး ယုံကြည်သူများအတွက် စွမ်းအင်နှင့်ညသန့်ရှင်းမှူကို ပေးသောအရာဟု ၎င်းတို့က ယုံကြည်ပါသည်။
အော်သိုဒေါစ့်အသင်းတော်အဖို့ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည် နားလည်မှုနှစ်ခုနှင့် ဆက်စပ်နေပါသည်။ ပထမတစ်ခုမှာ Hypostatic Union ဟု ခေါ်သော လူသားသဘာဝနှင့် ဘုရားသဘာဝ ခရစ်တော်တွင် တစ်ခုတည်းအဖြစ် ရှိနေခြင်း ဖြစ်ပါသည်။ ဒုတိယ နားလည်မှု တစ်ခုမှာDivinization ဟုခေါ်သော ဘုရားဖြစ်ခြင်းပင်ဖြစ်ပါသည်။
ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းတွင် အပိုင်းသုံးပိုင်းပါသည်ဟု ၎င်းတို့ကနားလည်ပါသည်။ ပထမတစ်ပိုင်းမှာ သင်္ချိုင်းတွင်းမှ ခရစ်တော်၏ ခန္ဓာ ကို ဝိဉာဏခန္ဓာအဖြစ်ပြောင်းလဲရာတွင်ပါဝင်သော သုံးပါတစ်ဆူ၏ အခန်းကဏ္ဍ (the Act of Trinatarian persons in spiritualizing the body of Jesus laying in the tomb)၊ ဒုတိယတစ်ပိုင်းမှာငရဲကိုအောင်နိုင်ပြီး လူသားတို့၏ ဝိဥာဏ်များကိုကယ်တင်ခဲ့သော ရှင်ပြန်ထမြောက်သူ ခရစ်တော်၏ တန်ခိုး ( the royal Power of Risen Christ who descends into hell to defeat the power of death and to save human souls) နှင့်တတိယအပိုင်းမှာ ခရစ်တော်၏ ဝိဉာဏကိုယ်သည် ဘုရားဖြစ်ခြင်း၏ အရင်းအမြစ်ဖြစ်ပြီး ယုံကြည်သူများအတွက် စွမ်းအင်နှင့်ညသန့်ရှင်းမှူကို ပေးသောအရာ ဟူ၍ ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုသော် ရှင်ပြန်ထမြောက်ခြင်းသည် အော်သိုဒေါ့စ်အသင်းတော်တွင် အလွန်ပင်အရေးပါခဲ့ပါသည်။ ရှင်ပြန်ထမြောက်ခြင်းကို ကယ်တင်ခြင်း၏ အထွဋ်အထိပ်အဖြစ် နားလည်သကဲ့သို့ သုံးပါးတစ်ဆူဖြစ်ခြင်းနှင့်ပါ ဆက်စပ်နားလည်ခဲ့ပါသည်။ ရှင်ပြန်ထမြောက်ခြင်းတွင် ခန္ဓာပါ ဝိဥာဏ ခန္ဓာ အဖြစ် ပြောင်းလဲသွားသည်အထိ နားလည်လက်ခံခဲ့ပါသည်။
၅.၃။ အလင်းခေတ်မှသည် ၂၀ ရာစု အတွင်း နားလည်သော ရှင်ပြန်ထမြောက်မှု
၁၈ရာစု ၁၉ ရာစုသည် ဥာဏ်အလင်းပွင့်သောရာစုဟု ဆိုနိုင်ပါသည်။ reason ဟုဆိုသော ယုတ္တိရှိမှု၊ ကြောင်းကျိုးဆက်စပ်နိုင်မှု၊ စဉ်းစားချင့်ချိန်နိုင်မှုသည် အရေးပါလာသော ကာလဖြစ်လာပါသည်။ ရှင်ပြန်ထမြောက်ခြင်းဟု ဆိုရာတွင်လည်း အဆိုပါ အမြင်ဖြင့်သာ ချဉ်းကပ်ခဲ့သည်ကို တွေ့နိုင်ပါသည်။
ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ သီအိုရီများစွာ ပေါ်ထွက်လာခဲ့ပါသည်။ ထိုအထဲမှ အများလက်ခံသောသီအိုရီအနည်းငယ်ကို တင်ပြပါမည်။
၅.၃.၁။ Fraud Hypothesis
Hermann Samuel Reimarus (1694-1768) ဟုခေါ်သော ဂျာမန်ပညာရှင်က အဆိုပါ အနုမာနအဆိုကို တင်ပြလာခဲ့ပါသည်။ ၎င်းက အီစတာပုံပြင်တွင် တွေ့ရသော ရှေ့နောက်မညီမှုများကို မေးခွန်းထုတ်ကာ မျက်မြင်သက်သေများ၏ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဖက်အခြေအနေများကို ထောက်ပြကာ တပည့်တော်တို့သည် ရှင်ပြန်ထမြောက်သည်ဟူသော ဇာတ်လမ်းကို ထွင်ခဲ့ကြသည်ဟု ဆိုပါသည်။ တပည့်တော်တို့သည် ခရစ်တော်ကို အစပိုင်းကတည်းက ဂျူးတို့၏ နိုင်ငံရေး ခေါင်းဆောင် အဖြစ် လက်ခံယုံကြည်ကာနောက်တော်လိုက်ခဲ့ကြခြင်းဖြစ်ပါသည်။ ရောမအစိုးရ၏ အသေသတ်ခြင်းကိုခံလိုက်ရသောအခါ တပည့်တော်တို့သည် ဝိဥာဏ်ရေး အဖြစ်အသက်သွင်းလိုက်ခြင်း ပုံဖော်လိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။
၅.၃.၂။ Apparent Death Hypothesis
အပြင်ပန်း သေဆုံးသည်ဟူသော နားလည်မှုသည် ၁၉ရာစုတွင် ကျယ်ပြန့်လာခဲ့သော အနုမာန အယူအဆဖြစ်ပါသည်။ ခရစ်တော်သည် တိုင်တော်တွင် မသေခဲ့ပေ။ ပြင်းထန်စွာ ဒဏ်ရာရလျက် ဂူထဲသို့ရောက်ခဲ့ပြီး ထိုမှလွတ်မြောက်ခဲ့ပါသည်။ ထို့နောက်တွင် တပည့်တော်တို့သည် ခရစ်တော်ရှင်ပြန်ထမြောက်သည်ဟု ကြေညာခဲ့ပါသည်ဟူသော အနုမာန အယူအဆပင်ဖြစ်ပါသည်။
၅.၃.၃။ Subjective Vision Hypothesis
D F Strauß (1808-1874) ဟုခေါ်သော ဂျာမန်ပညာရှင်မှ အစပြုခဲ့သော အနုမာန အယူအဆပင်ဖြစ်ပါသည်။ ၎င်းက ခရစ်တော်သည် အမှန်တကယ်သေဆုံးခဲ့ပါသည်။ သို့သော် အမှန်တကယ် ရှင်ပြန်ထမြောက်ခဲ့ခြင်းမရှိပေ။ ၁ကော မှ ရှင်ပေါလု ၏ အမြင်ကို ကြည့်ခြင်းအားဖြင့် တပည့်တော်တို့၏ ခရစ်တော်အပေါ် အမြင်များကို သုံးသပ်ကာ ဤအနုမာနကို တင်ပြခဲ့ခြင်းဖြစ်ပပါသည်။ တပည့်တော်တို့သည် ခရစ်တော်၏ အသေခံခြင်းကိုတွေ့ပြီးသောအခါ အသက်ရှင်စဉ်ကပြောခဲ့သည်များကို သတိရလာပါသည်။ အဆိုပါ ရှင်ပြန်ထမြောက်မည်ဟူသော စကားကိုသတိရသောအခါမှ စိတ်တွင်စွဲသွားလျက် နောင်တွင် တကယ်ရှင်ပြန်ထမြောက်လာသည်ဟု မြင်လာကြခြင်းဖြစ်ပါသည်။
၅.၃.၄။ Objective Vision Hypothesis
၁၉၆၄ ရောက်သောအခါမှ Hans Grass ဟုခေါ်သော ဂျာမန်ပညာရှင်မှ ဤအယူအဆကို တင်ပြခဲ့ခြင်းဖြစ်ပါသည်။ သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခဲ့ပါသည်။ သို့သော် လူသေ ခန္ဓာကြီး ရှင်ပြန်လာသည့် သဘောမဟုတ်ဘဲ ဝိဥာဏ်အားဖြင့် ရှင်ပြန်လာကာ လက်ရှိဘဝထဲတွင် စွမ်းအင်များပေးလျက်ရှိနေတုန်းပင် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ၁၈-၁၉-၂၀ရာစုတွင် reasonကို အခြေခံကာ ရှင်ပြန်ထမြောက်ခြင်းကို ချဉ်းကပ်ခဲ့ပါသည်။ သီအိုရီများစွာ ထွက်ပေါ်လာကာ မည်သည့်အမြင်သည် ရာနှုန်းပြည့် အမှန်ဟု မဆိုနိုင်သော်လည်း ကမ္ဘာပေါ်တွင် သူ့နေရာနှင့်သူ၊ သူ့ဒေသနှင့်သူ အသုံးဝင် စွဲကိုင်လျက်ရှိနေတုန်းပင် ဖြစ်ပါသည်။
၆။ နိဂုံး
ဤဆောင်းပါးရှည်သည် စာရှူသူတို့အား ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဓမ္မဟောင်းကာလမှသည် ဥာဏ်အလင်းခေတ် အထိ နားလည်ကြပုံများကို တင်ပြလိုခြင်းဖြစ်ပါသည်။ စာရေးသူ၏ ကိုယ်ပိုင်ရပ်တည်ချက်၊အမြင်များကို တင်ပြလိုခြင်း မဟုတ်ဘဲ သမိုင်းတွင် ဖြစ်ပျက်နားလည်ခဲ့သည်များကို အတိုချုပ် တင်ပြခြင်းသာဖြစ်ပါသည်။
ဓမ္မဟောင်းခေတ်တွင် နားလည်သောရှင်ပြန်ထမြောက်ခြင်း၊ ရှင်ပေါလုနားလည်သော ရှင်ပြန်ထမြောက်ခြင်း၊ခရစ်ဝင်ကျမ်းများမှ နားလည်သော ရှင်ပြန်ထမြောက်ခြင်း၊ ကနဦးအသင်းတော်မှနားလည်သောရှင်ပြန်ထမြောက်ခြင်း၊ အော်သိုဒေါစ့်အသင်းတော်မှ နားလည်သောရှင်ပြန်ထမြောက်ခြင်း နှင့် ဥာဏ်အလင်းခေတ်တွင် ထွက်ပေါ်လာသော သီအိုရီများကို နားလည်ပြီး မြန်မာ့ရေခံမြေခံ၊ သိပ္ပံရေခံမြေခံတွင် ပိုမိုဆီလျော်သော ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို လက်ခံနာယူကာ ခရစ်တော်၏ လူသားတို့အပေါ်ထားသော ကယ်တင်ခြင်းသိတင်းကိုတိုး၍ဝေမျှရန်သာဖြစ်ပါတော့သည်။