အကြောင်းအကျိုးအားလုံးသည် ဘုရားသခင်ဆီမှ လာပါသလား? (သိပ္ပံ နှင့် ဓမ္မကြောင်း ဆက်စပ်ချက်)
၁။ နိဒါန်း
နာမည်ကျော် သိပ္ပံပညာရှင် အိုင်းစတိုင်း က ကွမ်တမ်ရူပဗေဒ စာတမ်းဖတ်ပွဲ တစ်ခုတွင် နောင်တွင် နာမည်ကျော်ကြားလာမည့် မှတ်ချက်တစ်ခုကို ပြောကြားခဲ့ပါသည်။ “ဘုရားသခင်သည် အံစားတုန်း မကစားပါ” ဟူ၍ဖြစ်ပါသည်။ ဘုရားသခင်သည် ဖြစ်တန်စွမ်းများ နှင့် ပြည့်နက်နေသော ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည် မဟုတ်ဘဲတိကျသေချာစွာ ပြဌာန်းထားသော လောကကြီးကိုသာ ဖန်ဆင်းခဲ့သည် ကို ဆိုလိုခြင်း ဖြစ်ပါသည်။
ယနေ့ ခရစ်ယာန်အများစုတွင်လည်း အဆိုပါနားလည်မှုမျိုး ဖြင့် ဘုရားသခင်ကို နားလည်ကြသည်ကို တွေ့နိုင်ပါသည်။ အကျိုးတစ်ခု ဖြစ်ပေါ်လာတိုင်း အဆိုပါအကျိုး၏ မူလ အကြောင်းတရားသည် ဘုရားသခင်သာဖြစ်သည်ကို လက်ခံကြသည်ကို တွေ့ပါသည်။ ဥပမာ...ဆယ်တန်းကျောင်းသား/သူ တစ်ယောက် ဘာသာစုံ ဂုဏ်ထူးဖြင့် စာမေးပွဲအောင်မြင်ခဲ့သည် ဆိုကြပါစို့။ အဆိုပါ အောင်မြင်မှုအတွက် ကျောင်းသား/သူ အပေါ်တွင်ဘုရားသခင်၏ အကြံအစည် ရှိပြီး ဖြစ်သည့် အတွက် ဤကဲ့သို့ ပြဠာန်းလိုက်ခြင်း ဖြစ်သည်ဟု မိဘဆွေမျိုးအသိုင်းအဝိုင်း အသင်းတော် ဆရာသမားများ က ယျေဘူယျ လက်ခံကြပါလိမ့်မည်။ အဆိုပါ အကြံအစည်သည်ဆရာဝန် ဖြစ်ရေး၊ အင်ဂျင်နီယာ ဖြစ်ရေး အစရှိသည်တို့ ဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ ကာယကံရှင်၏ရည်ရွယ်ချက်၊ ဖြစ်တန်စွမ်းများကို လျစ်လျူရှု၍ ဘုရားသခင်သည် အရာအားလုံး၏ အကြောင်းတရား ဖြစ်လာပါမည်လား။
၁၉၂၅ ခုနှစ်တွင် အလ်ဖရက် နော့ ဝှိုက်ဟတ် ဟုခေါ်သော သင်္ချာပညာရှင် တစ်ဖြစ်လည်း အတွေးအခေါ်ပညာရှင်က ဓမ္မဒဿန တစ်ခုကို အစပြုခဲ့ပါသည်။ သူက ဖြစ်စဉ် နှင့် အရှိတရား ဟူသော စာအုပ်ကိုရေးသားခဲ့ပြီးမူလ အိုင်းစတိုင်းတို့နားလည်ထားသော ကြောင်းကျိုးဆက်စပ်မှု သဘောတရားကို မေးခွန်းထုတ်ခဲ့ပါသည်။
ဤစာစုတွင် ကြောင်းကျိုးဆက်စပ်မှု နှင့်ပတ်သက်၍ အိုင်းစတိုင်းနားလည်ခဲ့သော ဘုရားသခင် နှင့် ဖြစ်စဉ် ဓမ္မဒဿနက ပြောသော ဘုရားသခင်တွင် မည်သည့်ဘုရားသခင်နှင့်ဆိုင်သော နားလည်မှုက အမှန်ဖြစ်သည်ဟုဆုံးဖြတ်ဆွေးနွေးမည် မဟုတ်ဘဲ၊ မြန်မာ့ရေခံမြေခံတွင် မည်ကဲ့သို့သော နားလည်မှုက ပိုမိုသင့်လျော်မည်နည်းဟူသော အမြင်ဖြင့် ချဉ်းကပ်မည် ဖြစ်ပါသည်။
၂။ ရူပဗေဒ ၏ အရွေ့
၂၀ရာစုတွင် ရူပဗေဒသည် ကြီးမားသော ပြောင်းလဲမှု များနှင့် ကြုံတွေ့ခဲ့ရပါသည်။ သမရိုးကျနားလည်သောရူပဗေဒ မှသည် ခေတ်သစ်နားလည်မှုဆီသို့ ပြောင်းလဲခဲ့ပါသည်။ ထိုသို့ ပြောင်းလဲလာရာတွင် အိုင်းစတိုင်းသည်လည်း အဓိကကျသော ရူပဗေဒပညာရှင် တစ်ဦးအဖြစ် သတ်မှတ်နိုင်ပါသည်။
သမရိုးကျ နားလည်မှုတွင် အချိန် နှင့် နေရာသည် တိကျပြီး ပကတိဖြစ်သည် အကြွင်းမဲ့ဖြစ်သည် ဟုနားလည်ပါသည်။ အဆိုပါ နားလည်မှုသည် ဆာ အိုက်ဇက်နယူတန် လက်ခံခဲ့သော နားလည်မှုဖြစ်ခဲ့ပါသည်။သို့သော် အိုင်းစတိုင်းက နှိုင်းရ သီအိုရီကို ဖော်ထုတ်ခဲ့ပြီး နယူတန်၏ နားလည်မှုကို ချေဖျက်ခဲ့ခြင်းအားဖြင့်ရူပဗေဒ နားလည်မှု တစ်ခေတ် ဆန်းခဲ့ရပါသည်။
နှိုင်းရ သီအိုရီ နှစ်ခုရှိပါသည်။ အထူး နှိုင်းရ သီအိုရီ နှင့် ယျေဘူယျ နှိုင်းရ သီအိုရီတို့ဖြစ်ပါသည်။ အထူးသီအိုရီတွင် အိုင်းစတိုင်းသည် အယူအဆ နှစ်မျိုးကို တင်ပြခဲ့ပါသည်။ ပထမ တစ်မျိုးမှာ အရာဝတ္တုဒြပ်သည်စွမ်းအင် ဖြစ်သည် ဟူသော အယူအဆ ဖြစ်ပါသည်။ ဒုတိယ တစ်ခုမှာ အချိန် နှင့် နေရာသည် သီးခြားစီရှိနေသောအရာ မဟုတ်ဘဲ တစ်ပေါင်းတစ်စည်းတည်း တစ်ခုတည်း ရှိနေသည် ဟူ၍ ဖြစ်ပါသည်။ အဆိုပါ သီအိုရီသည်ဆက်နွယ်မှုသဘောတရားများကို မီးမောင်းထိုးပြခြင်း ဖြစ်ပြီး နယူတန်၏ အချိန် နှင့် နေရာသည် သီးခြားစီ ပကတိရှိနေသည်ဟူသော အယူကို ချေဖျက်နိုင်ခဲ့ပါသည်။
ယျေဘူယျ နှိုင်းရ သီအိုရီသည်လည်း သမရိုးကျ နားလည်မှုကို ဖောက်ထွက်ခဲ့ပါသည်။ သမရိုးကျနားလည်မှုတွင် စင်္ကြဝဠာ ၌ ဗဟိုချက် ရှိသည်ဟု လက်ခံပါသည်။ အဆိုပါ အမြင်ကို ဆန့်ကျင်ကာ ယျေဘူယျ ကဆိုသည်မှာ စင်္ကြဝဠာ ၌ ဗဟိုချက် မရှိဟူ၍ ဖြစ်ပါသည်။ ဗဟိုချက် မရှိသည့်အတွက် တိကျသည့် သတ်မှတ်ချက်များ မသတ်မှတ်နိုင်ဘဲ စည်း ဟူ၍ ရှိမလာနိုင်တော့ပေ။ ထို့ကြောင့် အချိန် နှင့် နေရာသည်လည်း အားလုံးတွင်တူညီမှု ရှိမည် မဟုတ်ပေ။ လူတစ်ယောက် ဘယ်ကိုရွေ့နေသည် ဘာလုပ်နေသည်အပေါ် မူတည်၍ပဲ သူ့အချိန် နှင့်သူ ဖြစ်လာပါတော့မည် ဟု ဆိုပါသည်။ ဤသည်မှာ နယူတန်၏ အချိန်သည် သီးခြားဖြစ်သည် တိကျသည် ပကတိဖြစ်သည်ဟူသော အမြင်ကို ဆန့်ကျင်ခြင်းဖြစ်ကာ အချိန်၏ ပကတိမဖြစ်မှု ကို မီးမောင်းထိုးပြလျက်ရှိပေသည်။
ထိုကဲ့သို့ အချိန် နှင့်နေရာသည် တိကျမှု ပကတိ ဖြစ်မှု မရှိသဖြင့် အရာအားလုံးတွင် သူ၌ ဖြစ်ချင်ရာ ဖြစ်နိုင်သော ဖြစ်တန်စွမ်းများ ရှိလာကာ အရာအားလုံးသည် ဘာဖြစ်မည် ညာဖြစ်မည်ဟု တိတိကျကျမဆိုနိုင်ဘဲ မရေရာမှုများနှင့် ရှိနေမည်ဟု လက်ခံလာကြပါသည်။ ဤသည်မှာ ကွမ်တွမ်၏ သဘော အစပင် ဖြစ်ပါသည်။ သမရိုးကျ နယူတန်၏ ရူပဗေဒ နားလည်မှုမှသည် တစ်ဆစ်ချိုး ပြောင်းလဲကာ နှိုင်းရ နားလည်မှု ကို လက်ခံလာခဲ့ကြပြီး ထိုမှတစ်ဆင့် ကွမ်တမ်နားလည်မှုအထိ ရူပဗေဒသည် ပြောင်းလဲခဲ့ပါသည်။
၃။ မရေရာဖူး၊ မသေချာဖူး
ကွမ်တမ် ရူပဗေဒသည် သမရိုးကျ ရှေးရိုးစွဲ ရူပဗေဒ၏ အဆုံးသတ်ဖြစ်လာခဲ့ပါသည်။ နှိုင်းရသီအိုရီသည်ကွမ်တမ်ရူပဗေဒ ၏ ရှေ့ပြေးဖြစ်လာခဲ့ပါသည်။ သို့သော် အိုင်းစတိုင်းသည် ကွမ်တမ် အတွေးအခေါ်ကိုတော့ မနှစ်မြို့ခဲ့ပေ။
ကွမ်တမ်သဘောအရ အရာအားလုံးကိုတိတိကျကျ ပြဠန်း၍မရဘဲ ဖြစ်တန်စွမ်းများကိုသာ ခန့်မှန်းနိုင်ပါသည်။ စွမ်းအင် နှင့် အချိန် အပါအဝင် အရာအားလုံးသည် ဒီလိုဖြစ်လာရမည်ဟု တစ်ထစ်ချ သတ်မှတ် ပြဠာန်းထား၍ မရဘဲ မသေချာမှုများ ဆီသာ ဦးတည်နေပါသည်။
၄။ အံစာတုန်း မဆော့သော ဘုရားသခင်
ကွမ်တမ်သဘောကို လက်မခံသောကြောင့် သူ၏ဘဝ နောက်ဆုံးအချိန်များတွင် ကွမ်တမ်၏ အားနည်းချက်ကို ရှာရင်း အိုင်စတိုင်းတစ်ယောက် အချိန်ကုန်ခဲ့ရပါသည်။ ၁၉၂၆ခုနှစ် ရူပဗေဒ စာတမ်းဖတ်ပွဲတစ်ခုတွင် ဂျာမန်-ဂျူး ကပြား မက်စ်ဘွန်း၏ ကွမ်တမ်၏ ဖြစ်တန်စွမ်းများ ဟူသော စာတမ်းကို တုန့်ပြန်ရာ၌ အိုင်းစတိုင်းကဘုရားသခင်သည် အံစာတုန်းမဆော့၊ အရာအားလုံးကို တိတိကျကျ ကြိုတင်သတ်မှတ် ထားပြီးသား ဟု ဆိုလိုက်ပါသည်။
ကွမ်တမ်သဘော နှင့် ပတ်သက်၍ ဖြေရှင်းချက် သုံးမျိုးရှိခဲ့ပါသည်။ ပထမ တစ်ခုမှာ မသေချာမှုများဟု ဆိုရာတွင် လူသားတို့၏ သတိမမူမိခြင်းကြောင့် ဖြစ်နိုင်ပါသည်။ တိကျသည့် နိယာမ၊ တိကျသည့် ပြဌာန်းမှုသည် ရှိပြီးသား ဖြစ်ပါသည်။ လူသားတို့သည် အဆိုပါ နိယာမများ ပြဌာန်းမှုများကို ရှာဖွေတွေ့ရှိရန် အချိန်လိုသောကြောင့်မတိကျ၊မသေချာမှုများ ဟု ဆိုရခြင်း ဖြစ်သည် ဟူသော အမြင် ဖြစ်ပါသည်။
ဒုတိယ အမြင်မှာ မသေချာ မရေရာမှုသည် မသေချာ မရေရာမှု မဟုတ်။ လူသားတို့၏ အသိဥာဏ်သည် အကန့်အသတ်ရှိသောကြောင့် မတိကျ၊မသေချာမှုများ ဟု ဆိုရခြင်း ဖြစ်သည် ဟူသော အမြင် ဖြစ်ပါသည်။
တတိယ အမြင်မှာ သေချာ မရေရာမှုသည် သဘာဝပင်ဖြစ်သည်။ အက်တမ်များဖြင့် ဖွဲ့စည်းထားသည့် ဤလောက၏ ရှိနေသည့် ဖြစ်တန်စွမ်းပင် ဖြစ်သည်ဟူသော အမြင်ပင် ဖြစ်ပါသည်။
အိုင်းစတိုင်းသည် ပထမ အမြင်ကိုသာ လက်ခံပါသည်။ ကွမ်တမ်ကပြောနေသော မတိကျ၊ မသေချာ မရေရာမှုများသည် တကယ့်မတိကျ မရေရာ မသေချာခြင်းမျိုး မဟုတ်ဘဲ လူသားတို့ သဘာဝနိယာမများကို ရှာဖွေမတွေ့ရှိသေးခြင်းကြောင့် ဤသို့ပြောရခြင်း ဖြစ်သည်ဟု လက်ခံပါသည်။ ထို့ကြောင့် သူက ဆက်လက်ပြီး လူသားတို့ ရှာဖွေတွေ့ရှိလာသောအခါ အရင်တုန်းက ထင်ခဲ့သော မသေချာမှုများသည် သေချာမှုများ အဖြစ်သို့ရောက်လာမည် ဖြစ်ပါသည်။ ဘုရားသခင်သည်လည်း သူ၏ ရည်ရွယ်ချက် ဒီဇိုင်း တို့ကို ပြဌာန်းပြီးသား ဖြစ်သည်။ လူသားတို့ နားမလည်နိုင်သေးသောကြောင့်သာ ဘုရားသခင် ဒီလိုပြဌာန်းတာ ဟုတ်ချင်မှ ဟုတ်မည် ဟု စောဒက တက်ကြခြင်းဖြစ်သည် ဟု အိုင်းစတိုင်းက ဆိုပါသည်။
ဘုရားသခင်သည် အရာအားလုံးကို ပြဌာန်းပြီး ဖြစ်သောကြောင့် အရာအားလုံး၏ မူလ အကြောင်းတရားသည် ဘုရားသခင်ပင် ဖြစ်ပါသည်။ ထို့ကြောင့် အိုင်းစတိုင်းက ဘုရားသခင်သည် အံစာတုန်းမဆော့ပါ တနည်းအားဖြင့် ဘုရားသခင်သည် ဖြစ်တန်စွမ်းကမ္ဘာ မသေချာသောကမ္ဘာကို မဖန်ဆင်းပါ ဟု ဆိုရခြင်း ဖြစ်ပါသည်။
စာရေးသူ၏ အမြင်အရ အိုင်းစတိုင်း၏ ကျိုးကြောင်းဆက်စပ်မှုနားလည်မှုသည် အထက်အောက် အုပ်ချုပ်မှုဆန်ပါသည်။ ဘုရားသခင်သည်သာ တစ်သွေးတစ်သံတစ်မိန့် တွင် အမြင့်ဆုံး အမိန့်ပေးသူ အဖြစ် ရှုမြင်နိုင်သကဲ့သို့ ဖြစ်ရပ်တစ်ခုချင်းစီတွင်ရှိနေသော မိမိကိုယ်ကို ဖန်တီးနိုင်သောစွမ်းအားကို လျစ်လျူရှုသကဲ့သို့ ဖြစ်လာပါသည်။
၅။ ဖြစ်စဉ်သဘော မှ နားလည်သော ဘုရားသခင်
သမရိုးကျ တွေးခေါ်သော ဓမ္မဒဿန နယ်ပယ်မှ စဉ်းစားသော် ဘုရားသခင် သည် အရာအားလုံးကို ပိုင်သအုပ်စိုးတော်မူသော အရှင်ဖြစ်ပါသည်။ အရာအားလုံးကို သိမြင်တော်မူသော၊ တတ်နိုင်တော်မူသော အရှင်ဖြစ်တော်မူပါသည်။ အရစ္စတိုတယ်က ဘုရားသခင်ကို Unmoved mover ဟု ဆိုပါသည်။ သူကိုယ်တိုင်က တစ်ခြားအကြောင်းကြောင့် ဖြစ်လာသည် မဟုတ်သော်လည်း သူ့ကြောင့်အကျိုးတရားများ ဖြစ်လာသည် ဟု ဆိုပါသည်။သူကိုယ်တိုင်က မပြောင်းမလဲတည်ရှိသော်လည်း အခြားသူများကို ပြောင်းလဲစေနုင်သူ ဟု ဆိုလိုခြင်းဖြစ်ပါသည်။တောမတ်စ် အကွေးနပ်စ် ကမူ ဘုရားသခင်သည် မူလအရင်းခံအကြောင်းတရား Primary cause ဖြစ်ကာ ထိုမှ တစ်ဆင့် ဒုတိယ အကြောင်းတရားများ Secondary Cause အားဖြင့် အကျိုးတရားများကို ဖြစ်ပေါ်စေသည်ဟု ဆိုပါသည်။
သင်္ချာပညာရှင်တစ်ဖြစ်လည်း အတွေးအခေါ်ပညာရှင် Alfred North Whitehead မှ သမရိုးကျ နားလည်မှုကို ကျော်လွန်ကာ ခရစ်ယာန်ဓမ္မဒဿန တစ်ခုကို အစပြုခဲ့ပါသည်။ အဆိုပါ အတွေးအခေါ်ကို ဖြစ်စဉ် ဓမ္မဒဿနဟု ဆိုကြပါသည်။ အဆိုပါ ဒဿနက ဆိုသည်မှာ
အစစ်အမှန် တရား၊ အရှိတရားဟူသည် ပြောင်းလဲခြင်းပင်ဖြစ်ပါသည်။ ဘုရားသခင်ကိုယ်တိုင်ပင် မပြောင်းမလဲ တည်ရှိနေသော ဘုရား မဟုတ်ဘဲ အစဉ်အမြဲ ပြောင်းလဲနေသော ဘုရားဖြစ်ပါသည် ဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် အစစ်အမှန်တရားဆိုသည်မှာ ဖြစ်ပျက်ခြင်းသဘော၊ ပြောင်းလဲခြင်းသဘောပင် ဖြစ်သည်ဟုလက်ခံပါသည်။
အရာအားလုံးသည် တည်ငြိမ်နေသည် မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုလျက် ဆက်စပ်ကာသက်ဝင်လှုပ်ရှား နေကြပါသည်။ ထို့ကြောင့် ကြောင်းကျိုးဆက်စပ် မှု ဟု ဆိုရာတွင် ဘုရားသခင်သည်သာ မူရင်းပင်မ အကြောင်းတရား မဟုတ်တော့ပေ။
အရာအားလုံးကို ဘာဖြစ်ရမည် ညာဖြစ်ရမည်ဟု တစ်ဖက်သတ် ဆုံးဖြတ်ပြဌာန်းသူ မဟုတ်တော့ဘဲ ချစ်ခြင်းမေတ္တာဖြင့် သွေးဆောင်ကာ အရာအားလုံး၏ ဖြစ်နိုင်စွမ်းကို အသိအမှတ်ပြုသူ ဖြစ်လာပါသည်။
ဘုရားသခင်ကိုယ်တော်တိုင် မူလအကြောင်းတရား မဟုတ်တော့ဘဲ အကြောင်းတရား များစွာထဲမှ တစ်ခုဖြစ်လာပါသည်။ အဘယ်ကြောင့်ဆိုသော် ဖြစ်ရပ်တိုင်းတွင် မိမိဘာသာ ဖန်တီးနိုင်သောစွမ်းအင်များကိုဘုရားသခင်သည် ဖန်ဆင်းခြင်းအစကတည်းက ပေးအပ်ပြီးဖြစ်ကာ၊ အဆိုပါ စွမ်းအင်များ၏ လုပ်ပိုင်ခွင့်ကိုလည်းဘုရားသခင်သည် လေးစားတန်ဖိုးထားသောကြောင့် ဖြစ်ပါသည် ဟု ဖြစ်စဉ်ဓမ္မဒဿနက နားလည်ပါသည်။
ထို့ကြောင့် ဖြစ်စဉ် ဓမ္မဒဿန ရှုထောင့်မှကြောင်းကျိုးဆက်စပ်မှု ကို စဉ်းစားသော် ဘုရားသခင်သည် အရာအားလုံးကို ပြဌာန်းသောအကြောင်းတရား မဟုတ်ဘဲ ဖြစ်ရပ်တစ်ခုစီတိုင်းအတွက် ဖန်တီးနိုင်စွမ်းကို ယူဆောင်လာသူဖြစ်ကာ သူ၏အလိုတော်ဆီသို့ရောက်ရန် ချစ်ခြင်းမေတ္တာဖြင့်သာ သွေးဆောင်သည့် ဘုရား ဖြစ်ပါသည်။ မိမိကိုယ်ကို ဖန်တီးနိုင်မှုစွမ်းအားသည် ဖြစ်ရပ်တိုင်းအတွက် အရေးပါပါသည်။
အကျိုးတရား တစ်ခု (A new occurrence) ပေါ်ထွက်လာရန် မှာ အတိတ်က ဖြစ်ခဲ့သော ဖြစ်ရပ် (efficient cause) အပေါ် မိမိ၌ ရှိနေသော စွမ်းအားဖြင့်(Selective potentiality)၊ မိမိ၏ ရည်မှန်းချက် ပေါက်မြောက်စေရန်(Final Causation) လက်ရှိ မည်သို့ တုန့်ပြန်သနည်း (Present response) အပေါ် မူတည်နေခြင်း ဖြစ်ပါသည် ဟုဖြစ်စဉ် ဓမ္မဒဿနက နားလည်ပါသည်။
စာရေးသူ၏ အမြင်အရ သမ္မာကျမ်းစာကို ဤ သည် မရွေး လုံကောက် ဖတ်သူ ခရစ်ယာန်များအတွက်ဖြစ်စဉ် ဓမ္မဒဿန၏ ကျိုးကြောင်းဆက်စပ် နားလည်မှုသည် သမ္မာကျမ်းစာကို သေးသိမ်အောင် ပြုလုပ်သည်ဟုခံစားမိနိုင်ပါသည်။ ထို့အပြင် မိမိသာလျှင် အားကိုးရာ ဟူသော အချက်ကို အလွန်အမင်း မှီခိုသည် ဟု ထင်နိုင်ပါသည်။
၆။ အိုင်းစတိုင်း လော၊ ဝှိုက်ဟတ်လော
ဤဆောင်းပါး ၏ အစကပင် ဤဆောင်းပါးသည် မည်သည့်အမြင် မှန်သည်ကို နှိုင်းယှဉ်သည့် စာစုမဟုတ်ဟု ဆိုပြီးဖြစ်ပါသည်။ မြန်မာ့ရေခံမြေခံအတွက် မည်သည့် အမြင်က ပိုမိုသင့်လျော် မည်ကို တင်ပြလိုခြင်းဖြစ်သည်ဟု ဆိုပြီးဖြစ်ပါသည်။
စာရေးသူ၏ အမြင်အရ ဖြစ်စဉ်ဓမ္မဒဿနက ပြောသော ကျိုးကြောင်းဆက်စပ်မှု နားလည်မှုသည် မြန်မာ့ရေခံမြေခံအတွက် ပိုမိုသင့်လျော်သည်ဟု ယူဆမိပါသည်။
အဘယ်ကြောင့် ထိုသို့ ယူဆရပါသနည်း။အဘယ်ကြောင့်ဆိုသော် ပြသနာ လေးခုကြောင့် ဖြစ်ပါသည်။
ပထမ ပြသနာမှာ မကောင်းမှု ပြသနာ ဖြစ်ပါသည်။ ဘုရားသခင်သည် အိုင်းစတိုင်း နာလည်သကဲ့သို့ ဖြစ်တန်စွမ်းလောကကို မဖန်တီးဘဲ အရာအာလုံးကို စနစ်တကျ ပြဌာန်းခဲ့သော် ယခု မြန်မာနိုင်ငံကြုံတွေ့နေရသောမကောင်းမှု အလုံးစုံသည် ဘုရားသခင် ပြဌာန်းခဲ့သော မကောင်းမှုများပင် ဖြစ်ပါသည်။ ဖြစ်စဉ်သဘောအရနားလည်သော် အဆိုပါမကောင်းမှုများဖြစ်ရသော အကြောင်းမှာ များစွာရှိကာ၊ အဆိုပါ မကောင်မှုများမှ ရုန်းထွက်မထွက် ဆိုသည်မှာ မိမိတို့၏ ရွေးချယ်ပြဌာန်းမှုပင် ဖြစ်ပါသည်။
ဒုတိယ ပြသနာမှာ သဘာဝပတ်ဝန်းကျင် ပြသနာဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သစ်ထုတ်လုပ်မှု အများဆုံးစာရင်းဝင် နိုင်ငံတစ်ခုဖြစ်ပါသည်။ ဘုရားသခင် ဖြစ်တန်စွမ်းလောကကို မဖန်တီးဘဲ အရာအာလုံးကိုစနစ်တကျ ပြဌာန်းခဲ့သော် ယခုဖြစ်ပေါ်နေသာ သဘာဝပတ်ဝန်းကျင် ပြသနာသည် ဘုရားသခင်ဖန်တီးသော ပြသနာသာဖြစ်ပြီး လူသားတို့၏ အတ္တ မာနများနှင့် မဆိုင်တော့ပေ။
တတိယ ပြသနာမှာ သေဆုံးခြင်း ပြသနာပင် ဖြစ်ပါသည်။ အဘယ်ကြောင့် ပန်းသီး မစားရပါဘဲလျက်တိရစ္ဆာန်များ သေဆုံးနေရပါသနည်း။
စတုတ္ထပြသနာမှာ ကယ်တင်ခြင်းပြသနာပင် ဖြစ်ပါသည်။ ခရစ်ယာန်တို့၏ ကယ်တင်ခြင်းနှင့်ဆိုင်သောအမြင်ကျဉ်းမြောင်းမှုသည် အခြားသော ဘာသာဝင်များ၏ မျက်လုံးဖြင့်ကြည့်သော် လက်ခံဖွယ်ရာမရှိပေ။ခရစ်တော်သာလျှင် ကယ်တင်ခြင်းအကြောင်းတရား ဖြစ်သည်ဟု ဆိုပါသည်။ ရှင်လုကာကျမ်းအတွင်းမှ ဇက္ခဲအကြောင်းကို ကြည့်သော် ဖြစ်စဉ်ဓမ္မဒဿနက နားလည်သော အကြောင်းအကျိုး ဆက်စပ်မှုကို တွေ့နိုင်ပါသည်။ဇက္ခဲ ၏ အတိတ်မှ အဖြစ်အပျက် (မတရားလုယူခြင်း) ကို မိမိ၌ ရှိနေသော စွမ်းအားဖြင့် ( ယေရှုနှင့်တွေ့အပြီး ဖြစ်ပေါ်လာသော စိတ်) မိမိ၏ ရည်မှန်းချက် ပေါက်မြောက်စေရန် တုန့်ပြန်ခြင်း (ပြန်လည်ဝေမျှခြင်း) ဖြင့် ကယ်တင်ခြင်း (အကျိုးတရား) ရရှိခဲ့ပါသည်။ မြန်မာ့ရေခံမြေခံတွင် ဇက္ခဲ၌ တွေ့ရသော ကျိုးကြောင်း ဆက်စပ်မှု ဖြင့်ကယ်တင်ခြင်း သိတင်းကောင်း ဝေမျှသော် အများနားလည် လက်ခံနိုင်ပေမည် ဖြစ်ပါသည်။
အထက်ပါ အချက်များကြောင့် ဖြစ်စဉ်ဓမ္မဒဿနက ပြောသော ကျိုးကြောင်းဆက်စပ်မှု နားလည်မှုသည် မြန်မာ့ရေခံမြေခံအတွက် ပိုမိုသင့်လျော်သည်ဟု ယူဆမိရခြင်း ဖြစ်ပါသည်။
၇။ နိဂုံး
မြန်မာပြည်သည် နာတာရှည် ရောဂါသည် တစ်ဦးနှင့် တူပါသည်။ နှစ်ပေါင်းများစွာ ဖိနှိပ်မှုများအောက်၌ဒုက္ခခံလာခဲ့ရပါသည်။ ထို့အပြင် ဘာသာရေးတွင်လည်း ရှေးရိုးစွဲဆန်ကြသူများ စုဝေးနေကြကာ အနာရင်းသထက်ရင်းအောင် တွန်းပို့သည့် အခြေအနေမျိုး ဖြစ်ပါသည်။
ထိုအခြေအနေတွင် ဤသို့ဖြစ်ရခြင်း၏ မူလ ဇစ်မြစ် အကြောင်းတရားမှာ ဘုရားသခင်ဟု ဆိုပါက သာ၍ နစ်ရန်သာရှိပါတော့သည်။ ဖြစ်စဉ် ဓမ္မဒဿနက နားလည်သော ကြောင်းကျိုးဆက်စပ်မှု အမြင်ဖြင့် ဘုရားသခင်ကိုနားလည်ပါက မြန်မာပြည်သည် ရုန်းထနိုင်ရန် အခွင့်အလမ်း သာလိမ့်မည် ဖြစ်ပါတော့သည်။
No comments:
Post a Comment