Friday, January 3, 2020

အပြစ်ဖြေလွှတ်ကယ်တင်ခြင်း (Atonement)

နောက်ဆုံးပိုင်း


(အပိုင်း ၁မှ ၅ အကျဉ်း ....အပိုင်း ၁ တွင် ဤအခန်းဆက် ဆောင်းပါးရှည် တစ်ခုလုံး၏ ရည်ရွယ်ချက်ကို ဖော်ပြခဲ့ပါသည်။ အပြစ်လွှတ်ကယ်တင်ခြင်း ဖြစ်စဉ်တစ်ခုလုံး Atonement ကို မြင်သော အမြင်များကို နာမည်တစ်ခုချင်းဆီ ဖော်ပြခဲ့ပြီး အပိုင်း ၁ တွင် Ransom Theory၊ အပိုင်း ၂ တွင် ဒုတိယ အမြင်တစ်ခုဖြစ်သော Satisfication Theory၊ အပိုင်း၃ တွင် Christus Victor Theory၊ အပိုင်း၄တွင် Moral Influence Theory နှင့် ပြီးခဲ့သည့် အပိုင်း အပိုင်း၅ တွင် John Calvin ရဲ့ atonement ဆိုင်ရာ ဒဿနကို အားနည်းချက် အားသာချက်များနှင့် တစ်ကွ ဖော်ပြခဲ့ပါသည်။ ယခု နောက်ဆုံးအပိုင်းတွင် အမြင်၃ ခု တင်ပြမည်ဖြစ်ပါသည်။ ရီနေး ဂျီရဒ်၏ အမြင်၊ ပေါတိလစ်၏ Smybol အမြင်ကို အခြေခံသော အမြင် နှင့် ဝေ့ဗာ၏ အမြင်တို့ကို တင်ပြမည်ဖြစ်ပြီး အဆုံးတွင် စာရေးသူ၏ အမြင် ၈မျိုးတွင် မည်သည့်အမြင်က မြန်မာ့ရေခံမြေခံတွင် ပိုမိုသင့်လျော်သည်ဟူသော ကိုယ်ပိုင်ယူဆချက်ကို တင်ပြမည် ဖြစ်ပါသည်။)

နောက်ဆုံး ကိုယ်စားခံခြင်း အယူအဆ
(The Last Scapegoat Theory)

           ဒီအယူအဆကို အစပြုတင်ပြသူမှာ ခရစ်ယာန် မနုဿဗေဒ ပညာရှင် ရီနေး ဂျီရဒ် (René Girard) ဖြစ်ပါသည်။ Girard က ကိုယ်စားအပြစ်ခံခြင်း နည်းလမ်း (scapegoating mechanism) တစ်ခုကို တင်ပြခဲ့ပါသည်။ ၎င်းက အဆိုပါနည်းလမ်းကို အဆင့် ၃ဆင့်ဖြင့် တင်ပြခဲ့ပါသည်။ အဆိုပါ ကိုယ်စားအပြစ်ခံခြင်း အယူအဆကို တင်ပြရာ၌ Girard က လူသားတို့၏ အပြုအမူအပေါ် အခြေခံ၍ တင်ပြခဲ့ခြင်းဖြစ်ပါသည်။
            ပထမ တစ်ချက်အနေဖြင့် လူသားတို့သည် တစ်ဦးလုပ်သည့် အရာကို နောက်တစ်ဦးက လိုက်လုပ်ချင်ကြပါသည်။ Girard က ဥပမာတစ်ခုဖြင့်ပြောပါသည်။ ငယ်ငယ်တုန်းက မိမိတွင် အရုပ်များစွာရှိသော်လည်း အခြားတစ်ယောက်ဆော့သည့် အရုပ်ကိုမှ ဆော့ချင်သည် မျိုးဖြစ်ပါသည်။ မိမိ၏အရုပ်များကိုထားခဲ့ပြီး သူများဆော့သည့် ထိုအရုပ်ကိုမှ လိုချင်သည့် သဘောမျိုး ဖြစ်ပါသည်။ လူသားတို့သည် အခြားသူတွင်ရှိနေသည့် အရာကိုမှ နှစ်သက်ကြခြင်းဖြစ်ပါသည်။
            ဒုတိယ အချက်အနေဖြင့် Girard ဖော်ပြသည်မှာ ထိုသို့ နှစ်သက်သဖြင့် တခြားသူတွင်ရှိသည်ကို မိမိထံသို့ရောက်လာအောင် ကြိုးပမ်းရင်း အကြမ်းဖက်မှု ဆီသို့ ဦးတည်လာပါသည်။ မိမိတွင်ရှိသော အရုပ်များကို ထားပစ်ပြီး အခြားသူဆော့နေသည့် အရုပ်ကို လုသည့် သဘောမျိုးပင်ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းတွင်လည်း ထိုကဲ့သို့သော ဖြစ်ရပ်များ နှင့် ပြည့်နှက်နေပါသည်။
       တတိယအချက်အနေဖြင့် ထိုအခါ အကြမ်းဖက်မှု မတရားမှုများ လူ့အသိုင်းအဝိုင်းအတွင်း ပြည့်နှက်လာပါသည်။ ထိုကဲ့သို့ ပြသနာများ၏ နောက်ဆက်တွဲ တင်းမာမှုများကို လျော့ချနိုင်ရန် တစ်စုံတစ်ဦးထံသို့ အပြစ်ပုံချရန် ဖြစ်လာပါတော့သည်။ နောက်ဆုံးတွင် လူ့အသိုင်းအဝိုင်းတစ်ရပ်လုံး၏ အကြမ်းဖက်မှုကို တစ်ဦးထံသို့ ပုံချလိုက်ခြင်း ဖြစ်ပါသည်။ ဤသည်မှာ Girard ၏ Scapegoating Mechanism ဖြစ်ပါသည်။
       အဆိုပါ အယူအဆကို အခြေခံ၍ Girard က သခင်ခရစ်တော် အသေခံခြင်းကို နားလည်ပါသည်။ သခင်ခရစ်တော်သည် လူသားတို့အားလုံးအတွက် စတေးခံပြီး မကောင်းမှုအားလုံးကို ယူသွားခြင်းမျိုးဖြစ်ပါသည်။ တိုင်တော်ပေါ်တွင် အသေခံခြင်းသည် အောင်မြင်ခြင်းဆီသို့ ဦးတည်ကာ ခရစ်တော်က လူသားအားလုံး၏ မကောင်းမှုများကို သယ်ဆောင်သွားသည်ဟူ၍ နားလည်ခြင်းဖြစ်ပါသည်။ ဤသည်မှာ နောက်ဆုံးအကြိမ်ဖြစ်ပါသည်။
       ဤကဲ့သို့ လက်ခံနားလည်မှုတွင်လည်း အားနည်းချက် အားသာချက်များရှိပါသည်။ အားသာချက်မှာ Girard ၏ နားလည်မှုတွင် ခရစ်တော်သည် အဆုံးတွင် မကောင်းမှုများကို အောင်နိုင်သည် ဟူသော အမြင်ကို ပံ့ပိုးနိုင်ခြင်းဖြစ်ပါသည်။ ဒုတိယ အားသာချက်မှာ ခရစ်တော်ကို အပြစ်ပုံချပြီး သတ်လိုက်သူမှာ ဘုရားသခင် သို့မဟုတ် စာတန် မဟုတ်ဘဲ လူသားတို့၏ မကောင်းမှုပင်ဖြစ်ပါသည်။ အဆိုပါ နားလည်မှုမှာ ရမ်ဆမ် နားလည်မှုနှင့် ခမည်းတော်ဘုရားကို ကျေနပ်စေသော နားလည်မှု အမြင်တို့၏ အားနည်းချက်များကို ဖုံးကွယ်စေပါသည်။ တတိယ အားသာချက်မှာ သခင်ခရစ်တော်သည် နောက်ဆုံးကိုယ်စားခံသောသူသာဖြစ်သည် ဟူသော အမြင်သည် ယောဟန် ၁:၂၉ ကဖော်ပြသော ကျမ်းသဘောနှင့် ကိုက်ညီခြင်းဖြစ်ပါသည်။
          အားနည်းချက်များလည်းရှိပါသည်။ ပထမအချက်မှာ အဆိုပါ နားလည်မှုတွင် လူသား၏ အပြုအမူတို့သည် မကောင်းမှု အကြမ်းဖက်မှုတို့သာ ရှိသလောဟူ၍ မေးခွန်းထုတ်စရာပင်ဖြစ်ပါသည်။ ဒုတိယ အချက်မှာ နောက်ဆုံးအကြိမ် ကိုယ်စားခံခြင်းဆိုသည်ကို မည်ကဲ့သို့သက်သေပြနိုင်မည်နည်း။  နောက်ဆုံးဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ နောက်ဆုံးအားနည်းချက်မှာ ဤအယူအဆသည် လူသားတို့၏ အကြမ်းဖက်မှုကိုသာ အာရုံစိုက်ပြီး ခရစ်တော်၏ တိုင်တော်ပေါ်အသေခံခြင်းသည် မကောင်းမှုများကို အဆုံးသတ်ရုံသက်သက်ပဲလား ဟု မေးခွန်းထုတ်စရာပင် ဖြစ်ပါသည်။

အသွေးတော်၏ တန်ခိုး ပုံဆောင်မှု
(The symbolic power of blood)

          ခရစ်တော် အသေခံခြင်းနှင့် ပတ်သက်၍ နောက်ထပ် နားလည်သော နားလည်မှုမှာ အသွေးတော်နှင့် ဆက်စပ်သော နားလည်မှုပင် ဖြစ်ပါသည်။ ခရစ်ယာန်အများစု နားလည်သော နားလည်မှုမှာ ခရစ်တော်၏ တကယ့်အသွေးသည် လူသားတို့၏ မကောင်းမှုများကို ရှင်းလင်းပေးသည် ကယ်နုတ်ပေးသည်ဟူသော နားလည်မှုမျိုးဖြစ်ပါသည်။ အချို့သော ခရစ်ယာန်များအဖို့ သွေးသွန်းခြင်း၊ သွေးကြွေးဆပ်ခြင်း သည် အကြမ်းဖက်မှု ပုံဆောင်သဖြင့် တကယ့်အသွေးသွန်းခြင်း အဖြစ် လက်မခံလိုကြပေ။ ယခုတင်ပြသော နားလည်မှုသည် ထင်ရှားသော ဓမ္မဒဿနိကပညာရှင် ပေါတိလစ် ၏ ပုံဖော်သော နားလည်မှု Symbolic ဖြင့် ခရစ်တော်၏ အသွေးသွန်းခြင်းကို နားလည်ခြင်းဖြစ်ပါသည်။
             ပုံဖော်ခြင်းဆိုသည်မှာ နားလည်ရခက်သော အကြောင်းအရာကို အများနားလည်လွယ်စေရန် အများနားလည်နိုင်သော နည်းလမ်းဖြင့် တင်ပြခြင်းဖြစ်ပါသည်။ ခရစ်တော်လူသားများအားလုံးအတွက် ကယ်နုတ်သည်ဆိုသည်မှာ လူသားအားလုံး၏ နားလည်မှု အလွန်တွင်ရှိနေသောကြောင့် အများနားလည်စေရန် အသွေးသွန်းခြင်းဖြင့် ပုံဖော်ခြင်းဖြစ်ပါသည်။ အသွေးတော်ဆိုသည်မှာ ကယ်နုတ်သောတန်ခိုးတော်ကို ပုံဖော်ထားသော အရာပင်ဖြစ်ပါသည်။
              ထိုနားလည်မှု၏ အားသာချက်မှာ ဘုရားသခင်ကယ်နုတ်သည်ဟု ဆိုရာ၌ သုံးပါးတစ်ဆူ နားလည်မှုမျိုးဖြင့် နားလည်နိုင်ပါသည်။

အကြမ်းမဖက်သော နည်းဖြင့် အောင်နိုင်သည့် ဇာတ်လမ်း
(Nonviolent Narrative Christus Victor Theory)

           အဆိုပါ နားလည်မှုကို မိတ်ဆက်ခဲ့သူမှာ မန်းနိုးနိုက်ခရစ်ယာန် ဓမ္မပညာရှင်တစ်ဦးဖြစ်သူ J Denny Weaver ဖြစ်ပါသည်။ Weaver ၏ အမြင်မှာ ယခင်ကတင်ပြခဲ့သည့် ရှေးရိုးစွဲ အမြင်တစ်ခုဖြစ်သည့် ခရစ်တော်သာလျှင် အောင်မြင်သည် ဟူသော Christus Victory Theory ကို အသွင်ပြောင်း အမြင်သစ်ဖြင့် ဖော်ကျူးထားခြင်းမျိုးဖြစ်ပါသည်။ သို့သော် ယခုအမြင်သည် Christus Victor Theory ကဲ့သို့ ခရစ်တော်အသေခံ အသွေးသွန်းမှသာ အောင်မြင်သည့် အောင်မြင်ခြင်းမျိုး မဟုတ်ပေ။ ထိုကဲ့သို့ နှိပ်စက် ညှင်းပန်း သွေးထွက်သံယို ဖြစ်ပြီးမှ အပြစ်လွှတ်သည့် အပြစ်လွှတ်ခြင်းမျိုး မဟုတ်ဘဲ Weaver ၏ အမြင်မှာ အကြမ်းမဖက်သည့် အပြစ်လွှတ်ခြင်းမျိုး အကြမ်းမဖက်ခြင်းဖြင့် မကောင်းမှုကို အောင်နိုင်သည့် အောင်နိုင်ခြင်းမျိုး ဖြစ်ပါသည်။
            သခင်ခရစ်တော် လောကကြီးထဲသို့ သက်ဆင်းလာရသည့် ရည်ရွယ်ချက်မှာ ဘုရားသခင်၏ နိုင်ငံတော်ကို လောကကြီးတွင် မျက်မြင်တည်စေနိုင်ရန်ဖြစ်ပါသည်။ ကောင်းပင်နိုင်ငံကဲ့သို့ ချစ်ခြင်း ငြိမ်းချမ်းခြင်း တရားမျှတမှု ပြန်လည်သင့်မြတ်မှုတို့ ဒိဠတည်စေရန် ဖြစ်ပါသည်။ တနည်းအားဖြင့် ဘုရားသခင် အုပ်စိုးစေရန်အတွက် သခင်ခရစ်တော် လောကကြီးထဲသို့ ကြွလာခြင်း ဖြစ်ပြီး အသေခံရန်သက်သက် အတွက် ကြွလာခြင်းမဟုတ်ပေ။ အသေခံရခြင်းမှာ မကောင်းမှုတို့၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု ဆိုပါသည်။
            Weaver က ဆိုသည်မှာ ခရစ်ယာန်တို့၏ ဝိသေသ လက္ခဏာမှာ ခရစ်တော်လောကကြီးတွင် အသက်ရှင်ပြသည့် ပုံစံ မှတစ်ဆင့် ဆင်းသက်လာခြင်းဖြစ်ပြီး သခင်ခရစ်တော်သည် ကျင့်ဝတ်ပိုင်းဆိုင်ရာအတွက် လမ်းပြသော စံထားသင့်သည့် ပုဂ္ဂိုလ် ဟုဆိုပါသည်။ သခင်ခရစ်တော် အသက်ရှင်စဉ်ကာလတွင် အကြမ်းမဖက်မှုဖြင့် အောင်နိုင်သည့် အဖြစ်အပျက်များ ပြုလုပ်ခဲ့ကြောင်း တွေ့နိုင်ပါသည်။ အဖမ်းခံရစဉ်တွင် ရှင်ပေတရု ခုတ်ဖြတ်ခဲ့သော နားရွက် အဖြစ်အပျက်တွင် ကြားဝင်ခဲ့သည့် ဥပမာ (မဿဲ၂၆:၅၁-၅၄) သည် သခင်ခရစ်တော်၏ အကြမ်းမဖက်ရေး လမ်းစဉ်ကို ပြသနေပေသည်။ ဘုရားသခင်၏ မေတ္တာနိုင်ငံတော် လောက၌ တည်အောင်ဆောင်ရွက်စဉ် ကြုံတွေ့လာရသော မကောင်းမှုများကို ရင်ဆိုင်ရာ၌ ခရစ်တော်၏ လမ်းစဉ်မှာ အကြမ်းမဖက်သော နည်းဖြင့် အောင်နိုင်ခြင်းဖြစ်ပါသည်။
             လူသားတို့ထဲက ထွက်ပေါ်လာသော မကောင်းမှု အတ္တများကြောင့် အကြမ်းဖက်မှုများ သည် သခင်ခရစ်တော်အပေါ်သို့ ရိုက်ခတ်သော်လည်း ၎င်းက အကြမ်းဖက်မှုဖြင့်မတုံ့ပြန်ပဲ မကောင်းမှုကို အောင်နိုင်ခဲ့သဖြင့် ယခုတိုင် သခင်ခရစ်တော်ပေးခဲ့သော စွမ်းအင်များသည် လူသားများကြားထဲတွင် ရှင်သန်လျက်ရှိပြီး ၎င်း၏ရှင်ပြန်ထမြောက်ခြင်းသည် ဝိဥာဏအသွင်ဖြင့် လူသားများကို မကောင်းမှုထဲမှ ရုန်းထွက်နိုင်ရန် စွမ်းအင်များပေးလျက်ရှိနေတုန်းပင် ဖြစ်ပါသည်။ မကောင်းမှုပြုလုပ်သူများကိုလည်း ထိုအထဲမှ ရုန်းထွက်ရန် စွမ်းအင်ပေးနေသကဲ့သို့ ခံရသူများကိုလည်း ကြံ့ကြံ့ခံနိုင်ရန် စွမ်းအင်ပေးလျက်ရှိပါသည်။
           ဤအမြင်သည်လည်း အားနည်းချက် အားသာချက် များစွာရှိပါသည်။ ပထမ အားသာချက်မှာ သခင်ခရစ်တော်၏ အကြမ်းမဖက်သောနည်းဖြင့် မတရားမှု မကောင်းမှုများကိုတုံ့ပြန်ချက်ဖြစ်ပါသည်။ ဒုတိယ အားသာချက်မှာ မကောင်းမှုပြုလုပ်သူရော ပြုလုပ်ခံရသူအားလုံး အကျုံးဝင်နိုင်သော လွတ်မြောက်ခြင်းတရားကို ပေးခြင်းဖြစ်ပါသည်။ တတိယ အားသာချက်မှာ ခရစ်တော်၏ အပြစ်လွတ် အသေခံခြင်းဟုဆိုရာ၌ လူသားတို့လုပ်ဆောင်ရမည့် ကျင့်ဝတ်ပိုင်းနှင့် ချိတ်ဆက်ပေးခြင်းဖြစ်ပါသည်။ စတ္တုထ အားသာချက်မှာ ရှင်ပြန်ထမြောက်ခြင်း အမြင်ဖြစ်ပါသည်။
          အားနည်းချက်များလည်းရှိပါသည်။ ပထမ အားနည်းချက်မှာ သခင်ခရစ်တော်သည် မကောင်းမှုကို အကြမ်းမဖက်သော နည်းဖြင့်အောင်နိုင်ခဲ့သည်ဟု ဆိုသော်လည်း အဆိုပါ မကောင်းမှုများမှာ ယခုထက်တိုင်ရှိနေခြင်းဖြစ်ပါသည်။ ဒုတိယအားနည်းချက်မှာ ရှင်ပြန်ထမြောက်ခြင်း အမြင်မှာ သမရိုးကျလက်ခံသော အမြင်ကို လွန်သွားသဖြင့် ခရစ်ယာန်များ လက်ခံနိုင်မှု ရှိနိုင်ချေ နည်းမည့် အချက်ဖြစ်ပါသည်။

မြန်မာ့ရေခံမြေခံအတွက် သင့်လျော်သော အပြစ်လွှတ်ကယ်တင်ခြင်း နားလည်မှု

            ဤဆောင်းပါး၏ အစကပင် စာရေးသူ၏ ရည်ရွယ်ချက်ကို တင်ပြပြီးဖြစ်ပါသည်။ မြန်မာ့ရေခံမြေခံအတွက် သင့်လျော်သော နားလည််မှု နှင့်ပတ်သက်၍ စာရေးသူ၏ အမြင်ကို တင်ပြရန်ဖြစ်ပါသည်။ ဤဆောင်းပါးရှည် (အခန်းဆက်) တစ်ခုလုံးတွင် Atonement နှင့်ပတ်သက်၍ လက်ခံနားလည်ပုံ အမျိုးမျိုးကို စာရေးသူ လက်လှမ်းမီသ၍ တင်ပြခဲ့ပါသည်။ စုစုပေါင်း နားလည်မှု ၈ မျိုးရှိပါသည်။ အဆိုပါ ၈ မျိုးထဲမှ မြန်မာ့ရေခံမြေခံတွင် မည်သည့်နားလည်မှုက ပိုမိုသင့်လျော် ထိရောက်မည်ဟူသော စာရေးသူ၏ ကိုယ်ပိုင်အမြင်ကို တင်ပြခြင်းဖြစ်ပါသည်။ သို့ရာတွင် သတိချပ်ရန်မှာ စာရေးသူရွေးချယ်သော နားလည်မှုပုံစံသည် ပြီးပြည့်စုံသော နားလည်မှု ဟု ဆိုလိုခြင်း မဟုတ်ပေ။ အမြင်များစွာတွင် အားနည်းချက် အားသာချက် များရှိကြပါသည်။ ထိုအမြင်များစွာထဲမှ စာရေးသူ ပိုမို နှစ်သက်သော (Prefer) ပိုမိုသင့်လျော်မည်ဟု ယူဆသော အမြင်ကို ရွေးချယ်ခြင်းဖြစ်ပါသည်။
           Atonement အမြင် ၈ မျိုးရှိသည့် အနက် နောက်ဆုံးတင်ပြခဲ့သည့် Nonviolent Narrative Christus Victor နားလည်မှုသည် မြန်မာ့ရေခံမြေခံတွင် အများသူငါ ခရစ်တော်ကို ပိုမိုသိနားလည်စေရန်အလို့ဌာ သင့်လျော်သော နားလည်မှုဖြစ်သည် ဟု စာရေးသူ သုံးသပ်မိပါသည်။
            အဘယ်ကြောင့် ထိုအမြင်ကို ပိုမို ကြိုက်နှစ်သက်ရသနည်း။ ....ခရစ်တော် အဘယ်သူနည်း ဟူသော မေးခွန်းသည် လွန်စွာ ကျယ်ပြန့်သော မေးခွန်းဖြစ်ပါသည်။ ထို့အပြင် ခရစ်တော်သည် ဒါဖြစ်ပါသည် ဒီလိုဖြစ်ပါသည်ဟူသော ဖြေဆိုသော ဖြေဆိုမှုသည်လည်း ခရစ်တော်၏ တည်ရှိမှုကို ဘောင်ခတ်ခြင်းဖြစ်ပြီး အကြွင်းမဲ့ ဘဝမှသည် အကြွင်းရှိဘဝသို့ ရောက်စေပါသည်။ သမ္မာကျမ်းစာတွင်တောင် ခရစ်တော်ကို ဖော်ပြရာ၌ တညီတညွတ်တည်း ဒါပါဟု ဖော်ပြခြင်းမျိုး မရှိပေ။ ကျမ်းစာကိုရေးသားသူ လိပ်မူသော ရေခံမြေခံအပေါ် မူတည်၍ ခရစ်တော်ကို နားလည်မှုသည်လည်း ကွဲပြားသွားသည်ကို တွေ့ရပါသည်။ ဆိုလိုသည်မှာ ခရစ်တော်သည် ရေခံမြေခံအားလုံးတွင် ဝင်ဆံ့နိုင်သော အမြစ်တွယ်နိုင်သော ယဉ်ကျေးမှု ဓလေ့အထဲတွင် သက်ဝင်လှုပ်ရှား စွမ်းအင်များ ပေးနိုင်သော သူဖြစ်ပါသည်။ ခရစ်တော်ကို ခရစ်ယာန်ဘာသာအတွင်း၌သာ တွေ့ရပါက ခရစ်တော်ကို ခရစ်ယာန်ဓလေ့ အတွင်း၌သာ တွေ့ရပါက ခရစ်တော်၏ ကိုယ်ရည်ကိုယ်သွေး တည်ရှိမှုကို မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။ ခရစ်တော်သည် သမ္မာတရားဖြစ်သည် အသက်ဖြစ်သည် လမ်းစဉ်ဖြစ်သည်ဟု ရှင်ယောဟန်ခရစ်ဝင်ကျမ်းက ဆိုပါသည်။ ဤသို့ဆိုလျှင် ခရစ်တော်ကို လူပုဂ္ဂိုလ်အဖြစ် နားလည်နိုင်သကဲ့သို့ တရားဓမ္မအဖြစ်လည်း နားလည်နိုင်ပါသည်။ ကျင့်စဉ် မဂ္ဂင် အဖြစ်လည်း နားလည်နိုင်ပါသည်။ တနည်းအားဖြင့် အခြားသော ယုံကြည်မှုများတွင်လည်း ခရစ်တော်ကို ခရစ်ယာန်တို့ နားလည်သော ခရစ်တော်အဖြစ် မတွေ့ရနိုင်သော်လည်း အခြားသော ပုံစံဖြင့် တွေ့နိုင်မည်ဖြစ်ပါသည်။
                မြန်မာ့ရေခံမြေခံသည် ဗုဒ္ဓသာသနာ ထွန်းကားသော ရေခံမြေခံဖြစ်ပါသည်။ ဗုဒ္ဓယဉ်ကျေးမှု အမွေ နှင့် မြန်မာ့ယဉ်ကျေးမှုသည် ခွဲခြားမရသည့် အသွင်အဖြစ်တည်ရှိနေပါသည်။ ထို့ကြောင့် ဗုဒ္ဓဝင် ပုံပြင်များသည် ကျွန်ုပ်တို့၏ ကျောင်းသင်ခန်းစာများ ဖြစ်လာပါသည်။ အလွန်ပင် တန်ဖိုးရှိသော ပုံပြင်များဖြစ်ပါသည်။ နှစ်သက်ဖွယ် ပုံပြင်များ ဖြစ်ပါသည်။ အာဇာနည် မျောက်မင်းပုံပြင်သည် ဘုရားအလောင်းဗုဒ္ဓ၏ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်ပြသနေသော အကြောင်းအရာပင်ဖြစ်ပါသည်။ ဒေဝဒတ်၏ မကောင်းမှုကို အကြမ်းဖက်ခြင်းနည်းဖြင့် မတုံ့ပြန်သည့်အပြင် ဒေဝဒတ်ပါ ဘေးကင်းရာသို့ လွတ်မြောက်သွားသည့် အပြင် ရှင်ဘုရင်ကြီးသည်လည်း မကောင်းမှုများကို မကျူးလွန်တော့သည်အထိ ဘုရားအလောင်းမျောက်မင်း၏ လမ်းစဉ်သည် အောင်မြင်မှုရခဲ့သည်ကို တွေ့နိုင်ပါသည်။ မိမိအဆွေတို့ အဖို့ အသက်ကိုစွန့်သည့် ဘုရားအလောင်း မျောက်မင်း၏ လုပ်ရပ်သည် သေသွားသည်အထိ ရှင်ဘုရင် နှင့် မျောက်များအကြားတွင် ရှင်သန်နေသည်ကိုလည်း အာဇာနည်မျောက်မင်းပုံပြင်မှ သင်ရန်စာများရရှိပါသည်။ အဆုံးတွင် မျောက်များအပြင် ရှင်ဘုရင်ကြီးပါ မကောင်းမှုများမှ လွတ်မြောက်ခြင်းရရှိသွားသည်ကို ဤဗုဒ္ဓဝင်ပုံပြင်တွင် တွေ့ရပါသည်။
              ဤအကြောင်းအရာသည် Weaver တင်ပြခဲ့သော Nonviolent Narrative Christus Victor အမြင်တွင် တွေ့ရသော ခရစ်တော်၏ အသေခံခြင်း အပြစ်လွှတ်ခြင်း နှင့် အနှစ်သာရအားဖြင့် တူညီသည်ကို တွေ့နိုင်ပါသည်။ အခြားသော နားလည်မှုဖြင့် ခရစ်တော်၏ အပြစ်လွှတ်ကယ်တင်ခြင်းကို ဖော်ပြမည်ဆိုပါက မြန်မာ့ရေခံမြေခံတွင် နားလည်နိုင်ရန် ခက်ခဲပါလိမ့်မည်။ ရှိနေပြီးသား နားလည်ပြီးသား ဓလေ့ ရိုးရာ ယုံကြည်မှု  အတွင်းမှ ဖော်ပြနိုင်မှသာ အများ နားလည်နိုင်မည် ဖြစ်ပါသည်။ တနည်းအားဖြင့် ခရစ်ယာန်တို့ နားလည်သော ခရစ်တော် မဟုတ်ဘဲ သာသနာပြုများ မဝင်ရောက်လာကတည်းက ခရစ်ယာန်ဘာသာ မရောက်လာခင်ကတည်းက ရှိနေပြီးဖြစ်သော ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကို ပြန်လည် ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် Nonviolent Narrative Christus Victor Theory သည် မြန်မာ့ရေခံမြေခံနှင့် ပိုမိုသင့်လျော်သည်ဟု ဆိုရခြင်းဖြစ်ပါသည်။
         ထို့အပြင် နတ်စားကိုးကွယ်သည့် ဓလေ့ တွင် အသွေးလဲခြင်းBloodshedding  ကိုယ်စားခံခြင်း Scapegoating သည် လူအများ နားလည်နိုင်သော်လည်း ဗုဒ္ဓယဉ်ကျေးမှုတွင် နားလည်နိုင်မည်မဟုတ်ပေ။ Nonviolent Narrative Christus Victor အမြင်တွင် အခြားအမြင်များကဲ့သို့ Scapegoating ကို ဦးစားပေးခြင်းမျိုးမရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မြန်မာခရစ်ယာန်များအနေဖြင့် ခရစ်တော် အသေခံ အပြစ်လွှတ်ခြင်းကို ဤအမြင်ဖြင့် နားလည် လက်ခံပါက မိမိပတ်ဝန်းကျင်တွင်ပါ အများ နားလည်နိုင်မည် ဖြစ်ပါသည်။
         Nonviolent Narrative Christus Victor အမြင်သည် ကျင့်ဝတ်များနှင့်ပါ ဆက်စပ်လျက်ရှိသည်ကို တွေ့ရပါသည်။ အကြမ်းမဖက်သော နည်းဖြင့် အောင်မြင်မှုကိုရယူသည်မှာ ခရစ်တော်အပြင် မာတင်လူသာကင်း၊ ဂန္ဒီတို့ ဆောင်ရွက်အောင်မြင်ကဲ့သော နည်းလမ်းဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ပရိပက္ခ လက်နက်ကိုင် တိုက်ကွဲများကြားတွင် မြေစာပင်ဖြစ်နေခဲ့သော မြန်မာ့ရေခံမြေခံတွင် အဆိုပါ အကြမ်းမဖက်သောနည်းလမ်းဖြင့်အောင်မြင်ခြင်းအမြင်သည် အထူးလိုအပ်သော အမြင်ဖြစ်ပါသည်။ ခရစ်တော်သည် ဘုရားသခင်၏ မေတ္တာနိုင်ငံတည်ထောင်ရာတွင် ကြုံတွေ့လာရသော မကောင်းမှုများကို အကြမ်းမဖက်နည်းဖြင့် အောင်မြင်သကဲ့သို့ ယနေ့မြန်မာ့ရေခံမြေခံတွင်လိုအပ်နေသော နားလည်မှုလည်းဖြစ်ပါသည်။ အဆိုပါအချက်များကြောင့် စာရေးသူသည် Atonement နားလည်မှုများစွာထဲမှ Nonviolent Narrative Christus Victor အမြင်ကို ပိုမို နှစ်သက်ရခြင်းဖြစ်ပါသည်။ မြန်မာ့ရေခံမြေခံတွင်လည်း အဆိုပါနားလည်မှုသည် ပိုမိုသင့်လျော်မည်ဟု ယူဆရခြင်းဖြစ်ပါသည်။

နိဂုံး

      ခရစ်တော် တိုင်တော်ပေါ်တွင် အသေခံခြင်းသည် ခရစ်ယာန်ယုံကြည်မှုတွင် အလွန်ပင် အရေးပါသော ယုံကြည်မှုဖြစ်ပါသည်။ အဆိုပါ ယုံကြည်မှုသည် ယနေ့ခရစ်ယာန်တို့၏ ကမ္ဘာလုံးဆိုင်ရာ အမြင်ကို ပုံသွင်းပုံဖော် နေပါသည်။ သမိုင်းတွင်လည်း အဆိုပါယုံကြည်မှုကို တိုး၍တည်ဆောက်လာခဲ့ပြီး ဘုရားသခင်၏ ဖွင့်ပြခြင်းများကို အဆင့်ဆင့် တိုးတက် လက်ခံလာခဲ့ကြပါသည်။ ၂၁ ရာစုတွင် မည်သည့် သီအိုရီက ဥဿုံမှန်ကန်သည် ဥဿုံမှားသည် ဟူ၍ ဆုံးဖြတ်ရန် မဖြစ်နိုင်တော့ဘဲ မည်သည့်နားလည်မှုက မိမိတို့ရေခံမြေခံတွင် ပိုမိုသင့်လျော်မည် မသင့်လျော်မည်သာ အဓိကဖြစ်လာပါတော့သည်။ ယနေ့ ခရစ်တော်အသေခံခြင်း ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ မည်သည့် နားလည်မှုက ဥဿုံမှန်ကန် မှားယွင်းသည်ဟူသော အမြင့်ဖြင့် မချဉ်းကပ်ဘဲ စာရေးသူတို့ ရေခံမြေခံတွင် မည်ကဲ့သို့ နားလည်ပါက ဘုရားသခင်၏ နိုင်ငံတော် အလိုတော်ကို တိုး၍ ဖော်ဆောင်နိုင်မည် ဟူသော အမြင်ဖြင့် ခရစ်တော်၏ အသေခံခြင်း အပြစ်လွတ်ခြင်း ယုံကြည်မှုကို တိုး၍ တည်ဆောက်ရန်သာ ဖြစ်ပါတော့သည်။

ကျမ်းကိုး

-Allister E McGrath, Christian Theology; An Introduction, 6th ed (Blackwell, 2017)
-Andrew Sung Pak, Triune Atonement (Westminster John Knox Press, 2009)
-Gustaf Aulén, Christus Victor: An Historical Study of the Three Main Types of the Ida of Atonement (London: SPCK,1953)

No comments:

Post a Comment