အဘယ်ကြောင့် ဂေဟစနစ် ထိန်းသိမ်းရန် လိုအပ်သနည်း။ ။ ဖန်ဆင်းခြင်း နှင့်နောက်ဆုံးသောကာလဆိုင်ရာ ဓမ္မအတွေးအခေါ် ဆက်စပ်သုံးသပ်ခြင်း
နိဒါန်း
၂၀၀၈ ခုနှစ် မေလ ၂ ရက် နေ့တွင် နာဂစ်မုန်တိုင်း မြန်မာပြည်သို့ ဝင်ရောက်လာသော အခါ လူနှင့် တိရစ္ဆာန်ပေါင်းများစွာ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် မိုးရေချိန်လက်မ၁၀၀ ကျော်လွန်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၈၄၅၀၀ သေဆုံးခဲ့ပြီး ၅၃၈၀၀ ပျောက်ဆုံးသွားခဲ့ပါသည်။ ထိုမုန်တိုင်းအပြီးတွင် ခရစ်ယာန်တို့၏ တုန့်ပြန်မှုများသည်လည်း ပေါ်ထွက်လာခဲ့ပါသည်။ အသက်ရှင်ကျန်ရစ်သောခရစ်ယာန်များအဖို့ ကျေးဇူးတော် ချီးမွမ်းကြသကဲ့သို့ တစ်ချို့သော ခရစ်ယာန်များဆိုကြသည်မှာ အဆိုပါဘေးဒုက္ခများသည် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကြောင့် ဖြစ်သည်ဟူ၍ ဆိုပါသည်။ ထို့အပြင် တစ်ချို့သောသမရိုးကျခရစ်ယာန်များ၏ အတွင်းစိတ်တွင် ဤသည်မှာ နောက်ဆုံးသောကာလရောက်လုနီးပြီလား ကမ္ဘာပျက်ခြင်း၏နိမိတ်ပုံများလား ဟူ၍ ဆိုလာကြပါသည်။
ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ ယနေ့ ခရစ်ယာန်တစ်ချို့ လက်ခံထားသော ဤသဘာဝ ဘေးဒုက္ခများသည် နောက်ဆုံးသော ကာလ၏ နိမိတ်ဖြစ်သောကြောင့် ကမ္ဘာကြီး ပျက်စီးခါနီးပြီ ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည်လည်း အရေးမပါတော့ပေ ဟူသော အမြင်ကို ပြန်လည်စဉ်းစားဆင်ခြင်လိုခြင်းဖြစ်ပါသည်။ ထို့အပြင် ပစ္စုပ္ပန် ကာလအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော အနာဂတ်ကာလတွင် ဂေဟစနစ်တစ်ခုလုံးကို ထိန်းသိမ်းခြင်းသည် အရေးကြီးကြောင်း မီးမောင်းထိုးပြလိုခြင်းလည်း ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ် သည် နောက်ဆုံးသော ကာလ၏ ရှေ့ပြေးနိမိတ်လော?
သမရိုးကျ ခရစ်ယာန်တစ်ချို့ လက်ခံထားသည်မှာ စကြာဝဋာကြီး၏ နောက်ဆုံးသောကာလ သို့ရောက်သောအခါ အလုံးစုံသည် ပြိုကျပျက်စီးသွားမည်သာ ဖြစ်ပါသည်။ အဆိုပါ ကာလသို့ ရောက်ခါနီးလာလေလေ စစ်ဘေး၊ သဘာဝဘေး၊ ကပ်ဘေးများပိုများလာမည်သာ ဖြစ်ပါသည် ဟူ၍ဖြစ်ပါသည်။ ဤတွင် မေးခွန်းမေးစရာ ရှိလာသည်မှာ တကယ်ပဲ ဤဘေးအန္တရာယ် များသည် နောက်ဆုံးသော ကာလ၏ နိမိတ်ပုံများလား သို့မဟုတ်လူသားတို့၏ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် ပေါ်ထွက်လာသော ဆိုးကျိုးများလား ဟူ၍ ဖြစ်ပါသည်။
ထို့အပြင် တကယ်ပဲ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ဖန်ဆင်ခြင်းအားလုံးသည် ပြိုကျပျက်စီးသွားမည်လား။ ဘုရားသခင်သည် ကိုယ်တိုင်ဖန်ဆင်းခဲ့သော အရာအားလုံးကို ကိုယ်တိုင်ဖျက်ဆီးမည်လား။ ထိုသို့ဖျက်ဆီးမည် ဆိုပါက ဖန်ဆင်းထားသောလောကကြီးတစ်ခုလုံးအတွက် လောကကြီးထဲသို့ သက်ဆင်းခဲ့ပြီးဂုဏ်သိက္ခာပြည့်ဝအောင် ဆောင်ကျဉ်းပေးခဲ့သော ဘုရား၏ မေတ္တာသည် အနာဂတ်တွင် ပျက်စီးရန်အတွက်သက်သက်ပေလား ဟူ၍ မေးခွန်းထုတ်စရာရှိလာပါသည်။ ဘုရားသခင် ကိုယ်တော်တိုင် ဖန်ဆင်းခဲ့ တည်ဆောက်ခဲ့အလှဆင်ခဲ့သော ဤသတ္တကမ္ဘာသည် အနာဂတ်တွင် ကပ်ဘေးများရှေ့ပြေးအဖြစ်လာပြီး အလုံးစုံ ပျောက်ကွယ်သွားရန်အတွက်ဟု ဆိုလျှင် ဘုရားသခင်၏ ဖန်ဆင်းခြင်းရည်ရွယ်ချက်သည် အဓိပ္ပာယ် မဲ့ရာမှ အဓိပ္ပာယ် မဲ့ရာ သို့သာ ဦးတည်နေသော လားရာ တစ်ခုအဖြစ်သာ တည်ရှိနေမည်ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခြင်း နှင့် စပ်ဆိုင်သော ခရစ်ယာန်တို့၏ အမြင်များ နှင့် နောက်ဆုံးသောကာလနှင့် ဆိုင်သော အမြင်များကိုပြန်လည် ဆန်းစစ်ရန် လိုအပ်လာပါသည်။
ဖန်ဆင်းခြင်းဆိုင်ရာ ဓမ္မအတွေးအခေါ်
သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဖန်ဆင်းခြင်း ဒဏ္ဍာရီ နှစ်ခုလုံးတွင် ဘုရားသခင်သည်သာလျှင် စင်္ကြဝဠာကြီး ၏ ဖန်ဆင်းရှင် နှင့် ထိန်းသိမ်းသော အရှင်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ထို့အပြင် ဖန်ဆင်းခြင်း ဖြစ်စဉ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြောင်မြောက်သော အနုပညာ နှင့် ဥာဏ်ရည်ဥာဏ်သွေး ဖြစ်ကြောင်း နားလည်နိုင်ပါသည်။
ထင်ရှားသော ဓမ္မအတွေးအခေါ် ပညာရှင်ကြီး ဂျွန် ကယ်ဗင် က ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် သူ၏ဘုန်းတန်ခိုး နှင့် သူ့ကို သိရှိပြီး ချီးမြှောက်ဖို့ရန်အတွက် ရှိနေခြင်းဖြစ်သည် ဟုဆိုပါသည်။ ထို့အပြင် ဖန်ဆင်းခြင်းအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာ ဘုန်းတန်ခိုး လက်ရာများကို တွေ့နိုင်သည့် ပြခန်း ဇာတ်ရုံ တစ်ခုဖြစ်သည် ဟု ဆိုပါသည်။
ကားဘတ် ဟုခေါ်သော ဆွစ် လူမျိုး နာမည်ကျော် ဓမ္မဒဿနိက ပညာရှင်အဖို့ ဘုရားသခင်၏ ဖန်ဆင်းခြင်းဆိုသည်မှာ အပိုင်းတစ်ပိုင်း တည်း ရှိသည်မျိုးမဟုတ်ဘဲ လူ့အပိုင်း နှင့် ဘုရားအပိုင်း ဟူ၍ အခန်းကဏ္ဍနှစ်ပိုင်း ရှိသည်ဟု နားလည်ပါသည်။ ဘုရားသခင်၏ အပိုင်းဟု ဆိုရာတွင် ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းမည်ဖြစ်ပြီး လူသားအပိုင်းဟု ဆိုရာ၌ လူသားသည် ထိုဖန်ဆင်းထားသော အရာများ၌ ဘုရားသခင်၏ ကျေးဇူးတော် ကိုသိရှိလက်ခံရန် ဖြစ်သည်ဟု ၎င်းကဆိုပါသည်။ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီး အရာအားလုံးကိုဖန်ဆင်းပြီး ခရစ်တော် အားဖြင့်သာ ပြီးပြည့်စုံမည် ဟု ဆိုပါသည်။ ထို့ကြောင့် ကားဘတ်နားလည်သော ဖန်ဆင်းခြင်း ဓမ္မဒဿနိကသည် ခရစ်တော်ကို ဗဟိုပြုသော နားလည်မှု ဖြစ်ပါသည်။
ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် ဖန်ဆင်းခြင်းသက်သက် အရာအားလုံး၏ အစ တစ်ခုတည်း မဟုတ်ဘဲဘုရားနှင့် ဖန်ဆင်းခံအရာများ ဆက်နွယ်ခြင်းဟုလည်း နားလည်နိုင်ပါသည်။ လူသားသည် ဖန်ဆင်းခြင်း၏အစိတ်အပိုင်းတစ်ခု သာဖြစ်သည်။ ထို့အပြင် ဖန်ဆင်းရှင် နှင့် ဖန်ဆင်းခံ အရာတို့ ဆက်နွယ်နေခြင်းကို နားလည်ခြင်းဖြင့် ဖန်ဆင်းခံအားလုံးသည် ဆက်နွယ်လျက်ရှိသည်ကို လက်ခံပြီး လူသား နှင့် လူသားမဟုတ်သော အရာဟူ၍ ခွဲခြားနေရန် မလိုဟု ဂျာမန်ဓမ္မဒဿနိက ပညာရှင် ယာဂင်မွတ်မန် ကဆိုပါသည်။
ထို့ကြောင့် ဘုရားသခင်သည် ဖန်ဆင်းခြင်းနှင့် ကင်းကွာစွာ သီးသန့်ရှိနေသော ဘုရားသခင် မဟုတ်ဘဲဖန်ဆင်းခြင်းနှင့် အပြန်အလှန် ဆက်စပ်တည်ရှိနေသော ဘုရားသခင်ဖြစ်ပါသည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်းတစ်ခုလုံး နှင့် အတူရှိနေသော ဘုရား( God with the world) ဖြစ်ပြီး လောကကြီးသည်လည်း ဘုရားသခင်နှင့် အတူဆက်စပ်နေသော လောကကမ္ဘာကြီး (the World with God) ဖြစ်ပါသည်။ ဘုရားသခင်သည် လောကကြီးနှင့်ဆက်စပ်နေသော ဘုရားဖြစ်သောကြောင့် လောကကြီး၏ နာကျင်မှုများသည်လည်း ဘုရားသခင်၏ နာကျင်မှု၊ဖန်ဆင်းခံ ဂေဟစနစ်ကြီးတစ်ခုလုံး၏ ယိုယွင်းမှုသည်လည်း ဘုရားသခင်၏ ယိုယွင်းမှု ဖြစ်လာပါသည်။ ထို့ကြောင့် ဖြစ်စဉ်ဓမ္မဒဿနိက ၏ ဖခင်ကြီးဖြစ်သော ဝှိုက်ဟတ် က ဘုရားသခင်ကို နာကျင်ဖော် နာကျင်ဖက် “Fellow suffer who understands” ဟု သမုတ်ခြင်းဖြစ်ပါသည်။
ဖန်ဆင်းခြင်းသည် အပိတ်စနစ် လား?
ဖန်ဆင်းခြင်းသည် အစဦးတွင်လည်း ရှိသကဲ့သို့ သမိုင်းတွင်လည်း ရှိခဲ့ပါသည်။ အနာဂတ်တွင်လည်း ရှိနေမည် ဖြစ်ပါသည်။ အစဦးကတည်းက ဖန်ဆင်းခြင်းသည် ပြီးဆုံးပြည့်စုံသွားပါက ဖန်ဆင်းခြင်းတစ်ခုလုံးသည်အပိတ်စနစ်တစ်ခုသာ ဖြစ်သွားကာ ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာများ ထပ်မံမလိုအပ်တော့လောက်အောင်လုံလောက်နေမည်သာ ဖြစ်ပါသည်။ သို့သော် ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် အဖွင့် စနစ်သာ ဖြစ်ပါသည်။
အစဦး၌ ဘုရားသခင်သည် ကစဉ့်ကလျားဖြစ်အင်ထဲမှ စနစ်ကျခြင်းကို ဖန်ဆင်းသကဲ့သို့ အချိန်သည်လည်း လားရာရှိလာပါသည်။ အချိန် t သည်လည်း သုညမှ စတင်လာခဲ့ပါသည်။ ပြီးပြည့်စုံခြေ ရှိသော်လည်း မပြီးပြည့်စုံပေ။ သမိုင်းတွင် ဖန်ဆင်းခြင်းများ ဆက်လက်ရှိနေသည်ကို တွေ့နိုင်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းလုပ်ငန်းစဉ်တစ်ခုလုံးသည် သမိုင်းတွင် တွေ့နိုင်သော ဖန်ဆင်းခြင်း ဖြစ်ပါသည်။ သမိုင်းတွင် ဘုရားသခင်သည်လွတ်မြောက်ခြင်းကို ဖန်ဆင်းပေးနေကြောင်း၊ ကျေးဇူးတော်ကို ပေးနေကြောင်းကို သိခြင်းဖြင့် ဖန်ဆင်းခြင်းသည်အပိတ်စနစ်တစ်ခု မဟုတ်ကြောင်း တွေ့နိုင်ပါသည်။ ဖန်ဆင်းခြင်းသည် အပိတ်စနစ်ဟု ယူဆပါက အစဦး ဖန်ဆင်းပြီးကတည်းပင် ရှေ့ဆက် ဖန်ဆင်းမှုများ ရှိလာမည် မဟုတ်သကဲ့သို့ ပြီးပြည့်စုံသော အခြေအနေကို ရောက်ပြီးဖြစ်၍ ကျဆုံးခန်းများသာ ရောက်လာမည် ဖြစ်ပါသည်။
သိပ္ပံသဘောနှင့် ဥပမာဆိုရသော် ကမ္ဘာကြီးသည် အပိတ်စနစ် တစ်ခုသာဖြစ်ပါက အပူချိန်သည်လည်း မြင့်သထက်မြင့်လာကာ Heat Death ဟု ခေါ်သော ပေါက်ကွဲကြေမွမှု ဆီသာ ဦးတည်မည်ဖြစ်ပါသည်။ သို့သော် ကမ္ဘာကြီးသည်လည်း အပိတ်စနစ်မဟုတ်ဘဲ မိမိကိုယ်ကို ရပ်တည်နိုင်သော အဖွင်စနစ်လေးများ ရှိနေသောကြောင့်အပူချိန်ကို ထိန်းထားနိုင်ခြင်းဖြစ်ပါသည်။ အဆိုပါ အဖွင့်စနစ်လေးများက အပူချိန်ကို ထိန်းထားနိုင်ခြေများကိုဆက်လက် ဖန်တီးနေခြင်းဖြစ်ပါသည်။
ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး လူသားတို့၏ အခန်းကဏ္ဍသည်လည်း အရေးပါနေမည်သာဖြစ်ပါသည်။ ပတ်ဝန်းကျင် ဂေဟစနစ်နှင့်ပတ်သက်သော ခရစ်ယာန်ကိုယ်ကျင့်တရား ဗေဒ ပညာရှင် ရက်စမန်စမ် ၏ အဆိုအရ ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် အသေမဟုတ်ဘဲ သက်ဝင်လှုပ်ရှားနေကာ ဆက်လက် ဖန်ဆင်းနေမည်ဖြစ်ကာ ပြီးဆုံးသွားမည် မဟုတ်ပေ။
လူသားတို့၏ အခန်းကဏ္ဍ
မြန်မာနိုင်ငံမှ ခရစ်ယာန် ဘုဉ်းကြီးမဟုတ်သော လူပုဂ္ဂိုလ် ထဲမှ ဓမ္မဒဿနိကဗေဒပညာရှင် (Lay Theologian) ဟု သတ်မှတ်နိုင်သော ပါမောက္ခ ဦးခင်မောင်ဒင်က ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် မပြီးဆုံးသေးကြောင်း နှင့် လူသားတို့၏ အခန်းကဏ္ဍသည်လည်း ဘုရားသခင်၏ ဖန်ဆင်းခြင်း လုပ်ငန်းတွင် အရေးပါလျက်ရှိကြောင်း သူ၏ “တစ်လုံးတစ်ဝတည်း ဖြစ်ရေးသို့” ဟူသော စာတမ်းတွင် ထောက်ပြခဲ့ပါသည်။
ဖန်ဆင်းခြင်းတွင် လူသားတို့၏ အခန်းကဏ္ဍကို ဆိုရာ၌ Hans Schwarz ဟု ခေါ်သော ဂျာမန် ဓမ္မဒဿနိကပညာရှင်က ဖန်ဆင်းဖော် Co-creator ဟု သူ၏ ဖန်ဆင်းခြင်းဟူသော စာအုပ်တွင် ခိုင်းနှိုင်းထားသည်ကို တွေ့နိုင်ပါသည်။ လူသားသည် သူနှင့်လက်တွဲလျက် ဆက်လက်ဖန်ဆင်းခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် ဘုရားသခင်ဖန်ဆင်းထားသော ဖန်ဆင်းခံများ ဖြစ်သည် ကို ဆိုလိုခြင်းဖြစ်ပါသည်။
ဖန်ဆင်းခြင်းတွင် လူသားတို့၏ အခန်းကဏ္ဍ (ဖန်ဆင်းဖော်) ဟု ဆိုရာ၌ အချက်လေးချက် နားလည်ရန်လိုအပ်ပါသည်။ ပထမ အချက်မှာ သမ္မာကျမ်းစာတွင် ဘုရားသခင်သည် ဖန်ဆင်းရှင် ထိန်းသိမ်းရှင် ဟု ဖော်ပြသကဲ့သို့ ဖန်ဆင်းဖော်များ အနေဖြင့်လည်း ဘုရားသခင်နှင့် အတူ ဖန်ဆင်းရုံသာမက ထိန်းသိမ်းရန် တာဝန်လည်းရှိပါသည်။ ဒုတိယ အချက်မှာ ဖန်ဆင်းဖော်ဟု ဆိုရာ၌ သမ္မာကျမ်းစာတွင် ဖော်ပြထားသော Sabbath Law ကိုနားလည်ရမည် ဖြစ်ကာ အနားပေးရမည့် အချိန်၌ အနားပေးရမည်ဖြစ်ပြီး ဖန်ဆင်းခြင်းတစ်ခုလုံးကို အဓမ္မအသုံးပြုရန်မဟုတ်ပေ။ တတိယ အချက်မှာ လူသားသည် ဖန်ဆင်းဖော်ဟု ဆိုရာတွင် ဖန်ဆင်းခြင်းကို ပျော်မွေ့ရန်သာဖြစ်ပြီး ဖျက်ဆီးရန် မဟုတ်ပေ။ နောက်ဆုံး အချက်မှာ ဖန်ဆင်းဖော် ဟု ဆိုရာတွင် လူသား၌ အကန့်အသတ်ရှိသည်ကို နားလည်ရန်ဖြစ်ပါသည်။
ဖန်ဆင်းခြင်းနှင့် ဆိုင်သော ဓမ္မဒဿနိကကို ပြန်လည် အနှစ်ချုပ်ရသော် ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ဘုဉ်းအာနုဘော်တော်ဖြစ်ကာ ဘုရားသခင်သည်လည်း ဖန်ဆင်းခြင်းတစ်ခုလုံး အထဲမှာ ဆက်စပ်သက်ဝင် လျက်ရှိနေပါသည်။ ဖန်ဆင်းခြင်းသည် ပြီးပြည့်စုံသွားသည် မဟုတ်ဘဲ ဆက်လက်၍ ဖန်ဆင်းနေမည်သာ ဖြစ်ကာ လူသားသည်လည်း ဘုရားသခင်နှင့် အတူ လက်တွဲ လုပ်ဆောင်ရသော သူများ ဖြစ်ပါသည်။
နောက်ဆုံးသော ကာလဆိုင်ရာ ဓမ္မအတွေးအခေါ်
နောက်ဆုံးသောကာလ ဟု ဆိုရာ၌ ခရစ်ယာန်တို့ သမရိုးကျ နားလည်လက်ခံထားသည်မှာ စင်္ကြဝဠာကြီးတစ်ခုလုံး ပျက်စီး၍ လူသားသည်သာ ထာဝရအသက်ရှင်ခြင်း သဘောဖြစ်ပါသည်။ ဖန်ဆင်းခြင်းတစ်ခုလုံးကိုလျစ်လျူရှုလျက် လူသားများ ထာဝရ အသက်ရှင်ခြင်းကို စဉ်းစားသော နောက်ဆုံးသောကာလ ဆိုင်ရာ အမြင်သည် ဖန်ဆင်းရှင်ဖြစ်သော ဘုရားကို ဘုရားဖြစ်ခြင်းမှ ကန့်သတ်လိုက်သည့် သဘောပင်ဖြစ်ပါသည်။
နောက်ဆုံးသောကာလသည် စင်္ကြဝဠာကြီး တစ်ခုလုံး ပျောက်ကွယ်သွားခြင်း (annihilation) ဟု ယူဆပါကနောက်ဆုံးသော နေ့တွင် လူသားများသာ ကျန်ရစ်မည်ဖြစ်ပြီး အရာအားလုံး ဗလာနတ္တိ ဖြစ်သွားမည် ဖြစ်ပါသည်။အဆိုပါ မျှော်လင့်ချက်သည် အရာအားလုံး အသစ်ပြုပြင်ပြောင်းလဲ ခြင်းမျိုး မဟုတ်ဘဲ ပျက်စီးသွားခြင်းသာဖြစ်သည်။ အစွန်းရောက်သော ခရစ်ယာန်များက အဆိုပါဖြစ်စဉ်တွင် ခရစ်တော်ကို မယုံသောသူများပါ ပျက်စီးသွားမည်ဟု လက်ခံကြခြင်းဖြစ်သည်။ သိပ္ပံသဘောအရ အဆိုပါ နားလည်မှုမျိုးကို Total Non Being ဟု ခေါ်ပါသည်။ ဤသို့ ဆိုလျှင် ဘုရားသခင်၏ ဖန်ဆင်းခြင်းရည်ရွယ်ချက်သည် အဓိပ္ပာယ် မဲ့ရာမှ အဓိပ္ပာယ် မဲ့ရာ သို့သာဦးတည်နေမည် ဖြစ်ပါသည်။
နောက်ဆုံးသော ကာလဆိုင်ရာ မျှော်လင့်ချက်သည် ပြုပြင်ပြောင်းလဲခြင်းလား?
နောက်ဆုံးသောကာလသည် ပျက်စီးခြင်းမဟုတ်ဘဲ ပြုပြင်ပြောင်းလဲခြင်း (transformation) အမြင်သည်ထင်ရှားသော ဒဿနိက ပညာရှင်များ ဖြစ်သော အရစ္စတိုတယ် နှင့် တောမတ်အကွေးနပ်စ် တို့၏ အမြင်မှဆင်းသက်လာသည် ဟု ဆိုနိုင်ပါသည်။ ၎င်းတို့က ခန္ဓာသည် ဝိဥာဏ်၏ အကောင်အထည် ဖော်ရာ (body as materialization of soul )ဖြစ်သည် ဟု ဆိုပါသည်။ အဆိုပါ နားလည်မှု ဖြင့်ကြည့်ပါက သေခြင်းသည် အဆုံးသတ်ပျက်စီးခြင်း မဟုတ်ဘဲ ပြုပြင်ပြောင်းလဲခြင်းသာ ဖြစ်သည်။ ဝိဥာဏ်သည် သည်ခန္ဓာမှ ထွက်၍ ထာဝရ ဟူသောဘောင်အတွင်းသို့ ရောက်သွားမည်ဖြစ်ပါသည်။
အဆိုပါ ပြုပြင်ပြောင်းလဲခြင်း ဖြင့် နောက်ဆုံးသောကာလကို နားလည်ပါက စင်္ကြာဝဠာကြီးသည်နောက်ဆုံးတွင် ပြိုလဲကာ ထိုအထဲမှ ထာဝရတည်သော အသစ်သော ကောင်းကင် အသစ်သော မြေကြီး ထွက်လာမည်ဖြစ်ပါသည်။ ဘုရားသခင် ကောင်းပေ၏ ဟု ဆိုခဲ့သော ဤစင်္ကြဝဠာကြီးသည် အဟောင်း ဖြစ်သွားကာ ထိုအဟောင်းထဲမှ အသစ်ထွက်လာမည့် သဘောဖြစ်ပါသည်။
နောက်ဆုံးသော ကာလဆိုင်ရာ မျှော်လင့်ချက်သည် ဘုရားသဘော ပြီးပြည့်စုံခြင်းလော?
ပြုပြင်ပြောင်းလဲခြင်းမှ တစ်ဆင့်တက်ကာ ဤနားလည်မှုသည် စင်္ကြဝဠာကြီး တစ်ခုလုံး ဘုရားသခင်၏ ဘုဉ်းအသရေတော်နှင့် ပြီးပြည့်စုံခြင်းဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ ထာဝရဖြစ်ခြင်းအတွင်းစင်္ကြဝဠာကြီး တစ်ခုလုံး ဤစင်္ကြဝဠာကြီး အဖြစ်နှင့် ဝင်စားခြင်းဖြစ်ပါသည်။ မြေကြီးပေါ်၌ အလိုတော် ပြည့်စုံခြင်း ဖြစ်ပါသည်။
အဆိုပါ ပြီးပြည့်စုံခြင်းသည် နောက်ဆုံးသော ရလာဒ်မဟုတ်ပေ။ နောက်ဆုံးသော စီရင်ချက် အမိန့်မျိုးမဟုတ်ပေ။ နောက်ဆုံးဟု ဆိုပါက သမိုင်းတွင်း အဖြစ်အပျက်၊ မျှော်လင့်ချက် အသက်ရှင်ခြင်း အရာများ အားလုံးအဆုံးသတ်မည်သာ ဖြစ်ပါသည်။ ဤမျှော်လင့်ချက်သည် နောက်ဆုံးမဟုတ်ပေ။ အသစ်သော ဘုရားသခင်၏ဖန်ဆင်းခြင်းသာ ဖြစ်ပါသည်။
ဘွန်ဟောဖားဟုခေါ်သော ဂျာမန် ဓမ္မဒဿနိက ဗေဒ ပညာရှင်က သူ့အား နာဇီအစိုးရမှ မသတ်ခင် ပြောကြားခဲ့သောစကားမှာ ယခုမှာ နောက်ဆုံးအချိန် ဟု ထင်ကြသော်လည်း သူ့အတွက် အစဖြစ်သည် ဟူ၍ ဖြစ်ပါသည်။နောက်ဆုံးသောကာလ မျှော်လင့်ချက်သည် အရာအားလုံး ပျက်စီးသွားခြင်းမဟုတ်ဘဲ လက်ရှိစင်္ကြဝဠာကြီးအတွင်းကပင် ပေါ်ထွက်လာသော အသစ်သော ဖန်ဆင်းခြင်း ဘုန်းသရေ ပြည့်စုံခြင်းပင် ဖြစ်ပါသည်။ တနည်းအားဖြင့် ဘုရားကြွလာခြင်းပင်ဖြစ်ပါသည်။
အဘယ်ကြောင့် ဂေဟစနစ် ထိန်းသိမ်းရန် လိုအပ်သနည်း။ ။ ပြန်လည်ဆင်ခြင်ခြင်း
- ဤစင်္ကြဝဠာသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ဖြစ်သကဲ့သို့ ဘုရားသခင်နှင့် သက်ဝင်ဆက်စပ်နေသောအရာဖြစ်ပါသည်။ နောက်ဆုံးသောကာလသည် ဤဖန်ဆင်းခြင်းတစ်ခုလုံး ပျက်စီးသွားခြင်းမျိုး မဟုတ်သဖြင့် ဤစင်္ကြဝဠာကြီးအား လျစ်လျူရှုရန် မဟုတ်ပေ။
- ဖန်ဆင်းခြင်းသည် အပိတ်စနစ် တစ်ခု မဟုတ်သဖြင့် ဆက်လက်ပြီး ဆက်လက် ဖန်ဆင်းနေမည်သာဖြစ်ပါသည်။ အဆိုပါ ဖန်ဆင်းခြင်းများအား ထိန်းသိမ်းမှု မရှိပါက စင်္ကြဝဠာကြီးသည် ပြည့်စုံလု နီးပါးဟူသောအခြေအနေသို့ ရောက်ရှိလာမည်မဟုတ်ဘဲ အပျက်ဖက်သို့သာ ဦးတည်နေမည် ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ပြီးပြည့်စုံသော စင်္ကြဝဠာကြီး အဖြစ် ဘုရားသခင်၏ ထာဝရ ဘုဉ်းတော် ဝင်စားဖို့ရန် နှောင့်နှေးနေမည်သာဖြစ်ပါသည်။
- ဖန်ဆင်းခြင်းသည် ခရစ်တော်အားဖြင့်သာ ပြည့်စုံမည်ဟု ကားဘတ်က ဆိုပါသည်။ ခရစ်တော်ကြွလာခြင်းအတွက် သို့မဟုတ် ဘုဉ်းအသရေတော်နှင့် ပြည့်စုံခြင်းအတွက် လူသားများ အသစ်ပြုပြင်ပြောင်းလဲ အသက်ရှင်ရန် လိုအပ်ပါသည်။ ထိုသို့ပြုပြင်ရာတွင် ဂေဟစနစ် အပေါ်တွင် ထားသော လူသားဗဟိုပြု စိတ်နေစိတ်ထားများလည်း ပါဝင်ပါသည်။
- ဖန်ဆင်းခြင်းတစ်ခုလုံးသည် ဘုရားသခင်နှင့် ဆက်စပ်နေသော အရာဖြစ်သဖြင့် လူသားများနှင့်လည်းဆက်စပ်နေပါသည်။ စင်္ကြာဝဠာကြီး မရှိဘဲ လူသား မရပ်တည်နိုင်သကဲ့သို့ စင်္ကြာဝဠာကြီး အသစ်ဖြစ်နိုင်ခြေပြုပြင်ပြောင်းလဲနိုင်စွမ်း မရှိသ၍ လူသား၏ အနာဂတ် မျှော်လင့်ချက်သည်လည်း မရှိနိုင်ချေ။ ထို့ကြောင့် ဖန်ဆင်းခြင်းဆိုင်ရာ ဓမ္မဒသနိက အမြင်နှင့် နောက်ဆုံးသော ကာလဆိုင်ရာ ဒဿနိကအမြင် ဖြင့် ဆက်စပ် စဉ်းစားပါက ဂေဟစနစ်သည် သေချာပေါက် ထိန်းသိမ်းရမည် သာ ဖြစ်ပါသည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် ခရစ်ယာန်များ၏ ဝိဥာဏ်ရေး သတ္တိပင် ဖြစ်ပါသည်။ ဝိဥာဏ်ရေး ဟု ဆိုရာ၌ လက်တွေ့ပြစရာ ကျင့်ဝတ်ပါကို ပါရမည်ဖြစ်ပါသည်။ သင်၏ အိမ်နီးချင်းကိုချစ်လော့ ဟု ဆိုသော ကျမ်းစာလာ စကားသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နားလည်မှုပင် ဖြစ်ပါသည်။ လူသားတို့၏ ခန္ဓာကိုယ်သည် ရေဖြစ်ပါသည်၊ လေဖြစ်ပါသည်၊ မြေဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာများ မရှိဘဲ အသက်ရှင်၍ မရသောကြောင့် ဖြစ်ပါသည်။ ထိုအရာများသည် လူသားတို့၏ အိမ်နီးချင်းသာ မက လူသားတို့ကိုယ်တိုင်ပင် ဖြစ်နေပါသည်။
ဖန်ဆင်းခြင်းတစ်ခုလုံး ပြည့်စုံခြင်းသည် နောက်ဆုံးသောကာလဆိုင်ရာ မျှော်လင့်ချက် ပြည့်စုံဖို့ရန် လိုအပ်သော အရာဖြစ်ပါသည်။ ထိုသို့ပြည့်စုံရန် အစဦး၊ သမိုင်းတွင်း၊ အနာဂတ်ကာလာ၌ ဖန်ဆင်းသော ဖန်ဆင်းခြင်းများ တည်ရှိနေမှသာ ဘုန်းသရေတော်နှင့် ပြည့်စုံသော ဘုရားသခင်၏ ထာဝရကာလသို့ ဝင်စားနိုင်မည် ဖြစ်ပါတော့သည်။ တနည်းအားဖြင့် လောကဝမ်းမြောက် ဘုရားကြွလာမည် ဖြစ်ပါတော့သည်။
ကျမ်းကိုး
-Calvin, John. Commentary on Genesis. Ed, D F Wright and D F Kelly. Michigan: Wm B Eerdmans Publishing, 1993.
-Moltmann, Jürgen. The Coming of God: Christian Eschatology. London:SCM, 1996.
-Moltmann, Jürgen. The Future of Creation. Philadelphia: Fortress Press,1979.
-Myanmar Council of Churches. Professor Khin Maung Din's Articles. Yangon:MCC, 2002.
-Rasmussen, Larry L. Earth Community Earth Ethics. New York: Orbis, 1996.
-လှိုင်ဘွား၊ စော။ နောက်ဆုံးသောကာလ။ ရန်ကုန်၊ အမ်အိုင်တီ၊၂၀၀၇။
No comments:
Post a Comment